Wednesday, 5 December 2012

မိုးထိညံတဲ့ ကိတ်ရဲ့ မောနင်းဆစ်ခ်

"မင်းသမီးကိတ် ကိုယ်ဝန်ရခါမှဘဲ ချားစ်မင်းသားကြီး အရေပြားလှီးခံရတော့တယ်"

ခုတလော ယူကေတစ်ခွင်မှာ ၀န်ကြီးချုပ်ကနေ မူကြိုကျောင်းသူကျောင်းသားတွေထိ အုန်းအုန်းကျက်ကျက်  ဖြစ်နေတာကတော့ မင်းသားဝီလျံရဲ့ ကြင်ယာတော် မင်းသမီးလေးကိတ် ကိုယ်ဝန်ရလို့ ကွန်ဂရက်ကျူလေးရှင်း လုပ်နေကြတဲ့ အသံတွေပါဘဲ။  မင်းသမီးကိတ် မော်နင်းဆစ်ခ် ဖြစ်လို့ ဒီဇင်ဘာ သုံးရက်နေ့ ညနေကစပြီး King Edward VII ဆေးရုံမှာ တင်ထားရကြောင်း ယူကေတစ်ခွင်လုံးရဲ့ နန်းညွန့်နန်းလျာလေး သန္ဓေခနေပြီဖြစ်ကြောင်း မင်းသားဝီလျံကိုယ်တိုင်ကလဲ အလုပ်တစ်ဖက် ကြင်ယာတော်တစ်ဖက်နဲ့ ဗျာများနေရကြောင်း ၀ီလျံကောကိတ်ကော အသက် ၃၀ အရွယ်မှာ ကလေးရတော့မဲ့အကြောင်း စတဲ့စတဲ့ လူ့လောကထဲ ၀င်ရောက်လာတော့မဲ့ ရင်သွေးလေးအတွက် ကျားမှန်း မမှန်း မသိ၊ ဖြူဖြူမဲမဲ မကွဲသေးမီကစပြီး ဟော့သတင်း ဘရိကင်းနယူးစ် ဖြစ်နေလေရဲ့။

အခုမှ ကိုယ်ဝန်ရှိနေပြီလို့ သိရခါရှိသေး ယူကေတစ်ခွင်လုံး သူတို့ရဲ့ ထီးညွန့်ထီးလျာလေးအတွက်  အောင်ပွဲခံနေကြလေရဲ့။ အတိုင်းတိုင်းအပြည်ပြည်က လူကြီးမင်းများကလဲ လူမှုရေးအရလား သံတမန်အရလား ဒါမှမဟုတ် တကယ်ဘဲ စိတ်ထဲပါလို့လားတော့ မသိဘူး။ ကွန်ဂရက်ကျူလေးရှင်းတွေ ဇွတ်လုပ်နေကြလေရဲ့။ ပြီးတော့ ရာဂဏန်းအထက်မှာရှိတဲ့ နိုင်ငံတကာက သတင်းထောက်တွေကလဲ ကင်မရာတွေ တကားကားနဲ့ ကိတ်တက်နေတဲ့ ဆေးရုံရှေ့မှာ စုရုံးနေကြလေရဲ့။ ဒီကိုယ်ဝန်အတွက် လူတွေ အတော်လေး အလုပ်ရှုပ်နေကြပါရောလား။ 

စပ်မိလို့ ပြောရဦးမယ်။ သူကြီးမင်းရဲ့ အကိုတစ်ယောက်ဆိုရင် သူကြီးမင်းရွာတစ်ခါပြန်ရင် ကလေးတစ်ယောက်တိုးတိုးနေလို့ နဲနဲတော့ လျော့ကြပါဦးလို့ကို သတိပေးနေရတယ်။ ဘယ့်နှယ် ရှိတဲ့ လယ်ဧကမှ ငါးဧကလောက်ဘဲ ရှိတာ၊ ကလေးတွေက ခုနစ်ယောက်လောက် ဖြစ်နေပြီဆိုတော့ ဒီကလေးတွေအရေး ဘယ့်နှယ်လုပ်ကြပါ့မလဲ။ ဒီကြားထဲ အမြွာက တစ်ပူးပါနေပြန်သေး။ ဒါကြောင့် ရွာပြန်တိုင်း ကလေးတွေကို မြင်တိုင်း ကွန်ဂရက်ကျူလေးရှင်း မလုပ်နိုင်ဘဲ အကိုတို့ စုံတွဲကို ထိန်းထိန်းသိမ်းသိမ်းလေး လုပ်ဖို့ဘဲ သတိပေးနေရတယ်။း)) အခု နန်းညွန့်နန်းလျာလေးလို တစ်ယောက်ရတိုင်း ကွန်ဂရက်ကျူလေးရှင်းသာ လုပ်နေလို့ကတော့ ရွာကအကိုတို့စုံတွဲ ပျော်ပျော်ကြီး ကကြပြီသာ မှတ်ပေတော့။း))

အခုလဲကြည့်။  သတင်းစာ ဂျာနယ် တီဗီ ရေဒီယို ပြီးတော့ လူတွေရဲ့ ပါးစပ်ဖျား။  အားလုံး မင်းသမီးကိတ်ရဲ့ ရင်သွေးလေးအကြောင်းတွေချည်းဘဲ။ ဒါပေမဲ့ ဒီရင်သွေးလေးနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုတိုးလာတာက တကယ်လို့ ကင်းဘရစ်မြို့စားကတော် မင်းသမီးလေးကိတ်က သားသားလေး မွေးဖွားလာရင် အရေဖျား လှီးဖြတ်တဲ့ ရိုးရာကို လိုက်နာကျင့်သုံးမလား ဆိုတာပါဘဲ။ ကလေးကဖြင့် အခုမှ ကလလရေကြည်အဆင့် အစိုင်အမြှုပ်အဆင့်လောက် ရှိဦးမယ်။ အနောက်တိုင်း မီဒီယာတွေကတော့ အလုပ်ရှုပ်ကုန်ကြပြီ။ အဲဒီလို ဟိုလိုစဉ်းစား ဒီလိုစဉ်းစားနဲ့ နောက်ဆုံးတော့ မစပ်မဆိုင် ဝေလမင်းသားကြီး ချားစ်တစ်ယောက် အရေဖျားလှီးဖြတ်ခံခဲ့ရတဲ့ အကြောင်းပါ ပူးတွဲပါလာပြန်ရော။ သူ့ခမျာ မြေးဦးလေး ရမယ်မှာ မကြံသေးဘူး။ သူ့အရေဖျား လှီးဖြတ်ခံနေရသလို ဖြစ်နေပါရောလား။ 

ချားစ်မင်းသားတင်မကဘူး တနွယ်ငင်တစင်ပါ ဖြစ်ကုန်ပြီး ဗြိတိန်တော်ဝင်နွယ် ယောက်ျားတွေ အရေဖျား လှီးဖြတ်ခံကြရရှာတယ်။ သမိုင်းကို တူးဆွတာ ၀ါသနာထုံလေ့ရှိကြတဲ့ အနောက်တိုင်းသား မီဒီယာတွေရဲ့ ရိုက်ချက်ကြောင့် ဗြိတိန်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ဂျော့ဘုရင်(၀မ်း) (၁၆၆၀-၁၇၂၇) လက်ထက်က စပြီး မင်းမျိုးမင်းနွယ်အဆက်ဆက် အရေဖျားလှီးဖြတ် ခံခဲ့ရတာတွေ ပေါ်လာကုန်ရော။ အဲဒီ ဂျော့ဘုရင်ကို ဂျာမနီနိုင်ငံ ဟန်နိုဗာဆိုတဲ့ မြို့ကလေးမှာ မွေးဖွားခဲ့တာတဲ့။ အရေဖျားလှီးဖြတ်တဲ့ အလေ့အထဟာလဲ အဲဒီ ဟန်နိုဗာကနေ သယ်ဆောင်လာတာတဲ့။ ဗြိတိန်ရဲ့ နန်းစဉ်နန်းဆက်တွေမှာလဲ တကွေ့ကွေ့မှာ ဂျူးတွေရဲ့ သွေးသား နဲနဲ နှောခဲ့ဟန်တူပါရဲ့။ အဲဒီအချိန်က ဂျာမနီမှာ ဂျူးတွေက မင်းမူနေကြပုံရပါတယ်။

အဲဒီအချိန်ကထဲက အရေဖျားလှီးဖြတ်တဲ့ ဓလေ့ကို ကျင့်သုံးခဲ့တာဆိုတော့ မင်းသားကြီးချားစ် အလှည့်ရောက်တော့လဲ အလှည့်ကျ မနွဲ့ကြစတမ်းပေါ့။ သူ့ကို ၁၉၄၈ ခုနှစ်မှာ ဂျူးမာစတာတစ်ယောက်က အရေဖျားလှီးဖြတ်ပေးခဲ့တာတဲ့။ (အင်း.. ချားစ်မင်းသားကြီးရဲ့ ပြုံးဖြီးဖြီးမျက်နှာကို မြင်မိတိုင်း မဆီမဆိုင် သူ စာကန်ဆိုက်စ်ဇ် လုပ်ခံခဲ့ရတာကို ပြေးမြင်ယောင်နေမိတယ်။း)) ဒါဖြင့် ချားစ်မင်းသားရဲ့ သားတော်တွေဖြစ်ကြတဲ့ ၀ီလျံတို့ ဟင်နရီတို့ကော အဲဒီလို အရေဖျားလှီးဖြတ်ခံခဲ့ကြရသလား ဆိုတော့။

အဲဒါကိုတော့ မင်းသမီးဒိုင်ယာနာကို ချီးကျူးရလိမ့်မယ်။ ချားစ်မင်းသားကြီးနဲ့ မင်းသမီးဒိုင်ယာနာတို့က မွေးဖွားခဲ့ကြတဲ့ ၀ီလျံနဲ့ဟင်နရီတို့ကိုတော့ အရေဖျား မလှီးဖြတ်ခဲ့ကြဘူးတဲ့။ အနှစ်အနှစ်အလလ မင်းစဉ်မင်းဆက် ကျင့်သုံးလာခဲ့ကြတဲ့ အဲဒီ အရေဖျားဖြတ်လေ့ရှိတဲ့ ဓလေ့ထုံးစံကြီးကို မင်းသမီးဒိုင်ယာနာက ဒုတ်ကနဲ တုံးတိ ဖြတ်တောက်ပစ်ခဲ့တာတဲ့။ ဒါကြောင့်မို့ သူ့သားတော်လေးတွေ မိမွေးတိုင်းဖမွေးတိုင်း ရှိနေနိုင်ကြတာပေါ့။ နို့မဟုတ်ရင် ၀ီလျံနဲ့ဟင်နရီ။ သူတို့လဲ ပြေးလွတ်မဲ့ ပုံမပေါ်ဘူး။ 

အဲဒီလို ရိုးရာကို မကောင်းဘူးထင်လို့ ရပ်စဲခဲ့တဲ့ မင်းသမီးဒိုင်ယာနာအကြောင်းကို စဉ်းစားရင်း ရွှေမြန်မာရဲ့ ရတနာပုံခေတ်က မိဖုရား စုဖုရားလတ်ကို ပြေးသတိရမိတယ်။ မြန်မာမင်း အစဉ်အဆက် စည်းမရှိကမ်းမရှိ မိန်းမယူချင်တိုင်းယူ တော်ကောက်ချင်တိုင်းကောက်ခဲ့ကြတဲ့ ဓလေ့ဆိုးကြီးကို လုံးဝပယ်ဖျက်လိုက်ပြီး တစ်လင်တစ်မယား စနစ် အဖြစ်ကျင့်သုံးစေခဲ့တယ်။ ဒါကြောင့်မို့ မိန်းခလေးတွေ သက်သာရာ ရကြတာ မဟုတ်လား။ စဉ်းစားကြည့်ရင် ကြောက်စရာကြီး။ မိဖုရား လေးငါးဆယ် ယူထားပြီး အလှည့်ကျ ရိုတေးရှင်း စနစ်နဲ့ ဆောင်တော်ကူးတာဆိုတော့ တစ်လနေလို့မှ တစ်ခါ ဆောင်တော်ကူး မခံရရှာတဲ့ မိဖုရားငယ်လေးတွေရဲ့ ဘ၀ စဉ်းစားလို့သာ ကြည့်ကြပေတော့။ သနားစရာ ကောင်းလှပါဘိ။ ဒီကြားထဲ ဟိုဝန်ကြီးနဲ့အထင်လွဲ ဟိုမင်းသားနဲ့ အထင်လွဲ။ အဲဒီလို အထင်လွဲခံရပြီဆိုရင် မစဉ်းစားနဲ့တော့ သေဒဏ်။ ရေနစ်သေမလား။ ဆင်နင်းသေမလားဘဲ။

အဲဒီလို တစ်လင်တစ်မယားစနစ်ကို ဗြုန်းတိုင်းကြီး ကျင့်သုံးရမယ်ဆိုတော့ အသစ်ကျပ်ချွတ် သီပေါမင်းလေး ခမျာ နေမထိ ထိုင်မသာဖြစ်ပြီး တက်တခေါက်ခေါက်နဲ့ စုဖုရားလတ်ကို အသံတိတ်နဲ့ ကျိတ်ဆဲခဲ့ပေါင်း မနည်းခဲ့ဘူး။ ဘယ့်နှယ် ၀န်လေးတွေ ၀န်ပေါက်စတွေမှာတောင် စပယာပတ် မယားငယ်လေးတွေ သုံးလေးဆယ် ရှိသေးတာ။ သူ့လို ဘုရင်မင်းမြတ်မှာမှ စုဖုရား တစ်ယောက်ထဲတဲ့။ ရာဇ၀င်ရိုင်းလိုက်လေပေါ့။ အဲဒီမှာ ရနောင်မောင်မောင်တုတ်က မြှောက်ပင့်ပေး၊ မောင်ဖေငယ်က ပူဇော်ပေးနဲ့ သီပေါမင်းတစ်ယောက် ပုဆိုးမနိုင် ပ၀ါမနိုင်နဲ့ ဒိုင်းခင်ခင် ဇာတ်လမ်းကပါလေရော မဟုတ်လား။ ဒါပေမဲ့ အဆုံးမှာတော့ မောင်မောင်တုတ် မောင်ဖေငယ် ဒိုင်းခင်ခင်တို့ အားလုံး တစ်လင်တစ်မယား စနစ်အောက် အသက်ပျောက်ခဲ့ကြတာဘဲ မဟုတ်လား။ အင်း... ရေးရင်း ဘယ်ကို ချော်ထွက်သွားပါလိမ့်နော်။ ပြန်ကောက်ဦးမှဘဲ။း)

မင်းသမီးဒိုင်ယာနာကို ပြန်စဉ်းစားမိတယ်။ မီဒီယာတွေရဲ့ တင်ဆက်မှုကြောင့်သာ ဒိုင်ယာနာက အရေဖျားလှီးဖြတ်တဲ့ စနစ်ကို ပယ်ဖျက်ခဲ့တာလို့ သိလိုက်ရတယ်။ တကယ်ကော သူ လုပ်ခဲ့ရဲ့လား။ ဒါက မေးခွန်းထုတ်စရာပါ။ ဘာဖြစ်လို့လဲဆိုတော့ အရေးဖျားလှီးဖြတ်တဲ့ စနစ်ကို မုန်းတီးတဲ့ သူတစ်ယောက်က ချားစ်မင်းသားနဲ့ ကွဲပြီးနောက်ပိုင်းမှာ အရေဖျားလှီးခံထားရတဲ့ ဒိုဒီနဲ့ ဆက်လက် နှစ်ပါးသွားခဲ့ကြတာဟာ ဒီနေရာမှာ အားဂယူးမင့်တ် ဖြစ်နေတယ်။ ဒီလို ဆတ်ဘဂျက်တွေမှာ သေချာမပိုင်တဲ့အတွက် ဒီနေရာမှာတော့ မဆွေးနွေးချင်တော့ပါဘူး။ ဘာဘဲဖြစ်ဖြစ် သူသာ အဲဒီစနစ်ကို တကယ်ပယ်ဖျက်ခဲ့တာဆိုရင် အစဉ်အဆက် ကျင့်သုံးခဲ့တဲ့ ရိုးရာစနစ်ကို တွန်းလှန်ပယ်ဖျက်ရဲတဲ့ သူ့ရဲ့ သတ္တိကိုတော့ မချီးကျူးဘဲ မနေနိုင်ပါဘူး။ တကယ် ချီးကျူးမိပါတယ်။ ရှေးထုံးကိုလဲ မပယ်နဲ့ ဈေးသုံးကိုလဲ မလွယ်နဲ့ ဆိုပြီး မြန်မာဆိုရိုးစကား ရှိတယ် မဟုတ်လား။

မင်းသမီးကိတ် အကြောင်းဘက် ပြန်သွားရအောင်။ သူ့မှာ ချစ်မွေးပါပုံရတယ်။ မင်းသားဝီလျံထက် သူ့ကို ပိုပြီး အာရုံစိုက်နေကြတာကို သတိထားမိတယ်။ သူ့ရဲ့ ၀တ်စားဆင်ယင်မှုကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဒီလောက် တစောင်းစီးနဲ့မျက်ချေး ဖြစ်နေတဲ့ ပြင်သစ်သူပြင်သစ်သားတွေတောင် မင်းသမီးကိတ်ကို ၀ိုင်းချစ်နေကြတယ်ဆိုဘဲ။  ပြီးတော့ သူက ချစ်မွေးပါပုံတင်မကဘူး။ ကံမွေးလေးလဲ ပါလာခဲ့ပုံရတယ်။ ပထမတုန်းက ယောက်ျားလေးမွေးမှ နန်းညွန့်နန်းလျာဖြစ်နိုင်တယ်ဆိုတဲ့ ဥပဒေရှိခဲ့တယ်တဲ့။ အခုတော့ အဲဒီဥပဒေကို ပြန်ပြင်လိုက်ပြီး ကျားကျားမမ နန်းညွန့်နန်းလျာ ဖြစ်စေပေါ့။ ဒီတော့ ကိတ်ရဲ့ ဗိုက်ထဲက ကလလရေကြည်အဆင့်လေးမျှသာ ရှိသေးတဲ့ သန္ဓေသားလေးက နန်းရိုက်နန်းရာ လေးခုမြောက်မှာ ရှိနေလေရဲ့။ အဲလိဇဘက်ဘုရင်မကြီး၊ ချားစ်မင်းသား၊ မင်းသားဝီလျံ၊ ပြီးရင် အဲဒီ ကလလရေကြည်လေးပေါ့။

ပြီးတော့ ပြောရဦးမယ်။ ဗြိတိန်ရဲ့ လောင်းကစားမှု အကြောင်း။ တစ်နိုင်ငံလုံး ဘောလုံးလောင်းလိုက်၊ မြင်းလောင်းလိုက်၊ ခရက်ကစ်လောင်းလိုက်၊ ရပ်ဘီလောင်းလိုက်။ လောင်းလိုက်ကြတာ စုံရောဘဲ။ အခုလဲကြည့်။ ကြံကြံဖန်ဖန် ကိတ်ဗိုက်ထဲက ကလေးလေးဟာ အမြွာပူးဆိုရင် ၃၀လေး ၁ လေးတဲ့။ နာမည်ကြီး လောင်းကစားဒိုင်တစ်ခုဖြစ်တဲ့ ၀ီလျံဟီး(လ်)က လောင်းကြေးခေါ်ထားတာ။ နောက်တော့ သူလဲ တစတစ စိုးရိမ်လာဟန်တူပါရဲ့။ လောင်းတဲ့သူတွေက အရမ်းများလာတယ်တဲ့။ ဘာကြောင့်လဲဆိုရင် ကိတ်ရဲ့ မောနင်းဆစ်ခ် ဖြစ်ပုံက အရမ်းဆိုးရွားလွန်းတဲ့အတွက် ကလေးနှစ်ယောက်အမြွာပူးလေး  ဖြစ်နိုင်ချေ များလာလို့တဲ့။ အဲဒါကြောင့် သူ့ရဲ့ လောင်းကြေးကို နဲနဲ လျော့ချလိုက်ပြီး လောလောဆယ် ၂၅လေး ၁လေး ဖြစ်နေလေရဲ့။ 

နောက်ရှိသေးတယ်။ ကလေးရဲ့ နာမည်ပေးတာနဲ့ ပတ်သက်ပြီးလဲ လောင်းကြေး ခေါ်ထားသေးတယ်။ ဖရန့်စ် နှင့် ဂျွန်ဆိုတဲ့ နာမည်တစ်ခုခုအတွက်က ၉လေး ၁လေးတဲ့။ ပြီးတော့ ချားလ်စ်၊ ဗစ်တိုးရီးယား၊ ဂျော့ ဆိုတဲ့ နာမည်တစ်ခုခုအတွက်က ၁၀လေး ၁လေးတဲ့။ နောက်ပြီး တစ်ခုရှိသေးတယ်။ အဲဒါကတော့ တကယ်လို့ မွေးလာတဲ့ ကလေးဟာ မွေးမွေးချင်း အလေးချိန် ၇ပေါင်နှင့်၈ပေါင်ကြားမှာ ရှိနေရင် ၉လေး ၄လေးတဲ့။ ကိုင်း... ဟိုကလေးကဖြင့် အခုမှ အရေကြည်အဆင့်မှာ ရှိသေးတယ်။ ဗြိတိသျှတွေကတော့ လောင်းကြေးတွေ ထပ်ကုန်ကြပြီ။ တော်ကြာ မဟုတ်မှလွဲရော။ မွေးလာတဲ့ကလေး အလောင်းအစား အပျော်အပါးမက်လာမယ်ဆိုရင်တော့ သူတို့ရဲ့ ဗြိတိန်အင်ပါယာကြီး အကြွေးစာရင်းတွေ လိုက်မှတ်ရပြီသာ မှတ်ပေရော့ ဖြစ်နေဦးမယ်။

အော်... ဘာမှ မကြာလိုက်သလိုပါဘဲလား။ သူတို့ မင်္ဂလာဆောင်ခဲ့ကြတာ မနေ့တနေ့ကလို့ ထင်နေတုန်း ရှိသေးတယ်။ ကလေးရတော့မယ်တဲ့။ သူတို့မင်္ဂလာဆောင်တုန်းက အမှတ်တရအဖြစ် နှင်းဆီမှတ်တမ်းဆိုတဲ့ ပို့စ်လေး တင်ဖြစ်ခဲ့တာကို အမှတ်ရနေမိတယ်။ အခုလဲ တခုတ်တရ ဒီပို့စ်ကို တင်နေမိပြန်ပြီ။ ဘ၀ရထားကြီးက ဒီလိုဘဲ ခပ်မြန်မြန် မောင်းခုတ်နေလေရဲ့။ သံသရာရထားကြီးလဲ သူ့တာဝန်သူ ထမ်းဆောင်နေဆဲ။ ဒီရထားတွေပေါ်မှာ ကန့်လန့်ကန့်လန့် လိုက်ပါနေကြတဲ့ သူကြီးမင်းတို့သာ ဘယ်ကမ်းဘယ်သောင် ဘယ်ချောင်ဘယ်ကြား ဆက်လက်ပါသွားလေဦးမလဲဆိုတာကိုသာ။ ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)
...

22 comments:

  1. သူကြီးမင်းရဲ့ အစ်ကို့ကို ကွန်ဂရက်စ်လုပ်ပါတယ်လို့ :P
    သူကြီးမင်းကိုလည်း ချားစ်မင်းသားကြီးနဲ့အတူ ကွန်ဂရက်ကျူလေးရှင်းလုပ်ချင်တာ ရင်ထဲက မှန်ကန်တဲ့စကားပါ။
    မိုးထိညံတဲ့ ကိတ်ရဲ မောနင်းဆစ်ခ်လေးဖတ်ပြီး မင်းသမီးဒိုင်ယာနာနဲ့ပတ်သက်တဲ့ စာအုပ်လေးပြန်ရှာ ဖတ်မိလေရဲ့း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. မနေ့ညက ဒီသတင်းကြည့်ပြီး ရေးစရာလေးတွေ ခေါင်းထဲပေါ်လာတာ ခုတော့ တဂျီးမင်းက ဦးသွားပါပေါ့... ဟီး...း) ဒါမယ့် တဂျီးမင်းရေးတာ ပိုဖတ်လို့ ကောင်းတယ်...

    အင်း... ကိတ် တစ်ယောက် ကလေး ရတာ တကမ္ဘာလုံး ရုတ်ရုတ်သဲသဲ... အဲ့အချိန်နဲ့ တပြိုင်တည်းမှာပဲ... ပိုက်ဆံ မရှိသေးလို့ ကလေး မလိုချင်ပဲ ရလာပြီး စိတ်ညစ်နေတဲ့သူတွေ ဒါမှမဟုတ် အဖေ မပေါ်ပဲ ကလေးရလို့ ဘာလုပ်ရမှန်း မသိတဲ့ မိန်းခလေးတွေ ကမ္ဘာပေါ် ဘယ်နှယောက် ရှိနေကြမလဲလို့...

    ဗိုက်ထဲက ကလေးကံ ဆိုတာ သူ ဟို ဘ၀ ပြုခဲ့တဲ့ ကံတွေကိုးနော်.... ဆိုတာ ညက တီဗွီသတင်းကြည့်ရင်း တွေးမိတွေးရာ....

း)



    ReplyDelete
  3. သူကြီးမင်းပို့စ်လေးကို စိတ်ဝင်တစားဖတ်သွားပါတယ် ။
    စကားမစပ် သူကြီးမင်းအကိုစွမ်းသလောက် သူကြီးမင်းက
    ဘာကြောင့်များ....ဘာကြောင့်များ....အတွေးများသွားတယ်ဗျာ ။

    ReplyDelete
  4. သူကြီးမင်းလဲ မြန်မြန်ရှာတော့နော် ကွန်ဂရက်ကျူလေးရှင်းလုပ်ချင်လို့ ။

    ReplyDelete
  5. ကိတ်ကို ချစ်တဲ့သူထဲမှာပါလို့ လာဖတ်သွားပါတယ်ရှင် :)

    ReplyDelete
  6. အားအားယားယား နိုင်လိုက်ကြတာ။
    ယောင်္ကျားနဲ.မိန်းမ မင်္ဂလာဆောင်ပြီးလို. ကလေးမွေးတာ တကယ်တော. ဘာမှမထူးဆန်းဘူး။

    ReplyDelete
  7. နှောင်ကြိုးလေးတစ်မျှင်တော့ တိုးလာတဲ့သဘောပေါ့
    လေ....၊ဘာပဲပြောပြော လာခြင်းကောင်းသော လူကလေး
    ကို ဝမ်းမြောက်စွာကြိုဆိုပါရဲ့ဗျာ....။

    ReplyDelete
  8. တစ်ကယ်ဖတ်လို့ ကောင်းတယ်အကိုရေ... ကံအား များနော် သူတို့ဘဝတွေများ အားကျစရာကြီး.... အဟိး ဒရွတ်တိုက် လိုက်ပါနေတဲ့ အဖွဲ့ကြိးကတော့ ..အကိုတစ်ယောက်ထဲ ဟုတ်မယ် မထင်ပါဘူးလေ... :))) အားမငယ်ပါနဲ့ အကို ..:D

    ReplyDelete
  9. ကွန်ဂလက်....ကွန်ဂယက်မှာ ၀ဲသြဃမှာမျောနေရှာတဲ့ သူဂျီးမင်းအကိုရဲ့အစွမ်းတွေကို သူဂျီးမင်းက တ၀က်ခွဲဝေယူစေသတည်း....တူတူမလေးတွေကို စောင့်ရှောက်ဖို့တာဝန်ယူခိုင်းတာနော်...သဂျီမင်း တလွဲတွေးနေမှာစိုးလို့...

    သဗ္ဗေသတ္တာ ကံမဿကာပေါ့ နော...သဂျီး...
    ခင်မင်တဲ့
    seesein

    ReplyDelete
  10. ကွန်ဂလက်....ကွန်ဂယက်မှာ ၀ဲသြဃမှာမျောနေရှာတဲ့ သူဂျီးမင်းအကိုရဲ့အစွမ်းတွေကို သူဂျီးမင်းက တ၀က်ခွဲဝေယူစေသတည်း....တူတူမလေးတွေကို စောင့်ရှောက်ဖို့တာဝန်ယူခိုင်းတာနော်...သဂျီမင်း တလွဲတွေးနေမှာစိုးလို့...

    သဗ္ဗေသတ္တာ ကံမဿကာပေါ့ နော...သဂျီး...
    ခင်မင်တဲ့
    seesein

    ReplyDelete
  11. သကြီးမင်း ကတော့ အားဘဲကျနေတာလား စိတ်ဘဲညစ်နေတာလား သကြီး လည်း ကျိုးစားပါ စစ နဲ့ လောင်းချင်လို့ ဟီးဟီး

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  12. ဘယ်ကမ်းဘယ်သောင် ဘယ်ချောင်ဘယ်ချားကိုများ သွားချင်သေးတုန်း သူကြီးမင်းရဲ့
    ကိုယ့်မှာဖြင့် ဘာအဖြစ်မှလည်း ရှိတာမဟုတ်ဘဲး))။

    သူကြီးရဲ့ ပိုစ့်နဲ့အတူ
    အပေါ်က မစုချစ်လား ကိုစုချစ်လား ရေးထားတဲ့ ကွန်မန့်လေးကိုပါ သဘောကျမိရဲ့ဗျာ။


    ( မင်းဧရာ )

    ReplyDelete
  13. အောင်မြလေး ကလေးတောင်အလွတ်မပေးဘူး လောင်းတာ လောင်းတာ >.<

    ReplyDelete
  14. ဘာလိုလို နဲ့ နောက်ထပ်မင်းသား(သို့)
    မင်းသမီးတပါးတိုးဦးမဲ့သဘောပေါ့

    ReplyDelete
  15. မောင်မျိုးThursday, 6 December 2012 at 03:13:00 GMT

    သူကြီးကတော်တော် သုတေသန ပြုထားတာပဲး)

    သူတို့တွေများ ပိုကိုပိုလွန်းပါတယ် ကျနော်တို့များတော့ အိမ်ပြန်တိုင်း သူကြီးလို တူ တူမတွေ တိုးတိုးလာလို့ ကြည့်ကျက်လည်းနေကြပါအုံးဗျာ လက်ဆောင်ဝယ်ရတဲ့သူတောင် အယောက်မစေ့ချင်တော့ဘူးလို့ပြောယူရတဲ့အဖြစ် ။

    ReplyDelete
  16. အနောတို့ ငြင်းခုန်ရအောင် ဘရားသား သူကြီးမင်းလဲ ကြိုးစားပေးပါလားး :D


    ~ Kk ~

    ReplyDelete
  17. သူဂျီးမင်းနေတဲ့ တိုင်းပြည်က အတော်လောင်းကစားကြိုက်တဲ့ တိုင်းပြည်ပါလားနော်...
    ကလေးမွေးတာတောင် လောင်းကြေးထပ်ရတယ်လို့...း)
    ကိတ်တို့ရဲ့ကလေးတွေကလည်း မမွေးခင်ကတည်းက ကံကောင်းလိုက်ကြတာ... တစ်ချို့တွေဘဝများတော့ မွေးတာတောင် လူမသိသူမသိ..
    ဘဝကံချင်းကလည်း ကွာတာကိုးနော်.

    ReplyDelete
  18. အောင်ညလေး..ဘိလပ်သားတွေ လောင်းကြေးထပ်ကြပုံက အံ့ရောဗျို့ ..း)

    ReplyDelete
  19. Duchess hoax callဆိုပဲ။
    ဇတ်လမ်းက ဆက်လာပြီ။
    ပိုစ့်တစ်ပုဒ် တက်လာရင်တော့ ဖတ်ရအုံးမှာပဲ။

    ReplyDelete
  20. နာတို့ တဂျီးမင်းကတော့ ဘာပဲရေးရေးကောင်းတာပဲနော်
    ဒါထက် ကိတ်တို့အကြောင်းကနေဆက်စပ်လို့ တခြား
    အကြောင်းတွေလဲရေးထားတာစုံလို့ပါလား...
    မိုးနတ်မသိသေးတာတွေလဲ သိရလို့ ကျေးဇူးတင်မိတယ်
    ဟုတ်ပါ့..ဘိလပ်သားတွေများ လောင်းကြေးထပ်စရာရှားလို့ ကလေးတောင် အလွတ်မပေးကြပါလားနော်...
    တဂျီးမင်း.. ကံဇာတာတွေတက်လာတော့မှာပါ..
    များများမဟုတ်ပါဘူးနော်...၃မိနစ်ပဲစောင့်..ဟိ..ဟိ
    ခင်တဲ့..မိုးနတ်

    ReplyDelete
  21. ကူးကူးလှိုင်Friday, 14 December 2012 at 09:45:00 GMT

    သူကြီးမင်းတင်ပေးလို့ ကိတ်အကြောင်းဖတ်ပြီး ခေတ်မှီသွားပြီ ...

    ReplyDelete
  22. Howdy! I know this is somewhat off topic but I was wondering if you knew where
    I could get a captcha plugin for my comment form? I'm using the same blog platform as yours and I'm having problems finding one?
    Thanks a lot!

    Review my web site :: wargaming.by

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။