Thursday, 20 October 2011

အသုဘ အနုမောဒနာ


"အနိစ္စာ ၀တ..... အာ.. ဒုက္ခဘဲ။ ဟေ့...ဒကာ.. လိုက်ဖမ်းစမ်း... လိုက်ဖမ်းစမ်း။ ဟာ... ဒုက္ခနှင့် လှလှ တွေ့ကြတော့မှာဘဲ... ကဲ... ဒကာတစ်ယောက်ထဲ မဖမ်းနိုင်ရင် ကျန်တဲ့ ဒကာတွေရော.. အုပ်စုလိုက် လိုက်ဖမ်းကြစမ်းးး ခပ်မြန်မြန် မိအောင် ဖမ်းကြ"

တစ်ယောက်ထဲ ကြိုးစားလိုက်ဖမ်း၍ မမီနိုင်အောင်သောကြောင့် အုပ်စုလိုက် လိုက်ဖမ်းကြလေသည်။ နွေဦးရာသီမို့ ဖုန်က တထောင်းထောင်း။ လိုက်ဖမ်းသူတွေကြောင့် အခြေအနေမှာ ၀ရုန်းသုန်းကား။ အရေးထဲ နွေဦး လေပွေက တစ်မှောင့်။ လိုက်လေ ဝေးလေ ဖြစ်နေသည့် လိုက်ဖမ်းသူတို့၏ ဖြစ်အင်ကို ကြည့်ပြီး အနီးရှိ ရွာသူရွာသားတို့မှာ ငိုအားထက် ရယ်အား သန်နေကြလေသည်။
.....

နွေဦးရာသီမို့ လုပ်ငန်းခွင်များ အားလပ်နေသည်။ တောင်သူလယ်သမားများအဖို့ အားလပ်ခွင့်ရက်ရှည် ရသော အချိန်ကာလ ဖြစ်သည်။ ဦးတင်မောင်တစ်ယောက် အားလပ်ရက်ကလေး ရတုန်း ကုသိုလ် ရချင်စိတ် ပေါ်ပေါက်လာသည်။ ဘ၀အမောလေးတွေကို ရဟန်းဘ၀ ဒုလ္လဘဖြင့် ဖြေသိမ့်ချင်နေသည်။ နှစ်လသာသာလောက် ကျောင်းကန်ဘုရားအောက် ခိုလှုံနေခွင့်ရရင် ဘ၀အမော တစ်စိတ်တစ်ဒေသတော့ ပြေလျော့သွားလောက်ပါရဲ့။ ဒုလ္လဘရဟန်းအဖြစ် သင်္ကန်းစည်းဖို့ အိမ်သူသက်ထား မြမေကို တိုင်ပင်ကြည့်လိုက်ပြန်တော့ မြမေက မွေးထားသည့် ကလေး သုံးယောက်ကို ကြည့်ပြီး "နင်တို့အဖေကို ပြောလိုက် တစ်သက်လုံး သင်္ကန်းဝတ်နဲ့သာ နေလိုက်တော့၊ ပြန်မထွက်လာတော့နဲ့လို့" ဟု မျက်စောင်းလှလှထိုးပြီး အစောင်းအမြောင်း ပြောဆိုတာလေး ခံခဲ့ရသေးသည်။ အော်... မြမေ..မြမေ.. အဲဒီ မျက်စောင်းလှလှလေးတွေကြောင့် ငါ အနေရ ခက်နေတာ။

နန္ဒမင်းသား ဘုရားရှင်နောက် သပိတ်ထမ်းပြီး လိုက်သွားစဉ်တုန်းက ဇနပဒကလျာဏီရဲ့ ခံစားချက်မျိုး မြမေ ရင်ထဲ ရှိနေပေလိမ့်မည်။ သို့သော် ဇနပဒကလျာဏီလို အသံသာသာယာယာလေးဖြင့်တော့ "မောင်တော်ရေ... အမြန်ပြန်လာခဲ့နော်။ နှမတော်လေး စောင့်နေမျှော်နေမယ်" ဟုကား မပြောချေ။ "သူတော်ကောင်းကြီး ရွာဦးကျောင်းမှာဘဲ တစ်သက်လုံး နေလှည့်" ဟူ၍လည်းကောင်း မျက်စောင်းလှလှလေးတွေ အကြိမ်ပေါင်းများစွာ ထိုး၍လည်းကောင်း စကားပြောလျှင် ကျောပေးပြီး အင်းမလုပ် အဲမလုပ် ပုံစံမျိုးဖြင့်လည်းကောင်း မြမေရဲ့ ဆန္ဒပြမှုကိုတော့ ဦးတင်မောင်တစ်ယောက် ခံခဲ့ရလေသည်။ မည်သို့ပင် ဆိုစေကာမူ ဇနပဒကလျာဏီလေးရဲ့ သံယောဇဉ်ထက် မြမေရဲ့ သံယောဇဉ်က လျော့နည်းလိမ့်မည် မဟုတ်မှန်းတော့ ဦးတင်မောင် တစ်ယောက် ကောင်းကောင်း သဘောပေါက်လေသည်။

ဦးတင်မောင် ဒုလ္လဘအဖြစ် သင်္ကန်းစည်းမည်ဆိုသည့်အကြောင်း ရွာထဲ သတင်းပျံ့သွားသောအခါ ရွာထဲမှ ထွန်းပေါ် ကံအောင် စိန်မြင့် တင်နိုင် တို့လဲ အတူတူ သင်္ကန်းစည်းပါရစေဟု လာရောက် တိုင်ပင်ကြလေသည်။ သို့ဖြင့် ရွာဦးကျောင်း၌ ဦးတင်မောင် အပါအ၀င် ဒုလ္လဘငါးပါး ရဟန်းခံပွဲလေးအား နွေဦး လေရူးနဲ့ အတူ ဖြစ်မြောက် အောင်မြင်စွာ ကျင်းပနိုင်ခဲ့လေသည်။ အမျက်တော် မရှလိုက်ပါနဲ့ မြမေရယ်။

ရဟန်းဖြစ်လာပြီဆိုတော့ ဦးတင်မောင်ကနေ ဦးတေဇနိယ ဖြစ်လာသည်။ တစ်နေ့ ထမင်း သုံးလေးနှပ် စားရာမှ တစ်ရက် ဆွမ်းနှစ်နှပ်ထဲ ဖြစ်လာသည်။ မြမေမှ ဒကာမ ဖြစ်လာသည်။ အလုပ်ကိစ္စတွေ ရှုပ်ထွေးရာမှ ငြိမ်းချမ်းလာသည်။ တစ်နေကုန် အော်ဟစ်နေရာမှ ဆိတ်ငြိမ်လာသည်။ ယောက်ယက်ခတ်ရာမှ တရားဓမ္မဖြင့် အေးချမ်းလာသည်။ အော်... နေ့ချင်း ညချင်း ဘ၀တစ်ခုလုံး ပြောင်းလဲ သွားသလိုပါဘဲလား။

ငြိမ်းအေးတဲ့ အရသာလေးနဲ့ ကြည်နူးမယ် မကြံသေးဘူး ရှင်ဝတ်မှ ၀ါကြီးထပ် ဆိုသလို ဘုန်းတော်ကြီးကျောင်း ကိစ္စအ၀၀က ဦးတင်မောင်(ခ)ဦးတေဇနိယ ခေါင်းပေါ်သို့ ကျရောက်လာလေသည်။ ကျောင်းထိုင်ဆရာတော် ဘုရားဖူးခရီး တစ်လတိတိ သွားမည်တဲ့။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးမင်ကြောင်ကြောင့် ပိုလေး ဆိုသလို လူမှုကိစ္စအ၀၀ကို ခဏဘေးဖယ်ထားပြီး ဘုရားရိပ်တရားရိပ် ခိုဝင်ကာမှ ဘုန်းတော်ကြီးကျောင်း တာဝန်တွေကြောင့် ဦးတေဇနိယ ခေါင်းနပန်းကြီးရလေသည်။ ဆရာတော် ဘုရားဖူးထွက်သွားမဲ့အခါ ကျောင်းမှာ ကျန်ရစ်ခဲ့မဲ့ သူတွေက ကိုရင်ကျောင်းသား ပိစိလေးများနဲ့ ဦးတေဇနိယအပါအ၀င် ဒုလ္လဘရဟန်းငါးပါး။ ထိုငါးပါးထဲမှာ ဦးတေဇနိယက အသက်အကြီးဆုံး။ ထို့ကြောင့် တာဝန်တွေအားလုံး ဦးတေဇနိယ သိမ်းကြုံးယူရချေတော့မည်။

သို့နှင့် ကျောင်းထိုင်ဆရာတော်မရှိသည့် တစ်လအတွင်း ဦးတေဇနိယက သီလပေး ရေစက်ချ တာဝန်ယူရသည်။ ထိုသီလပေး ရေစက်ချလေး ချောချောမောမော ဖြစ်အောင် မအိပ်မနေ ကျက်မှတ်ထားရသည်။ အရေးထဲ မွေးနေ့ဆွမ်းစား၊ မင်္ဂလာဆွမ်းကျွေး၊ သဒ္ဓါဆွမ်းကပ်တွေကလဲ ပေါ်လာသေးသည်။ မွေးနေ့ဆို မိဘကျင့်ဝတ် သားသမီးကျင့်ဝတ်တွေ အလွတ်ကျက်မှတ်ပြီး ဟောရသည်။ မင်္ဂလာဆွမ်းဆို လင်ကျင့်ဝတ် မယားကျင့်ဝတ်။ သဒ္ဓါဆွမ်းဆို သပ္ပုရိသဒါနတရား။ ဟိုထောက် ဒီထောက် အိပဲ့အိပဲ့နဲ့ ဟောရပြောရတာ မထောင်းသာလှ။ ရိပ်ပြီးကာစ ပေါက်လာသည့် ဆံပင်ငုတ်စိစိလေးများတောင် ဖြူလာသလား အောက်မေ့ရသည်။ အတော်လေး ကျက်ရ မှတ်ရသည်ကိုး။

တစ်နေ့။
ဖြစ်ချင်တော့ ရွာထဲမှာ နာရေးတစ်ခု ဖြစ်ပေါ်လာသည်။ အရွယ်ကောင်းကောင်းနဲ့ ဆုံးပါးသွားသည်မို့ ကျန်ရစ်သူတို့မှာ မျက်ရည်နဲ့ မျက်ခွက်။ ထုံးစံအတိုင်း နာရေးအတွက် သရဏဂုံတင်ဖို့၊ သက်ပြတ်တရားဟောဖို့၊ ရက်လည်တရားဟောဖို့က ဦးတေဇနိယ အပေါ် ကျရောက်လာပြန်သည်။ ကျန်တဲ့ ဒုလ္လဘရဟန်းလေးပါးကို တစ်လှည့်ကူညီပါဦး ဟု အကူအညီတောင်းသော်လည်း သူတို့က ပိုဆိုးသေးသည်။ သီလပေးတောင် ကောင်းကောင်းမရကြ။ ဒီတော့ အသုဘတရားအတွက် ပေတ၀တ္ထု ၀ိမာန၀တ္ထုမြန်မာပြန်တွေကို ပိဋကတ်စာအုပ်တိုက်ဖွင့် လှန်လော ရှာကြံရပြန်လေသည်။ အော်... ဘုန်းတော်ကြီးမရှိပါမှ ဒုလ္လဘရဟန်းတွေ ဘုန်းကြီးလိုက်တဲ့ဖြစ်ချင်းနော်။ မွေးနေ့တဲ့။ မင်္ဂလာတဲ့။ သဒ္ဓါဆွမ်းတဲ့။ အခု လုပ်ပြန်ပြီ အသုဘတဲ့။ စိတ်နဲ့ ငါနဲ့ ညစ်တော့တာဘဲ။ အသုဘရှင်က ပစ္စည်းဥစ္စာ မပြည့်စုံသည်မို့ အနီးအနားက ဘုန်းတော်ကြီး ကျောင်းတွေကို မပင့်ဖိတ်ချေ။ ကျောင်းမှာ ရှိတဲ့ ဒုလ္လဘရဟန်းငါးပါးနဲ့ဘဲ အသုဘကိစ္စ ဆောင်ရွက်မည်တဲ့။

ထော့နဲ့ထောနဲ့နဲ့ လျှောက်လှမ်းခဲ့ပေမဲ့ သရဏဂုံ သက်ပြတ်ကိစ္စတော့ ပြီးသွားသည်။ ကြားဖူးနားဝနဲ့ ဟောပြောလိုက်သည်။ ဒါပေမဲ့ ပြဿနာက အသုဘချတဲ့ နေ့မှာမှ နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ ရလေသည်။ အသုဘတရားတွေကိုဘဲ အာရုံပြုထားမိတဲ့အတွက် အသုဘကမ္မဋ္ဌာန်း စီးဖြန်းနည်းကို လုံးဝ သတိမထားမိလိုက်။ အသုဘ ချကာနီးမှ ဒုလ္လဘရဟန်းတစ်ပါးက ဦးတေဇနိယ အသုဘကမ္မဋ္ဌာန်း စီးဖြန်းတဲ့ ပါဠိစာပိုဒ်ကလေးတွေကို အလွတ်ကျက်ပြီးပြီလား တဲ့။ ဗုဒ္ဓေါ ဒုက္ခော။ ဟုတ်ပေသားဘဲ။ ဒါပေမဲ့ အချိန်မမီတော့။ သံဃာလာပင့်တဲ့ ရှေ့ဆောင်ဒကာက ရောက်လာလေပြီ။ မထူးပါဘူး။ လုပ်သလို မဖြစ်တော့လဲ ဖြစ်သလို လုပ်ရတော့မှာဘဲ လို့ ဆုံးဖြတ်ပြီး စာရွက်ပိုင်းကလေး အပေါ်မှာ အသုဘကမ္မဋ္ဌာန်း စီးဖြန်းနည်း ပါဠိ သုံးဂါထာကို ရေးမှတ်ပြီး ထို စာရွက်ကလေးအား ယပ်တောင်ကြားထဲ ညှပ်ပြီး ယပ်တောင်ထမ်းကာ ကျန်တဲ့ ဒုလ္လဘရဟန်း လေးပါးနဲ့အတူ ရှေ့ဆောင် ပင့်ဆောင်ရာ သုဿာန်တစပြင်ဆီသို့ လိုက်ပါလာခဲ့လေသည်။

တောရွာဆိုတော့ သုဿာန်ထဲ သာလာယံဇရပ်မရှိ။ မြက်ပေါင်းရှင်းလင်းပြီး သင့်တော်တဲ့ နေရာမှာ ဖျာခင်းထားသည်။ ဖျာပေါ်မှာမှ ခင်းနှီးတွေ ခင်းထားသည်။ ထိုခင်းနှီးပေါ် ဒုလ္လဘရဟန်းငါးပါး ထိုင်ကြသည်။ တရားနာ ပရိသတ်ကတော့ သင့်တော်သလို နေရာယူ ထိုင်ကြသည်။ တရားမနာခင်ကထဲက တရှုပ်ရှုပ် ငိုကြွေးသံများ ထွက်ပေါ်နေသည်။ လတ်လတ်ဆတ်ဆတ်ကြီး ဆုံးပါးသွားသည်မို့ မိသားစုဝင်များ သူငယ်ချင်းများက နှမြောတသစွာ ငိုကြွေးမြည်တမ်းနေကြခြင်းဖြစ်သည်။

ဆုံးပါးသွားသူ အမည်ကို ခေါ်ပြီး တရားနာ ဖိတ်သည်။ ထို့နောက် အသုဘတရား နာကြားကြသည်။ သီလပေး ရေစက်ချ အားလုံး ပြီးစီးသွားသည့်အခါ အသုဘကမ္မဋ္ဌာန်း စီးဖြန်းဖို့ အချိန် ရောက်လာသည်။ တရားရှေ့ဆောင်က အသုဘကမ္မဋ္ဌာန်း စီးဖြန်းရန် ရဟန်းတော်တို့အား ပန်ကြားလျှောက်ထားသည်။ ဦးတေဇနိယလဲ ယပ်တောင်ကြားထဲမှာ ညှပ်ထည့်ထားသည့် အသုဘကမ္မဋ္ဌာန်း စီးဖြန်းနည်း စာရွက်ခေါက်ကလေးအား အသာဖြန့်ယူပြီး စာရွက်ကို ယပ်တောင်ကွယ်ပြီး ငုံ့ကြည့်ကာ အနိစ္စာ ၀တ... ဟု အစပျိုးလိုက်သည်။ ထိုအချိန်၌ ကံဆိုးစွာပင် နွေဦးသဘာဝ လေရူးခပ်ကြမ်းကြမ်း တစ်ချက် မွှေလိုက်သည့်အခါ ဦးတေဇနိယ ယပ်တောင်ကွယ်ပြီး ငုံ့ဖတ်နေသည့် အသုဘကမ္မဋ္ဌာန်း စီးဖြန်းနည်း စာရွက်ခေါက်ကလေး လေယူရာသို့ ပါသွားလေသည်။ ထို့ကြောင့် ဦးတေဇနိယမှာ အနိစ္စာ ၀တ မှ ရှေ့မတက်နိုင်ဘဲ ရှိနေလေသည်။

"အနိစ္စာ ၀တ..... အာ.. ဒုက္ခဘဲ။ ဟေ့...ဒကာ.. လိုက်ဖမ်းစမ်း... လိုက်ဖမ်းစမ်း။ ဟာ... ဒုက္ခနှင့် လှလှ တွေ့ကြတော့မှာဘဲ... ကဲ... ဒကာတစ်ယောက်ထဲ မဖမ်းနိုင်ရင် ကျန်တဲ့ ဒကာတွေရော.. အုပ်စုလိုက် လိုက်ဖမ်းကြစမ်းးး ခပ်မြန်မြန် မိအောင် ဖမ်းကြ"

အရေးထဲ အရာရောက်ဆိုသလို တကယ့်အရေးမှာမှ လေပြင်းက ၀င်နှောက်ရက်လေခြင်း။ ဦးတေဇနိယလဲ ချွေးတွေပြန်ပြီး ရှက်သလိုလို ဖြစ်လာသည်။ သို့သော် တာဝန်က တာဝန်ပေဘဲ။ ထို့ကြောင့် ဒကာတစ်ယောက်ကို စာရွက်ခေါက်အား လိုက်ဖမ်းခိုင်းလိုက်သည်။ သို့သော် ဖြစ်ချင်တော့ လေရူးနဲ့ အတူ လေပွေလေးပါ ပါလာတော့ စာရွက်ခေါက်ကလေး ကောင်းကင်ပေါ်၌ ၀ဲလည်ဝဲလည် ဖြစ်နေလေသည်။ မြေပေါ် ကျကာနီးဖြစ်လိုက် အပေါ်ပြန်တက်သွားလိုက်နဲ့ ဒကာတစ်ယောက် ဖမ်းရခက်နေလေသည်။ ထို့ကြောင့် ကျန်တဲ့ဒကာတွေကို အင်အားဖြည့်ပြီး လိုက်ဖမ်းခိုင်းရလေသည်။ ၀ရုန်းသုန်းကား ဖြစ်လိုက်ပုံမှာ ချွေးတလူးလူး ဖုန်တထောင်းထောင်း။

စာရွက်ခေါက်ကလေး ပြန်ရလာတဲ့အခါ အသုဘကမ္မဋ္ဌာန်း စီးဖြန်းမယ်လုပ်တော့ အနားမှာ ရှိနေတဲ့ ဒုလ္လဘရဟန်း လေးပါးက တခွိခွိနဲ့ ကျိတ်ရယ်နေပြန်သည်။ ထိမ်းချုပ်ပြီး ရယ်လေ အသံပိုထွက်လေမို့.. ကိုယ်တော်တို့က ဘာဖြစ်နေတာလဲ လို့ လှမ်းဟောက်လိုက်ပေမဲ့ ဦးတေဇနိယမျက်နှာမှာပင် စပ်ဖြီးဖြီးကြီး ဖြစ်နေလေသည်။ ပရိသတ်တို့ဆီမှလဲ ထိုဖြစ်အင်ကို မြင်ပြီး ခွိ..ကနဲ အသံတစ်သံ ထွက်လာလေသည်။ ထို့နောက် ခွိ..ခွိ.ခွိ... ဟူသော အသံများ သုဿာန်အတွင်း ညံသွားလေတော့သည်။ အသုဘရှင်များကလဲ မျက်ရည်လည်နေရာမှ ခွီးခွီးခွီး ဟု အရယ်ဘက်သို့ ကူးပြောင်းလာလေတော့သည်တမုံ့။ ငိုအားထက် ရယ်အားသန် ဖြစ်လေစွတကား။

အင်း ဒါလဲ ကုသိုလ် တစ်မျိုးပါဘဲလေ။ ၀မ်းနည်းပူဆွေးနေတဲ့ အသုဘရှင်တွေနှင့် ရွာသူရွာသားတွေကို အပြုံးလက်ဆောင်တစ်ခု ပေးလိုက်နိုင်သည်ကိုး။


.

32 comments:

  1. သဂျီးကိုယ်တွေ့ ဖြစ်ရပ်မှန် ဇာတ်လမ်း မဟုတ်လား :))

    ReplyDelete
  2. အဲ့ဒီလိုဖြစ်ရပ်တွေလည်း ရှိတာကိုးး)
    'ဒုက္ခနှင့် လှလှ တွေ့ကြတော့မှာဘဲ' ဆိုတာ တီတင့်ရဲ့ အိမ်ဦးသခင်ရဲ့ ရွာကိုသွားစဉ်က ရွာသားတစ်ယောက် ပြောတာကိုကြားဘူးတယ် ကိုကိုမောင်ရေ။ ရွာဓလေ့ရွာအကြောင်းလေးတွေ ဗဟုသုတဆည်းပူးသွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. တဂျီးကတော့လေ သူများမသာကိုရီအောင်လုပ်တတ်သေးတယ်
    အဲဒီဘုန်းကြီးကတဂျီးဖြစ်ရမယ်း)

    ReplyDelete
  4. သြော်..ကြီးသ..ကြီးသ
    လုပ်လိုက်ရင် အဆန်းချည်းလား ..!

    ReplyDelete
  5. ဟားဟား..... ငိုအားထက် ရယ်အာသန် ပေါ့ဗျာ။
    ကျနော် ဆို ရယ်လို့ ဆုံးမှာ မဟုတ်တော့ဘူးးးးး

    ReplyDelete
  6. :P... သူကြီးမျက်နှာကြီး ရဲနေမှာပဲနော်.. ဟားဟား...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  7. ဟိဟိ.. ရီရတယ်... ၀ါးဟားဟား :D :D

    ReplyDelete
  8.း) စာဖန်တီးရှင် သူကြီးရေး လေးစားလျှက်ပါ။

    ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းအေးချမ်းပြီး
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  9. ပြုံးဖြီးဖြီနဲ့ ဖတ်နေမိတယ်
    ဖြစ်နိုင်တယ် သူဂျီးမင်း ရဟန်းဝတ်တုန်းက ကိုယ်တွေ့ကြုံခဲ့ရတာ ဖြစ်မှာဘဲ ဟိဟိ
    မရှက်ပါနဲ့ သူဂျီးရယ် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပါ ခိခိ

    ReplyDelete
  10. :):) အကိုရေ..ပို့စ်ကြောင့်ရော..ကွန်မန့်တွေ ကြောင့်ပါ ရယ်သါားပါတယ်ဗျို့....:) ရေးတက်တွေးတက်ပ...ကိုယ်တွေ့ဖြစ်ရမယ်...:P

    ReplyDelete
  11. သဂျီးကိုယ်တွေ့ ဖြစ်ရပ်မှန်
    ရွာဓလေ့ရွာအကြောင်းလေးတွေ ဗဟုသုတ
    ရတယ်...ဖြစ်ရပ်မှန် အချစ်အကြောင်းလေး
    ရေးတင်ပါလားသဂျီး....

    ReplyDelete
  12. သဂျီးကတော့ အရာရာနဲ့ အကြောင်းကြောင်းချည်းပဲနော်..။ မျက်စေ့ထဲတွေးမြင်ရင်း ပြုံးစေ့စေ့ ဖြစ်သွားရကြောင်းပါရှင်...။

    ReplyDelete
  13. :) :D :P
    I always like your thought and writing.After reading both post and comments,i can't shut my mouth up.tks
    Gyidaw

    ReplyDelete
  14. တဂျီးကတော့ ဖြစ်ရမယ်....၊ခုရော....အနိစ္စာ...ဝတ.....က
    တက်ပလားဗျ.....:) ဖတ်ပြီး တခွိခွိနဲ့ ရီသွားသဗျ

    ReplyDelete
  15. ခပ်တည်တည် ဖတ်လာရင်းနဲ့ နောက်ဆုံးမှာ တကယ်ကို လှိုက်လှိုက်လှဲလှဲကို ပြုံးလိုက်မိပါတယ်..

    ReplyDelete
  16. သကြီး ရေ

    မနက်က ဖတ်ပြီးသား ကွန်မကောင်းတာနဲ့ ပြန်သွားတာ
    ဘုန်းဘုန်း လုပ်ရတာလည်း မလွယ်ပါလားလို့ ဒါကြောင့် ခခက က ဘုန်းကြီးမလုပ်ချင်တာ စာကျက်ပျင်းလို့တဲ့ သီလ မပေးတတ် တရားမဟောတတ်ရင် အရှက်က ကွဲအုန်းမယ် မဟုတ်လား

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  17. သူကြီးမင်း....
    စိတ်ရှုတ်နေတဲ့ ကြားထဲကကို
    ရယ်လိုက်မိသေးတယ်။

    သူကြီးလက်ထဲ သေနတ် ရောက်ကာမှ
    ဘုန်းကြီးတွေလည်း ကြောက်ကုန်ရော့မယ်
    အကုန်လိုက်ပြီးတော့ကို ဖေါ်နေတာပဲးး)။


    (မင်းဧရာ) အကောင့်က ကျွန်တော်သုံးလို့မရတော့ဘူး
    သူကြီးမင်းရာ ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်လောက်ကတော့ တခြားလူ ၀င်သုံးနေတာကို တွေ့လိုက်သေးတယ် မနေ့ကတော့ သူ့ရဲ့ နမ်မည် ရော သူတင်ထားတဲ့ ပုံလေးရောကို မတွေ့ရတော့ဘူး တကယ်တော့ အဲဘလောက်ဒ် လေးက သူများဖွင့်ပေးထားတာ ကျွန်တော်ကိုယ်တိုင် ဖွင့်တတ်တာ မဟုတ်ဘူးဗျ အခုမှ youtupe မှာလုပ်ပုံလုပ်နည်းလေးကို ဒေါင်း ပြီးမှ ကိုယ့်ဖာသာကိုယ် လုပ်လိုက်တာ ကဗျာ လေးတွေကိုတော့ ကော်ပီ ကူးမှာပါ အခုတော့ မအားသေးဘူးဗျာ။

    ReplyDelete
  18. ခိခိခိခိခိ ခွိခွိခွိခွိခွိ ခွီးခွီးခွီးခွီးခွီး

    ဟားဟား
    သူများစိတ်ညစ်နေတာတောင်
    တဂျီးရေးထားတာလေးဖတ်ပြီးတခွီးခွီး
    ဖြစ်သွားတယ်

    ReplyDelete
  19. ဖတ်ရင်းဖတ်ရင်း ပြုံးပြုံး ပြုံးပြုံးနဲ့ ရဟန်းပုံစံလေးကိုပါ မျက်လုံးထဲ မြင်ယောင်လာလို့ ရီမိလိုက်တယ်။
    ချမ်းမြေ့ပါစေနော်။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  20. တဂျီးတို့ များ တတ်လည်းတတ်နိုင်ပါပေတယ်

    ReplyDelete
  21. ဟိဟိ။ တော်သေးတယ် အိမ်မှာဖတ်မိလို့။ ရုံးမှာခိုးဖတ်မိရင် မိမှာသေချာတယ်။း) ရေးလည်းရေးတတ်ပါပေ့ သူကြီးရယ်။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  22. ဟုတ်ပ နွေဦးရဲ့ လေရူးက နှောင့်လည်းနှောင့်ယှက်ရက်သကိုး သူကြီးရဲ့...

    ဘုန်းဘုန်းလက်သစ်ခမျာ အဲဒီစာရွက်သာ ပြန်မရလို့ကတော့ အသုဘခမျာ အသေခက်လိုက်မယ့်ဖြစ်ခြင်း...ဒီပို့စ်ဖတ်ပြီးတော့ ဒုလ္လဘမ၀တ်ခင် ကျက်သင့်တဲ့ စာလေးတွေ ကြိုပြုကျက်ထားဦးမှပဲလို့ တွေးလိုက်မိတယ်...ကျက်ရမှာပျင်းရင်လည်း သူကြီးပို့စ်ထဲက ဘုန်းကြီးလို လုပ်ရုံပေါ့...ဒါပေမယ့် လေမလွင့်အောင် စာရွက်ကို ယပ်တောင်မှာ တိပ်နဲ့ကပ်သွားမယ် ဘယ်ရမလဲးးး)))

    ReplyDelete
  23. ကြံကြံဖန်ဖန် ရေးလည်းရေးတတ်တယ်လို့ပဲ ပြောရမှာပဲ။ ပြုံးမိပါတယ်ဗျာ။ ရေးလက်ကို သဘောကျတယ်ဗျို့။

    ReplyDelete
  24. သဂျီးအဖြစ်မှန်ပဲမှတ်တော့မဗျို့
    ဖြစ်မှဖြစ်ရလေဗျာ အင်း မောင်ဘကြိုင်လည်းကြုံဖူးရဲ့
    သင်္ကန်းတလဝတ်မိတာ အလှူတွေကပင့်ဖိတ်လို့ ဝါကြီးကိုယ်တော်တွေနဲ့ ပါသွား ပရိတ်ရွတ်ဖတ်ပြီဆို ကိုယ်က အသာလေးနှုတ်ပိတ်မျက်လွှာလေးချလို့ပေါ့ဗျာ
    ပရိတ်ကြီး ၁၁ သုတ်အလွတ်မရတာကိုး မင်္ဂလသုတ်တခုပဲ အသံထွက်နိုင်တယ် တိန်

    မောင်ဘကြိုင်

    ReplyDelete
  25. အင်း သူကြီးကတော့ ထားပါတော့ ကိုဟံကြည်။
    တိတ်နဲ့ ကပ်လိုက်ရင် ဒီဇာတ်လမ်းက ဘယ်ပေါ်လာပါတော့မလဲ။
    ဒါနဲ့  ကိုဟံကြည် ရဟန်းခံရင် တိတ်ကလေးပါ သယ်ဖြစ်အောင် သယ်သွားနော်။ :P

    ReplyDelete
  26. သဂျီး
    ရီရတယ်
    မျက်စိထံပေါ်အောင်ရေးထားနိုင်တော့
    အဖြစ်အပျက်ကို မြင်ယောင်မိပြီး
    အဟစ်အဟစ်နဲ့ ရီချမိပါလေရော။

    ReplyDelete
  27. အရေးကောင်းမှ ဒိန်းဒေါင်းဖျက်ဆိုသလို ဒီလို ဂွတီးဂွကျ အဖြစ်မျိုးတွေက ရှိတာပဲ။
    တကယ် ငိုရအခက် ရီရအခက် အဖြစ်မျိုးပေါ့။

    ReplyDelete
  28. ကျန်းမာပါစေမင်္ဂလာပါသူကြီး
    တဟားဟားနဲ့ အော်ပြီးရီသွားပါတယ်ဗျား---
    သူကြီးလည်း ရီနိုင်ပြုံး နိုင်ပါစေ - - - -

    ReplyDelete
  29. ဆွမ်းတစ်နပ်...အကျဉ်း 227 အကျယ် ကုဋေကိုးထောင်နဲ့ တင်လန့်နေတာ...ဒလိုတွေပါ ရှိသေးတယ်ဆိုတော့..... အဟင့်ဟင့်..

    ReplyDelete
  30. adequately nuances of the domestic as well as international politics. Nevertheless, writing service online

    ReplyDelete
  31. ကောင်းလိုက်တဲ့အရေးအသား ထိထိမိမိရှိပါဘိ မျှဝေခွင့်တောင်းရင်း ယူသွားပါပြီ

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။