Saturday, 16 June 2012

ပန်းခူးလက်


ပန်း။
 ကျားရဲ သားဆိုး
ငှက်ဆိုး မြွေသွမ်း
နွယ်ငန်း ရစ်မြုံ
ရဂုံ တောသိုက်
ပြိန်းပြိန်းမိုက်။

မြိုင်မင်းသေလာ
ထိုဝနာလယ်
ပွင့်ထူးကြွယ်သည့်
နုနယ်လန်းဆန်း
ငြိမ်းချမ်းပန်း။

ငွါးငွါးစွင့်စွင့်
တင့်တင့်တယ်တယ်
သွယ်သွယ်လှလှ
ပပ၀င်းဝင်း
သူ့အဆင်း။


ခူးလက်။
 မိုးဒဏ် လေဒဏ်
နေဒဏ် မီးဒဏ်
ဆူးဒဏ် စူးဒဏ်
ကြံ့ကြံ့ခံ၍
အားမာန်အပြည့်
သူ့အကြည့်။

 ဆယ်စု နှစ်ခု
ရတု လွန်ကာ
ချိန်ကြာညောင်းညောင်း
ရာသီပြောင်းလဲ
မပြောင်း စိတ်စဉ်
သူ့စိတ်တွင်ဝယ်
သွင်သွင် မေတ္တာ
ရှေးရှုကာဖြင့်
ဖျားနာ ကပ်ငြိ
စိတ်နွမ်းရိလည်း
သတ္တိပြောင်ပြောင်
ခူးဆွတ်အောင်သည်
အမှောင်ကုန်ဆုံး
အလင်းချုန်း...

အရှုံးမဖက်
ပန်းခူးလက်။

အမုန်းမစွက်
ပန်းခူးလက်။

အပြုံးမပျက်
ပန်းခူးလက်။


ဂုဏ်ပြုသင့်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးမည်၏။ (မင်္ဂလသုတ်)


.

14 comments:

  1. စိတ်တွေကြည့်နေတယ်ထင်တယ်..
    ကဗျာတွေတောင် နုလို့..
    အင်္ဂလန်နိုင်ပွဲဆက်နေလို့များလား :D

    ReplyDelete
  2. သူကြီးမင်းလဲနုတတ်တာပါဂလားးးး :)
    ပန်းပျိုးလက်နဲ့ပန်းခူးလက်
    သိပ်တော့အကွာကြီးမှုတ်ပေါင် :P

    လေးစားလျှက်
    မိစံ

    ReplyDelete
  3. အဲလိုနုနုလေးတွေရေးတတ်တဲ့သဂျီးကိုတွေ့ဖူးချင်တယ်

    ReplyDelete
  4. အခုတလော ကဗျာဘက်လှည့်နေတယ်
    ဆိုပါတော့

    ReplyDelete
  5. တဂျီး ခုတလော ကဗျာတွေ နုနေပါလား..ရေးတတ်သူတွေကို အားကျတယ်..ကိုယ် မရေးတတ်လို့ ...

    ReplyDelete
  6. မင်္ဂလာတစ်ပါးပါပဲဗျာ... နုနယ်လန်းဆန်း ငြိမ်းချမ်းပန်း လေး ကတစ်ပိုဒ်... အရှုံးမဖက် ပန်းခူးလက်က တစ်ပိုဒ် ကြိုက်မှကြိုက်...

    ReplyDelete
  7. အရမ်းနုနေပါ့လား သူကြီး။

    ReplyDelete
  8. ပထမတစ်ပုဒ်ကို ပိုကြိုက်တယ်သူကြီး...ရထားပြေးစပ်နည်းဆန်ဆန် စပ်ထားတာ...ရထားပြေးအစစ်ဆိုရင်လည်း သိပ်ဖတ်လို့မကောင်းဘူး...အခုလို အဆင်ပြေအောင်စပ်ထားတာ ပိုအရသာရှိတယ်...ကဗျာတွေ အတော်ရေးဖြစ်နေတာ အားကျသဗျို့...ကျွန်တော်တော့် ကဗျာဉာဏ်တွေ ဝေါင်ဝေါင်ရှေးနေတာ လိုက်ဖမ်းလို့ မမိလွန်းတာနဲ့ ဒီအတိုင်း ထိုင်ကြည့်နေလိုက်ရတယ်...

    စကားမစပ် ၀ဲလ်ဘက်ခ်ကိုတွေ့ရင် မေးစမ်းပါသူကြီးရာ...ဆွီဒင်နဲ့ပွဲတုန်းက သူသွင်းတဲ့ဂိုးက သွင်းတာလား၊ ခြေထောက်နဲ့ ဆွဲထိန်းရင်း ဂိုးထဲဝင်သွားတာလားလို့း) ဘာပဲပြောပြော ကိုယ့်အသင်းသားက နိုင်ဂိုးသွင်းသွားတာတော့ ကျေနပ်သဗျ....

    Lose or win my team ပေါ့ဗျာ ဟုတ်ဖူးလားး)

    ReplyDelete
  9. သကြီးမင်း ရဲ့

    ကဗျာလေးနဲ့ ထပ်တူ ကျွန်တော်တို့လည်း ဂုဏ်ယူ လိုက်ပါတယ်။

    ReplyDelete
  10. တယောက်သောသူကို ဂုဏ်ပြုတဲ့အနေတဲ့ အမှတ်တရထားတဲ့ကဗျာလေးလို့ ယူဆပါတယ် တဂျင်းမီး

    ပုံ
    အလွန်တော်သော ပိစိ

    ReplyDelete
  11. မြတ်နိုးမိတဲ့လက်ဆူးရှိလျက်လည်းခူးချင်တာပါပဲဗျာ...

    ReplyDelete
  12. ကဗျာလေးဖတ်ပြီး နောက်
    အောက်ဆုံးက မင်္ဂလသုတ်က စာလေးကိုပါ ဖတ်လိုက်ရတဲ့အခါ စာရေးသူရဲ့ ကဗျာနောက်ကွယ်မှာ တွေးလိုရာတွေးဖို့ မြုပ်ပေးထားတဲ့ မြုပ်ကွက်လေးကို တွေ့သွားသလိုပဲ။

    လေးစားစွာဖြင့်
    မြတ်ပန်းနွယ်

    ReplyDelete
  13. ကဗျာထဲက ပန်းပွင့်ကလေးက နုနယ်ပေမယ့် ရဲရင်တယ်။ ရေးထာပုံလေးက သိုသိပ်တယ် လှတယ်။

    ReplyDelete
  14. မှန်တာပေါ့ တဂျီးမင်းရေ။ 'ဂုဏ်ပြုသူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးမည်၏' တဲ့။ တဂျီးမင်းရဲ့ ကဗျာလေးကိုလည်း ဂုဏ်ပြုသွားပြီနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။