Wednesday, 11 January 2012
"သပြေညို"ကို ငိုစေခဲ့တဲ့ ကျနော့်ကဗျာများ
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၆၄ နှစ်မြောက် သို့မဟုတ် ဆရာမင်းသုဝဏ် သပြေညိုကဗျာကို ရေးပြီး ၇၄ နှစ်တိတိ ပြည့်မြောက်တဲ့နေ့မှာ ကျနော် ကဗျာတစ်ပုဒ် စပ်ပြီး ဘလော့ပေါ် တင်ပေးခဲ့ပါတယ်။ ကဗျာနာမည်လေးက "အစာမျှော်ငါးပိရည်ဖွဲ့ကဗျာ"တဲ့။ အဲဒီပို့စ်ရဲ့ အောက်မှာ ကွန်မင့်တွေ အသီးသီးပေးကြပါတယ်။ မေဓာဝီက "သပြေညို ကဗျာတစ်ပုဒ်နဲ့ လုပ်စားပေါင်းများနေပြီနော်"တဲ့။ ပြီးတော့ ကိုရင်ကလဲ "သပြေညိုနဲ့ ကစ်နေတာ များနေပြီနော်"တဲ့။ မြစ်ကျိုးအင်းကလဲ "သပြေညိုလဲ သဂျီးနဲ့တွေ့မှ ပုံစံအမျိုးမျိုးပြောင်းရတော့တယ်"တဲ့။ ကျနော့်လုပ်ရပ်တွေကို သူတို့ တော်တော်လေး သဘောပေါက်သွားကြပြီကိုး။ ဟုတ်ပါ့ ကျနော်လဲ သပြေညိုလေးနဲ့ ပို့စ်တွေ မွေးဖွားပေးခဲ့တာ အတော်လေး များလာခဲ့ပြီကော။
သပြေညိုလေးကို ဘေးမှာချထားပြီး သူနဲ့ အစပ်တူကဗျာမျိုးလေးတွေ ပြုစုပျိုးထောင်လာခဲ့တာ အခုမှ မဟုတ်။ ဟိုး ရှေးပဝေသဏီကထဲက ဖူးဖူးမှုတ် ပြုစု ပျိုးထောင်လာခဲ့တာကလား။ ဒီလိုနဲ့ မှတ်မှတ်ရရ သပြေညို ကိုယ်ပွါးလေးတွေကို ကျနော့်ဘလော့ပေါ် ပြန်ရှာဖွေမိခဲ့တယ်။ တွေ့ပါလေပြီ။ ကျနော့် ဘလော့ပေါ်မှာ ငါးပုဒ်။ ဟို ကက်စမင်းမွေးနေ့တုန်းက သူ့ဆီမှာ သွားမန့်တာက တစ်ပုဒ်။ စုစုပေါင်း ခြောက်ပုဒ်။ အဲ.. နောက်တစ်ပုဒ် ကျန်သေးတယ်။ မေဓာဝီဆီမှာ သွားမန့်ထားတာ။ ကွန်မင့်မှာ သူ ပြန်လာပြောမှ အမှတ်ရမိသွားတယ်။ အဲဒီလို အဲဒီလို လက်ဆော့ခဲ့တာ ကလား။ ဆိုတော့ကာ.. စုစုပေါင်း ခုနစ်ပုဒ်ပေါ့။
ဟိုယခင်တုန်းကတော့ ကိုယ်ပိုင်ပန်းချီပညာနှင့်ဓါတ်ပုံပညာ အားနည်းနေသေးတဲ့အတွက် ပုံများကို ဂူဂဲလ်ကနေပြီး ခိုးယူလေ့ရှိပါတယ်။ အခုတော့ ထိုပညာရပ်များကို တစ်ဘက်ကမ်းခတ် တတ်မြောက်ခဲ့ပြီမို့ ကိုယ်တိုင်ရေး ပန်းချီများ ကိုယ်တိုင်ရိုက် ဓါတ်ပုံများဖြင့် ကျနော့်ဘလော့ပေါ်မှာ ဝေေ၀ဆာဆာ တင်ပြနိုင်ခဲ့ပါပြီ။ ကျနော့်ရဲ့ ပန်းချီလက်ရာကို ကြိုက်နှစ်သက်ကြတဲ့သူတွေလဲ မနည်းပါဘူး။ ဥပမာ "အစာမျှော်ငါးပိရည်ဖွဲ့ကဗျာပို့စ်"မှာ တင်ခဲ့တဲ့ ငါးပုံ ပန်းချီကားမျိုးလိုပေါ့။ အတော်များများ ချီးကျူးကြပါတယ်။ အဲဒီလို ချီးကျူးသံကြားရတော့ ကျနော် ကြိုးစားခဲ့ရကျိုး နပ်တာပေါ့။ မဟုတ်လား။း)
ကဲ.. သပြေညို ကိုယ်ပွါးလေးတွေကို နေရာ ပေးလိုက်ကြဦးစို့ရဲ့။ ပထမ ကဗျာက ဆရာမင်းသုဝဏ်ရဲ့ သပြေညို အစစ်။ နောက်ဟာတွေအားလုံးကတော့ ကျနော့် လက်ရာ သပြေညို အတုလို့ဘဲ ဆိုကြပါစို့ဗျာ။း)
သပြေညို
သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို။
တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။
မင်းသုဝဏ်
အင်္ဂလန် (၁၉၃၈) ဇန်န၀ါရီလ ၄ ရက်
.
ချစ်မှတ်တိုင်
သူ စိုက်ခဲ့တဲ့ ချစ်မှတ်တိုင်
ငါ စိုက်ခဲ့တဲ့ ချစ်မှတ်တိုင်။
တူကိုင်ကာ တူပြိုင်စိုက်ပါတဲ့
ချစ်မှတ်တိုင် ပြိုင်စံရှားရယ်က
ကြွားကြွားဝံ့ဆိုင်။
လေ အသော့မှာလ
သွေတော့မကွဲ့ဟန်ကိုပြင်
သူမြင်ချက်က ဆန်း။
တစ်လွဲဓိပ္ပါယ်
မကွဲ ကွဲအောင်ဖန်ပြီထင့်
သူ့ထံမှာ သူ့မာန်ဟပ်ပါလို့
ချစ်မေတ္တာ ပစ်ခွါရက်ဝံ့အောင်
မှတ်တိုင်ကို ဆွဲကိုင်လှဲချတယ်
သဲနင့်အောင်လွမ်း။ ။
 (၂၂.၂.၂၀၁၀၊ တနင်္လာနေ့)
.
ကညာပျို
ရွှန်းလဲ့ပါတဲ့ ကညာပျို
လွမ်းဖွဲ့ပါတဲ့ ကညာပျို။
သူ့မူယာ ကြူကာလျှမ်းပါတဲ့
ကညာပျို ပျိုစင်ဖျန်းကိုလ
နမ်းရှိုက် ရင်ဖို။
လှမ်းအပွေ့ မှာလ
ဆန်းအတွေ့ကြောင့် ဘ၀င်ပျော်
တွေးခေါ်မိ စိတ်မှန်း။
ဆွေ့မြူးစရာ
တွေ့ထူးမှာ ဟန်မာယာနဲ့
ပျို့ အချွဲမှာ ကိုယ့်သဲလှိုက်သမို့
ယှဉ်တွဲကာ ကြင်ဆဲမောင်နှံသို့
ကညာပျို ဇရာအိုဆုံးထိအောင်
မမုန်းကြစတမ်း။
 (၇.၃.၂၀၁၀၊ တနင်္ဂနွေနေ့)
.
ကိုကိုမောင်
ပျင်းနေပါတဲ့ ကိုကိုမောင်
ဖျင်းနေပါတဲ့ ကိုကိုမောင်။
ဟိုချောင်မှာ ဟိုကောင်များရယ်နဲ့
ကိုကိုမောင် အိုအောင်ပျင်းလောက်တယ်
မြင်းမို့ရ်နတ်တောင်။
ဘလော့လေးကိုလ
သော့ရေးမကွဲ့ စုတ်တံတင်
ရုပ်သွင်က အလန်း။
ပျင်းစိတ်ရယ်ပို
ကင်းလိပ်လို ဟန်ပိုပိုနဲ့
အမ်အေကို ကြံစည်လိုက်ပုံက
ဘိလပ်မှာ သိမှတ်လောက်ပါရဲ့
ကိုကိုမောင် ပျိုပျိုရှောင်လို့ရယ်
အောင် နိမိတ်မှန်း။ ။
 (၆.၈.၂၀၁၀၊ သောကြာနေ့)
.
မေဓာဝီ
မေဓာဝီ
တွေးနေပါတဲ့ မေဓာဝီ
ရေးနေပါတဲ့ မေဓာဝီ။
ဝုလ်ဖ်ပြည်မှာ ခုနေပါတဲ့
မေဓာဝီ မြန်ပြည်ဘွားရယ်က
ဟားတိုက်လို့ရီ။
ပျို့ကဗျာကိုလ
တို့စရာလို ငါးပိနှော
ရယ်မောဖို့ ဖန်တီး။
ချက်နည်းမျိုးစုံ
လက်နှီးတို အဖုံဖုံနဲ့
အစုံစုံ သူပုံချက်ပါလို့
ကျက်သမျှ မပျက်ရလေအောင်
မေဓာဝီ အပီစားလို့ရယ်
ဖျားတဲ့ ဖက်တီး။ :D
(၁၇.၈.၂၀၁၀ အင်္ဂါနေ့)
.
ဒီဇင်ဘာ
မယ်ရို့စ်တဂ်တဲ့ ဒီဇင်ဘာ
ကန်ဒီတဂ်တဲ့ ဒီဇင်ဘာ။
တို့မြေက ပျို့မေတွေ တဂ်ပါတဲ့
ဒီဇင်ဘာ ကြည်ရွှင်စရာများရယ်က
ဆားချက်ဖို့ လာ။
ထိမခံ စိတ်နဲ့
အမိစံရယ် နှိပ်လိုက်ပြန်ပေါ့
ဟန်မော့မော့ အတွေး။
ဘဘအမျှော်
လှလှရယ် ပေါ်မလာတာကြောင့်
ဘိုးတော်လို မိုးမျှော် ကြည့်ကာပ
ပုတီးစိပ်ကာ ထီးရိပ်မှာ ခိုရအောင်
ဒီဇင်ဘာ ကြည်လင်ရာ များရယ်နဲ့
နား ကြစို့လေး။
(၂၄.၁၂.၂၀၁၁၊ စနေနေ့)
.
စံပယ်ချို
ဘလော့ရေးတဲ့ စံပယ်ချို
အသော့ပြေးတဲ့ စံပယ်ချို။
မွေးနေ့မှာ ထွေးပွေ့စရာ ရှားပါတဲ့
စံပယ်ချို မယ်အိုဘွားကိုလ
သနားလျှက် ရင်ဖို။
လာမချော့လေနဲ့
အသာမော့မကွဲ့ သေရည်ကို
ဝိုင်ချိုနဲ့ အမြည်း။
ချစ်ကြင် အဖော်
ချစ်လင်ရယ် ပေါ်မလာလို့
ကြင်ဖော်ကို ရည်မျှော်လွမ်းကာပ
မွေးနေ့မှာ ဆွေးမြေ့မနွမ်းရအောင်
စံပယ်ချို မယ်အိုဖျန်းရယ်နဲ့
လန်းကြစို့လေး။
(၂၇.၁၂.၂၀၁၁၊ အင်္ဂါနေ့)
ငါးပိရည်
ဟိုအိမ်မှာတဲ့ ငါးပိရည်
ဒီအိမ်မှာတဲ့ ငါးပိရည်။
တို့ပြည်က တို့အဆွေ ပို့ခဲ့ပါတဲ့
ငါးပိရည် အအီပြေလေးကိုလ
လွေးလျက်ကာနေ။
အငတ်မထားလေနဲ့
တတ်အားသမျှ အရည်ကျို
ရည်ချိုက အမွှေး။
ဟင်းချက်အဖျော်
ထမင်းထက်မှာ နံစော်စော်နဲ့
ငါးပိဖျော်ကို ငတိဆော်လိုက်တာက
အဆောင်မှာ ငမောင်ပျော်ရအောင်
ငါးပိရည် အသိဆွေများရယ်နဲ့
စားကြစို့လေး။
 (၄.၁.၂၀၁၂၊ ဗုဒ္ဓဟူးနေ့)
.
21 comments:
  1. ကော်ပီ
    ကော်ပီ ကိုကိုမောင်
    အင်မတန်ကော်ပီတဲ့
    အကိုမောင်...
    :P
    ReplyDelete
  2. ဆရာမင်းသုဝဏ် သုဿာန်ကထပြီး ဒုတ်ကောက်နဲ့ လာရိုက်တော့မှာပဲ။ အတော်ဆော့တဲ့ သဂျီး။
    ReplyDelete
  3. ဟဟ.. အဲ့သပြေညိုက အဲ့လို ရာဇ၀င်နဲ့ကိုး..
    ဘာဖြစ်ဖြစ် ကဗျာထဲမှာ ကန်ဒီ့နာမည်ပါတယ်.. ဟိဟိဟိ ပျော်လိုက်တာ ;P :P :P
    ReplyDelete
  4. ဟွင်း...တဂျီး....ပြောကာမှ သပြေညိုနဲ့ လုပ်စားတွားပြန်
    ဘီ.....:Pစတာ....။ဘာပဲပြောပြောကျွန်တော်တို့ဆို အဲ့လို
    တောင်လုပ်မစားတတ်ဘူးရယ်.......
    ReplyDelete
  5. တဂျင်းမီးရဲ့ သမိုင်းတွင်မဲ့ 'သပြေညို' ခံစားရင်း
    ကဗျာပေါင်းချုပ်လေး အားပေးသွားတယ်။
    ကိုကိုမောင် ဆိုတဲ့ ကဗျာလေးက ကောင်းမှကောင်းး))
    ကိုကိုမောင် ပျိုပျိုရှောင်ရင်း အိုအိုဆောင်သွားမှဖြင့် :P
    ကဗျာစပွန်ဆာလုပ်ရင် လက်တို့လိုက်အုံးနော် ဟိဟိ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  6. ခေတ်ကိုက သပြေညိုခေတ်ကိုးဗျ..နော့
    ခေတ်လေးကောင်လေး လုပ်ထားဟဲ့.. :D
    ReplyDelete
  7. ကိုကိုမောင်တဲ့ တော်တဲ့နေရာနှစ်ယောက်မရှိ
    စံပယ်ချို
    ဘလော့ရေးတဲ့ စံပယ်ချို
    အသော့ပြေး ကာဖတ်ခဲ့ပေါ့ကိုကိုမောင်ရေ-------
    ReplyDelete
  8. ကဗျာတစ်ပုဒ်ကို ဒီလို အထပ်ထပ်ပွားပြီး ခံစားနိုင်တဲ့ အနုပညာ
    သူဂျီးမင်းဆီမှာ အပြည့်ပါလားနော်
    ချီးကျူးပါရဲ့ အကြောင်းအရာ မထပ်အောင်ကို ရေးနိုင်တယ်။
    ငပိရည်ကဗျာလေးတော့ အကြိုက်ဆုံးပဲ
    ဘာလို့ဆိုတော့ ဖတ်နေရင်းနဲ့ ငပိရည်နံ့ပါ ရလာသလိုလို ခံစားလိုက်ရတယ်။
    အတို့အမြုပ်သွားရှာဦးမှ :P
    ReplyDelete
  9. ခင်မင်ရပါတဲ့ ကိုကိုမောင်
    ကဗျာတွေကို ကောင်းအောင်ရေးကာပ
    လာလည်ကြ များသူငါ
    ဘုန်းဘုန်းလည်းပါ...
    ReplyDelete
  10. ဘာပဲပြောပြော.. ကဗျာဥာဏ်ဖျင်းလွန်းတဲ့ ကျွန်တော့်အတွက်တော့ တကယ့်ကို ဖတ်လို့အင်မတန်ကောင်းတဲ့ ကဗျာလေးတွေပါပဲ... သူကြီးရေ..း))
    ခင်မင်လျက်
    နေ၀သန်
    ReplyDelete
  11. ခွိခွိ . .
    သူတို့ ပြောတဲ့ အတိုင်းပဲ။
    ReplyDelete
  12. သဂျီး မေ့တတ်လိုက်တာ ဒီမှာ တပုဒ်ရှိသေးတယ်။
    http://maydar-wii.blogspot.com/2010/08/blog-post_17.html ဒီပို့စ်မှာ လာမန့်ထားတာလေ ... ဟွန်းဟွန်း ... ကျန်နေမှာစိုးလို့ စေတနာ ဗလပွနဲ့ လာပြောတာနော်။
    ကိုကိုမောင်(ပန်းရနံ့) said...
    မေဓာဝီ
    တွေးနေပါတဲ့ မေဓာဝီ
    ရေးနေပါတဲ့ မေဓာဝီ။
    မေဓာဝီ မြန်ပြည်ဘွားရယ်က
    ဟားတိုက်လို့ရီ။
    ပျို့ကဗျာကိုလ
    တို့စရာလို ငါးပိနှော
    ရယ်မောဖို့ ဖန်တီး။
    ချက်နည်းမျိုးစုံ
    လက်နှီးတို အဖုံဖုံနဲ့
    အစုံစုံ သူပုံချက်ပါလို့
    ကျက်သမျှ မပျက်ရလေအောင်
    မေဓာဝီ အပီစားလို့ရယ်
    ဖျားတဲ့ ဖက်တီး။ :D
    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)
    .
    8/17/2010 2:17 PM
    ReplyDelete
  13. ဒီဇင်ဘာနဲ့ စပယ်ချိုဆိုတဲ့ ကဗျာက ၂၀၁၂ ဒီဇင်ဘာမှာ ရေးတာလား။ ၂၀၁၂ ဒီဇင်ဘာက ရောက်တောင် မရောက်သေးဘူး။ သဂျီးကတော့ လုပ်ပြီ တလွဲ။ တော်တော် အသက်ကြီးချင်နေပုံရတယ်။ နေ့စွဲပြန်ကြည့်အုံး။
    ReplyDelete
  14. တစ်ကယ်တော်တဲ့ အကို......:):) အားကျထှာနော်...
    ReplyDelete
  15. ဟုတ်ပါ့ဗျာ... မေဓာဝီလာပြောမှဘဲ သူ့ဆီ သွားမန့်ထားခဲ့တဲ့ ကဗျာ အမှတ်ရမိလာတော့တယ်။ သူ့ဆီမှာ ဟိုတုန်းက ပို့စ်တိုင်းနီးပါးကဗျာလေးတွေနဲ့ဘဲ ကွန်မင့်ပေးနေကျဆိုတော့ သပြေညို အလိုက် ကဗျာ ပါသွားမှန်း သတိမထားမိလိုက်ဘူး။ ကဗျာတွေ များသွားလို့ ထင်ပါရဲ့။ အခု အဲဒီ ကဗျာလေးကို ပြန်တင်လိုက်ပါပြီ။
    ပြီးတော့ ခုနစ်သက္ကရာဇ်မှားနေတာကိုလဲ ပြန်ပြင်လိုက်ပါပြီ။ ကျေးဇူးပါ မေဓာဝီ။
    ReplyDelete
  16. မခေါ်တော့ဘူးးးးးးးးးးးးးးး
    ReplyDelete
  17. သယ်ဂျီးလက်စွမ်း ရမ်းချက်ကတော့း) ဒါနဲ့များ
    မိန်းမမယူနိုင်သေးပါလားဟားဟားး)း)
    ReplyDelete
  18. ကောင်းတယ် ဗျာ ... ကာရံ တုထား တယ် ဆိုပင်မဲ့
    အရမ်းကောင်း တယ် ဗျာ ...
    ReplyDelete
  19. ကောင်းဘဲနဲ့
    ReplyDelete
  20. သူကြီးရဲ့ ပို့စ်ကို ဖတ်ပြီးတာကြာပြီ...
    အားကျမခံ သပြေညိုကို စာမြောင်ကပ်ပြီး ကွန်မန့်ပေးမလို့ ကြိုးစားနေတာသုံးလေးရက်ရှိပြီ... နှစ်ပိုဒ်ကနေကို မတက်လို့ လက်လျှော့လိုက်ရတယ်...
    ချီးကျူးပါရဲ့ သူကြီးမင်းရေ...
    ဒါပေမယ့် တစ်ပုဒ်တော့ မဖြစ်ဖြစ်အောင်ကို ရေးဦးမယ်လို့တော့ အားခဲထားပါကြောင်း...
    ReplyDelete
  21. Hey there! I realize this is somewhat off-topic however I had to ask.
    Does managing a well-established website like yours take a massive amount
    work? I am completely new to writing a blog but I do write in
    my diary daily. I'd like to start a blog so I will be able to share my personal experience and views online. Please let me know if you have any suggestions or tips for new aspiring bloggers. Thankyou!
    My site; arion
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။