Wednesday, 4 January 2012

အစာမျှော် ငါးပိရည်ဖွဲ့ ကဗျာ


သိပံ္ပမောင်ဝတို့ ခေတ်က အင်္ဂလန်နှင့်မြန်မာဆိုတာ အတော်လေး အလှမ်းကွာဝေးတာကလား။ မြန်မာနိုင်ငံကနေ ဘိလပ်ခေါ် အင်္ဂလန်နိုင်ငံသို့ ပင်လယ်ကူးသင်္ဘောကြီးဖြင့် လာရောက်ရသတတ်။ ပင်လယ်ပြင်ထဲမှာ တစ်လတိတိ မောင်းနင်ပြီးမှ အင်္ဂလန်သို့ ရောက်သတတ်။ ထို့အတူ အင်္ဂလန်မှ မြန်မာသို့ သွားရာတွင်လည်း လမ်းခရီးမှာ တစ်လတိတိ ကြာလေသတတ်။ ထိုသို့ဆိုလျှင် ထိုစဉ်အခါက အင်္ဂလန်မှ မြန်မာသို့ စာတစ်စောင်ပို့လျှင် တစ်လတိတိ၊ မြန်မာမှ အင်္ဂလန်သို့ စာပို့ရာတွင်လည်း တစ်လတိတိ။ ဆိုရသော် တစ်နိုင်ငံမှ တစ်နိုင်ငံ စာတစ်စောင်ရောက်ရောက်ချင်း စာပြန်လျှင်တောင်မှ စာထွက်သွားတာက တစ်လ၊ စာပြန်လာတာက တစ်လ။ နှစ်လတိတိနေမှ စာတစ်စောင် ဖတ်ရလေသတတ်။ သိပံ္ပမောင်ဝ အင်္ဂလန်မှာ ရှိနေစဉ် မြန်မာနိုင်ငံက စာတစ်စောင် ရရှိပါက နှစ်ရက်သုံးရက်လောက် ပျော်နေပြီး ထိုစာကို အထပ်ထပ် အခါခါ နေ့စဉ်ဖတ်ရှုပြီး ၀မ်းသာပီတိ ဖြစ်လေ့ရှိသတတ်။

ထိုအကြောင်းအရာတို့ကို ဖတ်ရှုပြီး သိပံ္ပမောင်ဝကို တွေးတွေး သနားမိလေ၏။ ယခုအခါမူ အင်တာနက် ကျေးဇူးကြောင့် ဂျီတော့ခ်ဂျီမေးလ်ဖြင့်လည်းကောင်း ရာဟုဖြင့်လည်းကောင်း ဗီဇက်အိုဖြင့်လည်းကောင်း စကိုက်ပ်ဖြင့်လည်းကောင်း စက္ကန့်အတွင်း ရုပ်ကော အသံပါ တစ်ပြိုင်နက် ကြားခွင့်မြင်ခွင့်ရလေ၏။ လိုအပ်လျှင် တစ်ချိန်တည်း လူများစွာနဲ့ တော်ကီပွါးနိုင်လေ၏။ ချတ်တင်ထိုင်နိုင်လေ၏။ တယ်လီဖုန်းဖြင့်လည်း အချိန်မရွေး စကားပြောနိုင်၏။ သိပံ္ပမာင်ဝတစ်ယောက် ထိုအကြောင်းအရာတို့ကို တမလွန်က သိရှိနေလျှင် စုပ်တသပ်သပ် ဖြစ်နေမည်မှာ သေချာလှပေတော့၏။

ထိုအချိန်က အင်္ဂလန်တွင် ရွှေမြန်မာလူမျိုးများ ရှားပါးမှုကြောင့် ရုံးပိတ်ရက် ကျောင်းပိတ်ရက်တို၌ မရှိမဲ့ရှိမဲ့ မြန်မာလူမျိုးများကို စုရုံးကာ မြန်မာစကားပြောကြလေ့ရှိသတတ်။ ထို့မှတစ်ပါး မြန်မာနိုင်ငံမှ လူကြုံဖြင့်သော်လည်းကောင်း သင်္ဘောဖြင့်သော်လည်းကောင်း ဘာလချောင်စသည့် မြန်မာအစားအစာများ ရောက်ရှိလာပါက အင်္ဂလန်နိုင်ငံတွင်းရှိ မြန်မာအချင်းချင်း စာရေးအကြောင်းကြားပြီး နေအိမ်တစ်ခုကို စုရပ်လုပ်ကာ ရှားရှားပါးပါး မြန်မာ အစားအစာများကို အတူတူ ပျော်ပျော်ပါးပါး စုဖွဲ့ စားသောက်လေ့ရှိကြသတတ်။

ယခုအခါ၌မူ အင်္ဂလန်မြေတွင် ရွှေမြန်မာလူမျိုးမှာ နေရာမလပ် လက်ညှိုးမလောက် ပေါများနေသည့်အတွက် မြန်မာလူမျိုးအချင်းချင်း မတွေ့ရလေအောင် ရှောင်ရှားနေကြရလေ၏။ မြန်မာအချင်းချင်း သူ့အုပ်စု ကိုယ့်အုပ်စု တူရာတူရာ စုပြီး နေထိုင်ကြတာများသောကြောင့် လုပ်ငန်းအတွင်းရောက်မှသော်လည်းကောင်း ကျောင်းတော်ကြီးသို့ ရောက်မှသော်လည်းကောင်း အင်္ဂလိပ်စကားကို ပြောခွင့်ရကြလေ၏။ မြန်မာအစားအစာများမှာလည်း တ၀ီဝီ ပျံသန်းနေသည့် လေယာဉ်များစွာ၏ ကျေးဇူးတို့ကြောင့် ငါးပိမှစပြီး မုန့်ဟင်းခါးအထိ လှိုင်လှိုင်ပေါများလေ၏။ မြန်မာအစားအစာရောင်းသည့် အရောင်းဆိုင်သည်ပင် လန်ဒန်မြို့တွင်း၌ ရှိလေ၏။ သိပံ္ပမောင်ဝ ခေတ်နဲ့ ကွာခြားလှသည့် ဖြစ်ခြင်း။

ဒီနေ့ တိုင်ပင်မထားဘဲ အသိမိတ်ဆွေ သုံးယောက် ပေါက်ချလာ၏။ တိုင်ပင်မထားပါဘဲ သုံးယောက်လုံး လက်ဆောင်ပါလာ၏။ ထူးဆန်းပေစွ။ မြန်မာပြည်က ပို့ခဲ့တဲ့ အစားအစာတဲ့။ ထို့ထက် ပိုထူးဆန်းသည်မှာ တိုင်ပင်မထားပါဘဲ သူတို့ ယူဆောင်လာသည့် လက်ဆောင်တို့မှာ ငါးပိထွက်ပစ္စည်းချည်း ဖြစ်နေလေ၏။ တစ်ယောက်က ငါးပိထောင်း၊ တစ်ယောက်က ဘာလချောင်ကြော်၊ နောက်တစ်ယောက်က ငါးပိကြော်။ ဒီနေ့ကတော့ ငါးပိရနံ့တို့ဖြင့် လွှမ်းခြုံမွမ်းထုံသော နေ့တစ်နေ့ပင်။

အသိမိတ်ဆွေများ ပြန်သွားပြီး နေ့လည်ပိုင်းကျတော့ အိမ်ရှင်အဘိုးကြီးမြို့ထဲမှ ပြန်လာလေ၏။ အဘိုးအိုသည် ချက်ရေးပြုတ်ရေး ၀ါသနာအထုံပါသောကြောင့် ရောက်ရောက်ချင်း မီးဖိုခန်း တန်းဝင်ပြီး ချက်ပြုတ် ကြော်လှော်နေ၏။ ကျွန်ုပ်သည် အိမ်အပေါ်ထပ်၌ နေ၏။ အပေါ်ထပ်သို့ ပျံ့တက်လာသည့် အနံ့တို့ကြောင့် မီးဖိုခန်းရှိရာ အောက်ထပ်သို့ ဆင်းပြီး...

"အဘိုး ဘာတွေ ချက်ပြုတ်နေတာလဲဗျ"

ဟု မေးလိုက်သောအခါ...

"ငါးပိရည်ကျိုနေတာလေ။  မိတ်ဆွေတစ်ယောက် လက်ဆောင်ပေးခဲ့လို့။ ဘာဖြစ်လို့လဲ မောင်ရင်ရ"

"ဟာ.. အဘိုးရာ.. ရေခဲသေတ္တာကိုလဲ ဖွင့်ကြည့်လိုက်ပါဦး။ ဒီနေ့ မနက်ကမှ မိတ်ဆွေ သုံးယောက်လာပြီး ငါးပိအစားအစာ သုံးမျိုးတိတိ ပေးသွားခဲ့လေရဲ့။ အခု အဘိုးကပါ ငါးပိရည်ကျိုနေပြီဆိုတော့ ကျန်တော်တို့ အိမ်ကတော့ ငါးပိနံ့ တလူလူ ဖြစ်နေတော့မှာဘဲ"

"ဟား ဟား ဟား။ ဒါဆိုလဲ ငါးပိနံ့သင်းသော ဘိလပ်ပြည် ဖြစ်သွားတာပေါ့ကွာ... ဟား ဟား ဟား"


ဟူ၍ မျက်စိပေါက်ကျဉ်းသည်ထိ အဘိုးအိုတစ်ယောက် အားရအားရ ရယ်မောနေလေတော့၏။

ထိုစဉ် ကျွန်ုပ်သည် အမှတ်တရအနေနဲ့ ငါးပိစားသောက်ကုန်များ စုပြုံရောက်လာခြင်းကို မှတ်တမ်းတင်ချင်စိတ် ပေါ်ပေါက်လာလေ၏။ ငါးပိရည်ဖွဲ့တေးထပ် စပ်ရင် ကောင်းမလား ငါးပိရည်ပျို့ စပ်ရင်ကောင်းလား စဉ်းစားရင်း ဆရာမင်းသုဝဏ်၏ "သပြေညို" ကဗျာလေးကို အမှတ်ရသွားလေ၏။ ဆရာမင်းသုဝဏ်ကတော့ အင်္ဂလန်မှာ နေထိုင်စဉ်အတွင်း ၁၉၃၈ ခု ဇန်န၀ါရီလ ၄ ရက်နေ့၌ "လွတ်လပ်ရေးမျှော် သပြေညို"ကဗျာလေးကို ထိထိမိမိ စပ်ဆိုခဲ့လေ၏။ တိုက်ဆိုင်စွာပင် ၁၀ နှစ်တိတိပြည့်တဲ့နေ့ ၁၉၄၈ ခု ဇန်န၀ါရီလ ၄ ရက်နေ့၌ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့လေ၏။ ဆရာမင်းသုဝဏ်ရဲ့ "သပြေညို"ကဗျာလေးကတော့ အောက်ပါအတိုင်းပင် ဖြစ်၏။


သပြေညို
သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို။

တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။

လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။

မင်းသုဝဏ်
အင်္ဂလန် (၁၉၃၈) ဇန်န၀ါရီလ ၄ ရက်
.


ကျွန်ုပ်သည်လည်း အင်္ဂလန်၌ နေထိုင်စဉ် ဆရာမင်းသုဝဏ်ကို အားကျကာ "သပြေညို"အလိုက်ကို ယူပြီး ကျွန်ုပ်အိမ်သို့ ငါးပိအစားအစာ စုပြုံရောက်သောနေ့ကို မှတ်တမ်းတင်သည့် အနေဖြင့် "အစားအစာမျှော်" ကဗျာတစ်ပုဒ် မွေးထုတ်မိလိုက်လေ၏။ ကဗျာနာမည်လေးကတော့ "ငါးပိရည်"တဲ့။ ရှုစား အားပေးကြပါဦး။




ငါးပိရည်
ဟိုအိမ်မှာတဲ့ ငါးပိရည်
ဒီအိမ်မှာတဲ့ ငါးပိရည်။

တို့ပြည်က တို့အဆွေ ပို့ခဲ့ပါတဲ့
ငါးပိရည် အအီပြေလေးကိုလ
လွေးလျက်ကာနေ။

အငတ်မထားလေနဲ့
တတ်အားသမျှ အရည်ကျို
ရည်ချိုက အမွှေး။

ဟင်းချက်အဖျော်
ထမင်းထက်မှာ နံစော်စော်နဲ့
ငါးပိဖျော်ကို ငတိဆော်လိုက်တာက
အဆောင်မှာ ငမောင်ပျော်ရအောင်
ငါးပိရည် အသိဆွေများရယ်နဲ့
စားကြစို့လေး။

ကိုကိုမောင်(ပန်းရနံ့)
အင်္ဂလန်။ (၂၀၁၂) ဇန်န၀ါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။း)
{၆၄ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့}


ဆုတောင်း။
ဒီနှစ် လွတ်လပ်ရေးနေ့ကစပြီး ဘာသာရေး နိုင်ငံရေး စီးပွါးရေး လူမှုရေး ပညာရေး ကျန်းမာရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးစသော အားလုံး (အားလုံး)သော အရေးတို့ကို ကောင်းမွန်စွာ လွတ်လပ်စွာ ပွင့်လင်းစွာ အပြစ်ကင်းစွာ ဘေးကင်းစွာ ကျန်းမာချမ်းသာစွာ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေ (ကိုကိုမောင်၊ ပန်းရနံ့)။


ပြီးတော့..
ဒီနေရာလေးကို သွားဖို့လဲ မမေ့ကြနဲ့ဦးနော။း)

.

24 comments:

  1. ငါးပိနံ ထုံလွှမ်းသော သကြီးမင်းအိမ် အတွက်ကျေနပ်ဝမ်းမြောက်မိပါ၏ သို့သော် လေထု ညစ်ညမ်းမှု့ ဖြင့် အရေးယူ မခံရအောင် သတိထားပါလော

    ReplyDelete
  2. ငပိရည်နံလွှမ်းထုံလျှက် တဂျီးသည် ငပိတောတွင်မျောကာ
    ရေပါမချိုးသဖြင့်
    ငပိနံ့ထွက်နေလေသည် ။

    ချစ်ခင်လျှက်

    မဒိုးကန်

    ReplyDelete
  3. ငပိနံလေးတောင် ဒီကရသဗျာ..........:0

    ReplyDelete
  4. အင်း .... သဂျီးလဲ သပြေညိုကဗျာတပုဒ်နဲ့ လုပ်စားပေါင်း များနေပြီနော်။

    သဂျီးတို့ရွာမှာ ငပိတွေ ဒီလောက်ပေါနေမှတော့ ကိုကိုမောင် (ပန်းရနံ့) အစား ကိုကိုမောင် (ငပိနံ့) လို့ ပြောင်းလိုက်ပါလား။ :))

    ငပိသူဌေး သဂျီးမင်းအတွက် ငပိကဗျာတပုဒ် လက်ဆောင်ပေးလိုက်ပါတယ်။


    "ငပိနံ့ တလူလူ
    ဘယ်သူလဲမေး
    လူထူရင် ဘူဘင်ထုပါတဲ့
    သဂျီးတဲ့လေး ..."

    မေဓာဝီ

    ReplyDelete
  5. တဂျင်းမီးလုပ်တာ ငပိရည်တောင် စားချင်လာပြီ... ရှလွတ် ရှလွတ်

    မိုက်တယ်နော် လွတ်လပ်ရေးနေ့နဲ့ တင်ထားတဲ့ပိုစ့်လေးနဲ့က ကွက်တိ။ ငပိရည်ကဗျာကို တော်တော် သဘောကျသွားတယ် ဟီး :D :D

    ReplyDelete
  6. သူကြီးရေ...
    သိပ္ပံမောင်ဝတို့ခေတ်တုန်းက ဘိလပ်ကို စာတစ်စောင်ပို့တာ နှစ်ပတ်လောက်ကြာတာ ဖြေသာပါသေးတယ်လေ...ကျောင်းသားဘ၀တုန်းက ဂျာမနီက မိတ်ဆွေတွေဆီကို စာတစ်စောင်ထည့်လိုက်တာ ခြောက်လကြာမှ သူရို့ဆီရောက်ပါရောလား...

    သြော် တိုင်းခြားဆိုတော့ ကြာရှာပေမပေါ့လို့ စိတ်ဖြေနေလိုက်တာ...မနေ့ကပဲ မြန်မာပြည်တွင်းကို ပါဆယ်ထုပ်ပို့တာ နှစ်ပတ်ကြာရင် ရောက်လိမ့်မယ်လို့ ပြောလွှတ်လိုက်တော့ အောင်မယ်မင်း...ဒေါကန်လိုက်တာ မပြောပါနဲ့တော့...

    ဒါနဲ့များ ကမ္ဘာ့ရွာလို့ ပြောနေကြတာ အံ့ပါရဲ့ သူကြီးရေ...ရွာမကလို့ ဖျာလောက်ပဲကျန်တော့ရင်တောင် ခြေထောက်မရှိတဲ့ ရွှေပြည်ကြီးကတော့ ဖင်တရွတ်တွန်းပြီး သွားနေရတာနဲ့တင် ဒုံရင်းက ဒုံရင်းပဲရှိပါကြောင်း သတင်းကောင်းပါးရင်း ဟင်းမကောင်းလို့ ငပိကဗျာနဲ့ပဲ ကျေနပ်လိုက်ပါကြောင်းဗျား...

    ReplyDelete
  7. တဂျီးရေးထားတာလေးဖတ်ပြီး
    ငပိရည်မွှေးမွှေးလေးနဲ့တမင်းစားချင်လာပြီ..

    အမမေဓါဝီရဲ့ကဗျာလေးကြိုက်၏

    ReplyDelete
  8. နေမကောင်းချင်ဘူး ပါးစပ်တွေခါးနေတယ်
    ငါးပိရည်လေးနဲနဲပို့ပေးပါ
    တို့စရာလေးပါထဲ့ပေးနော်

    ReplyDelete
  9. ရွှေရသလို ပျော်ရမှာ ငါ့ရှင်ရဲ့.. :)

    ဒါနဲ့စကားမစပ်..
    .ငါ့ရှင်လည်း သပြေညိုနဲ့ ကစ်နေတာ များနေပြီနော့်..
    မှတ်မှတ်ရရ နှစ်ခုရှိပြီ ထင်တယ်.. :D
    ဟွင်းဟွင်း

    ReplyDelete
  10. ကဗျာနှစ်ပုဒ်လုံးကောင်းတယ် တယ်ဂျီးရေ....
    ငပိရည်စားခွင့်ရနေတာကိုက ကံကောင်းခြင်းပေပဲမဟုတ်လားဗျာ
    ငပိရည်မရနိုင်တဲ့နေရာဆို တယ်လည်းထမင်းစားမကောင်းဖူးကိုးဗျာ့း)


    မောင်ဘကြိုင်

    ReplyDelete
  11. စာဖတ်ပြီး ငါးပိရည်နံ့စွဲကျန်ခဲ့ပြီ။ ငါးပိရည်ကဗျာလေးထပ်ဖတ်ပြီး ငါးပိရည်နံ့ထပ်စွဲသွားပါရောလား သူကြီး။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  12. သပြေညိုလည်း သဂျီးနဲ့တွေ့မှ ပုံစံအမျိုးမျိုး ပြောင်းရတော့တယ်။ မြန်မာစိတ်ဆိုတော့လည်း ငပိရည်ကျိုမြင်ရင်ကို အားပါးတရ နယ်ဖတ်စားချင်စိတ်က ဖြစ်တော့တာပဲ။ ကျနော်တို့တော့ မကြာမကြာကျိုစားဖြစ်ပါ့။ အဲဒီ့နေ့မျိုး ဟင်းကိုတောင် ကောင်းကောင်းမထိလိုက်ဘူး။

    ReplyDelete
  13. အဲလိုဆို အိန်ဂျယ်လဲ ဘိလပ်ကို ပြောင်းဖို့
    စဉ်းစားမှပါပဲ.....:):) ခုတော့ မတရားကို လွမ်းရပါတယ် ငါးပိရယ်.....:P:P

    ReplyDelete
  14. ကိုကိုမောင် ငပိနံ့အတွက် ကဗျာ နောက်တပုဒ်

    ငပိရည် တကျိုလောက်
    ရော့သောက်လို့ ပေး
    မယူလိုက်က မိုက်လို့ထင်
    ယူလိုက်ပြန်က ကြိုက်လို့ထင်
    သောက်စေချင် ဖရစ်ခ်ျတွင် ထည့်ခဲ့ကွယ့်
    ညိုနွဲ့ရယ်လေး ... ။

    ReplyDelete
  15. ကိုကိုမောင်(ငါးပိရနံ့ ) ရဲ့  ငါးပိရည်ကဗျာဖတ်ပြီး ငါးပိရည်ကျိုတောင် စားချင်သွားတယ်..

    ReplyDelete
  16. သူဂျီးပိုစ့်ဖတ်ပြီး မစားဖြစ်တာကြာတဲ့ ငပိရည်ကျိုလုပ်စားဖို့တောင် စိတ်ကူးရသွားတယ်
    သူဂျီး ဘလောဂ့်တစ်ခုလုံးကလည်း ငပိရည်နံ့ တယ် မွှေးသကိုး..
    စာဖတ်ရင်း အနံ့တောင် ရလာတယ် ထင်ပါ့
    ဘိလပ်မှာငပိရည် လွယ်လွယ်ရတာ သူဂျီးတို့ခေတ် ကံကောင်းတာပေါ့လေ
    ဟုတ်ဘူးလားး)

    ReplyDelete
  17. ငပိဖျော်အနံ့လေးတောင် သင်းနေသလိုလို...
    ဗမာနဲ့ငပိ ခွဲခြားလို့ကို မရဘူး..
    သူ့အနံ့ကိုက မွှေးလို့ကိုနေတာ...

    ReplyDelete
  18. ငပိဖျော်အနံ့လေးတောင် သင်းနေသလိုလို...
    ဗမာနဲ့ငပိ ခွဲခြားလို့ကို မရဘူး..
    သူ့အနံ့ကိုက မွှေးလို့ကိုနေတာ...

    ReplyDelete
  19. စိတ်ညစ်ပါထျာာာ သချီးရယ် ငပိရည်တော့ မကြိုက်ဘူး ကျန်တဲ့ ငပိထောင်း ဘလချောင်ကြော်တွေတော့ ကြိုက်လယ် ... မစားရတာ ကြာဘီလေ ဒါပေသိ ဘုန်းကြီးကျောင်းက ဘာလချောင်ကြော်ကတော့ စားကောင်းသည် ကြီ...ကြီ....

    ReplyDelete
  20. ဘလ တွေ အကုန်လုံးကို လိုက်လည်ချင်ပါတယ် သချီးရယ် ဒါပေသိ သမီးက မအားဘူး ဖြစ်နေလို့ ခုတောင် ကျေးဇူးတင်ကြောင်းလာပြောတာ သမီးကို မမေ့သေးတဲ့အတွက်ပေါ့ ... ကျေးဇူး အကြီးကြီးတင်ပါတယ် ရှင့်

    စကားမစပ် သချီးအိမ်ကလဲ ရိုးစင်းလွန်းလှတယ် တန်းပလိတ်လေး ဘာလေး ချိန်းပါ့လား

    ReplyDelete
  21. ဒါက နောက်တပုဒ်

    ငပိရည် အမှန်လျက်လျှင်ဖြင့်
    ငတိတွေ အကြံထွက်ပါလိမ့်
    ငန်သလောက် ငြီးတဲ့ရေ ...

    ReplyDelete
  22. ငပိရည်ဖျော်
    ဆော်ပါတဲ့ ထမင်းကိုပ
    ထိုင်ရာက မထနိုင်
    ရနံ့လှိုင်
    တူမြိုင်စွာ စားကြပါစို့
    ပြည်ဖြစ်မို့ အမြစ်တွယ်
    ချစ်စဖွယ်
    တော်အုံးကွယ်
    ဗိုက်ကွဲမယ်
    သတိထားပါမှ
    ပြောကြရသေး။

    သူကြီးမင်း ငပိရည် ဖွဲ့ကို ထပ်ချဲ့ပေးလိုက်တယ်နော်။

    ReplyDelete
  23. think that freedom and independence do not really worth all those deaths and severe essays writing service online

    ReplyDelete
  24. Excellent post however I was wanting to know if you could write a litte more
    on this subject? I'd be very thankful if you could elaborate a little bit more. Cheers!

    Feel free to visit my web page youtube

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။