Wednesday, 28 September 2011

သူကြီးမင်းရဲ့ "ကော်ဖီ" ပုံပြင်


ကျနော်တို့ နေထိုင်သည့် အိမ်တွင် အိမ်ရှင် အဘိုးအို တစ်ယောက် ရှိလေသည်။ အသက် ၈၅ နှစ်ခန့် ရှိပြီ ဖြစ်သည်။ အသက်ကြီးသော်ငြားလဲ နွားပျိုသန်လှ နွာအိုပေါင်ကျိုးသလောက် ဆိုသလို သွားသွားလာလာ သန်သန်မာမာ ရှိနေဆဲ ဖြစ်သည်။ အသက်ခြောက်ဆယ် ကျော်ပြီးသူတွေအတွက် လန်ဒန်မြို့တွင်း အခမဲ့ယာဉ်စီးပိုင်ခွင့် ရခြင်းသည်ပင်လျှင် အဘိုးအို၏ ခြေဦးတည့်ရာ ခရီးကို ပိုပြီး အထောက်အကူ ဖြစ်စေလေသည်။ ဟင်းချက်ဖို့ ငရုပ်သီး သွားဝယ်ဦးမည်ဟုပြောပြီး ထွက်သွားလျှင်လည်း တစ်ပတ်ကျော်လောက်မှ ပြန်ပေါ်လာတတ်သည်။

တစ်နေ့
နေမွန်းတည့်ချိန်လောက်တွင် ကျနော် ကော်ဖီသောက်နေခိုက် အဘိုးအို အပြင်မှ ပြန်ရောက်လာသည်။ လက်တွင်း၌ အခမဲ့ ယူဆောင်၍ ရသည့် မက်ထရိုသတင်းစာ တစ်စောင်ကို ကိုင်ဆောင်လာလေသည်။ ရောက်ရောက်ချင်းပင် ကျနော့်အား သတိပေးစကား ပြောကြားလေသည်။

"မောင်ရင်ရေ... ပြောရဦးမယ်။ ကော်ဖီတွေ သိပ်မသောက်နဲ့ကွ"

"ဘာဖြစ်လို့လဲ အဘိုး"

"တစ်ရက် ကော်ဖီလေးခွက် သောက်တဲ့ သူတွေက ကော်ဖီ မသောက်တဲ့ သူတွေထက် စိတ်ဓါတ်ကျရောဂါ ဖြစ်နိုင်ချေ ပိုများတယ်တဲ့"

"ဗုဒ္ဓေါ"

"ဗုဒ္ဓေါမနေနဲ့။ ကော်ဖီကြောင့် လူတွေ အတော်များများ စိတ်ဓါတ်ကျရောဂါ ရနေကြပြီ"

"ဟုတ်လား အဘိုး"

"မဟုတ်ဘဲ အာညောင်းခံပြီး မောင့်ရင့်ကို ပြောပါ့မလား။ မယုံရင် ဒီသတင်းစာထဲ ဖတ်ကြည့်"

"ယုံပါတယ် အဘိုးရယ်။ ဒါပေမဲ့ သောက်လက်စ ကော်ဖီလေးတော့ ကုန်အောင် သောက်လိုက်ပါရစေဦး။ ပြီးမှ သတင်းစာဖတ်ပြီး ရှောင်ကြဉ်သင့်ရင် ရှောင်ကြဉ်ပါ့မယ်"

မနက်သောက် နေ့လည်သောက် ညနေသောက် အိပ်ယာဝင်ခါနီးသောက် စာကြည့်ရင်းသောက် ဘလော့ရေးရင်းသောက် ဟိုအကြောင်းပြသောက် ဒီအကြောင်းပြသောက်နဲ့ ကော်ဖီကို တစ်သောက်ထဲ သောက်နေသည့် ကျနော် အတော်လေး တွေဝေသွားလေသည်။ ဟုတ်လောက်တယ်၊ ဒီလောက် ကော်ဖီတွေ သောက်နေလို့ အခုတလော ငါ စိတ်ဓါတ်တွေ ကျချင်သလိုလို ဖြစ်နေတာရှိမယ် ဟု စိတ်အတွင်း အလင်းတန်းလေး ပေါ်လာလေသည်။

ကော်ဖီကြိုက်သည့်အတွက် ကော်ဖီမှုန့် ကော်ဖီမိတ် သကြား မကြာမကြာ သွားဝယ်ရသည့် ဒုက္ခ။ တစ်လတစ်လ ကော်ဖီဖိုးနဲ့ ဘုရင်မခေါင်း(စတာလင်ပေါင်) ထွက်ထွက်သွားသည်မှာလည်း မနည်းလှ။ အလုပ်လုပ်ချိန်ထက် ကော်ဖီသောက်ချိန်က ပိုများနေသည်မှာလည်း ပြောချင်စရာ။ ကော်ဖီ ဖြတ်လိုက်တာကမှ အေးဦးမည်။

ကော်ဖီဖြတ်လိုက်လျှင် စိတ်ဓါတ်ကျရောဂါအတွက်လည်း လုံးဝ စိတ်ချသွားရပြီ။ စိတ်ဓါတ်ကျရောဂါ ဖြစ်စရာ အကြောင်း မရှိတော့။ ကော်ဖီသွားဝယ်ရသည့် အချိန်တွေလည်း ပို ထွက်လာမည်။ ဘုရင်မခေါင်းတွေ စုမိလာမည်။ ရေနွေးမကျိုချက်ရသည့်အတွက်ကြောင့် လျပ်စစ်မီတာခ သက်သာမည်။ ကော်ဖီပန်းကန် မဆေးကြောရတော့သည့်အတွက်နှင့် အပေါ့ခဏခဏ မစွန့်ရတော့သည့်အတွက် ရေမီတာခ သက်သာမည်။ အပေါ့မသွားရတော့သည့်အတွက် ဘလော့ရေး ဘလော့ဖတ် အေးဆေး လုပ်နိုင်မည်။ ကောင်းကျိုးတွေချည်းပါလား။ ဟုတ်ပြီ။ မနက်ဖန်က စပြီး ကော်ဖီကို ဖြတ်ပစ်လိုက်တော့မည်။ စဉ်းစားရင်း စိတ်ဓါတ်တက်ကြွသလို ခံစားလာရသည်။

"အဘိုး... အဘိုးယူလာခဲ့တဲ့ သတင်းစာလေး ပေးဖတ်ပါဦးဗျ။ ကော်ဖီသောက်လို့ စိတ်ဓါတ်ကျရောဂါ ရနေတဲ့ သူတွေ အကြောင်း သေသေချာချာ ဖတ်ကြည့်ချင်လို့"

"အော်..အေး.. ရော့..ရော့.. ဒီမှာ"

ကော်ဖီပန်းကန်ဆေးကြောပြီးနောက် အဘိုးအိုဆီမှ သတင်းစာကို တောင်းယူကြည့်လိုက်သည်။ ၂၀၁၁ စက်တင်ဘာ ၂၇ ရက် အင်္ဂါနေ့ထုတ် မက်ထရို သတင်းစာ တစ်စောင် ဖြစ်သည်။ တွေ့ပါပြီ။ စာမျက်နှာ ၆ ပထမ ကော်လံတွင် "Four coffees a day fights depression" ဟူသော ခေါင်းစီးပိုင်းကြီးကို အထင်အရှား တွေ့မြင်လိုက်ရလေသည်။ မျက်စိကို ပွတ်သပ်ပြီး ပြန်ဖတ်ကြည့်သည်။ ထို ခေါင်းစဉ်ကိုဘဲ အတိအကျ မြင်နေရသည်။ စာမျက်နှာ ၆၀ တိတိရှိသော ထိုသတင်းစာအား ဖင်ပြန်ခေါင်းပြန် လိုက်ရှာကြည့်သည်။ သို့သော် ကော်ဖီသောက်ခြင်းနှင့်ပတ်သက်သည့် သတင်းခေါင်းကြီးပိုင်း တစ်ခုတစ်လေမှ မတွေ့ရှိရပေ။ ကော်ဖီနှင့် ပတ်သက်သည့် ခေါင်းစဉ်မှာ တစ်ခုထဲသာ ရှိသည်။ ထိုသည်မှာ "Four coffees a day fights depression" ဟူသော ခေါင်းစဉ်ပင် ဖြစ်သည်။

"အဘိုး.. အဘိုး.. အဘိုးပြောတာ ပြောင်းပြန်ကြီး ဖြစ်နေပါလားဗျ"

"ဟေ... ဘယ်လိုကြီးလဲ"

"တစ်ရက် ကော်ဖီလေးခွက် သောက်တဲ့သူက စိတ်ဓါတ်ကျ ရောဂါ ဖြစ်ခြင်းကို ကာကွယ်နိုင်တယ်တဲ့။ စိတ်ဓါတ်ကျ ရောဂါ ပိုဖြစ်စေတတ်တာ မဟုတ်ဘူးတဲ့"

"တကယ်ကြီးလား။ သေချာလဲ ဖတ်ပါဦးကွာ"

"အဘိုးကလဲ.. ဒီမှာ ဒီလိုရေးထားတယ်။ တစ်ရက် ကော်ဖီ လေးခွက်သောက်တဲ့ သူဟာ တစ်ပတ်မှ ကော်ဖီ တစ်ခွက်ထဲ သောက်တဲ့ သူတွေထက် စိတ်ဓါတ်ကျ ရောဂါကို ပိုပြီး ကာကွယ်နိုင်တယ်တဲ့။ အမေရိကားမှာ အမျိုးသမီး ၅၀၇၃၉ ယောက်တောင် ပါဝင်စမ်းသပ်ပြီးပြီတဲ့။ ဖင်လန်နိုင်ငံကလဲ ပြောနေကြပြီ။ ကော်ဖီများများ သောက်ခြင်းဟာ ကိုယ့်ကိုကိုယ် သတ်သေတဲ့အဖြစ်ဆိုးကို ပို လျော့နည်းစေတယ်တဲ့။ ဒါပေမဲ့ ကော်ဖီဆိုတာ ရိုးရိုးကော်ဖီမဟုတ်ဘူး။ ကဖိန်းဓါတ်ပါဝင်တဲ့ ကော်ဖီဖြစ်ရမယ်တဲ့။ အဲ... ဒါပေမဲ့ တစ်ရက်ကို ၈ ခွက်မှ ၁၀ခွက် ဒါမှမဟုတ် အဲဒီထက် အလွန်သောက်ရင်တော့ ဆိုးကျိုး ဖြစ်စေနိုင်ပါတယ်တဲ့။ အဲဒီလို ရေးထားတယ် အဘိုး"

"ဟေ.... ဟုတ်လား။ သိပါဘူးကွာ။ ငါက ဘတ်စ်ကား စီးရင်း သတင်းခေါင်းစဉ်လေးတင်ဘဲ ဖတ်ခဲ့မိတာကိုး"

သွားပြီ။ သွားပြီ။ ကော်ဖီဖြတ်ဖို့ စိတ်ကူးနဲ့ ရေးဆွဲထားခဲ့တဲ့ ပြည်တော်သာ စီမံကိန်းကြီး တစ်ခဏအတွင်း ပျောက်ပျက်သွားရှာလေပြီ။ အဘိုးအို ကော်ဖီဆိုးကျိုးကို စပြောပြောချင်း ကော်ဖီသောက်ရင်း ခေါင်းမူးချင်လာသလို အော့အန်ချင်လာသလို စိတ်ကတုန်ကယင် ဖြစ်ချင်လာသလိုလို ဖြစ်ခဲ့သေးသည်။ ဥပါဒါန်ပေဘဲကိုး။ ထို့နောက် ကော်ဖီ ဖြတ်တော့မည် စိတ်ကူးပြီး တွက်ကိန်းချကာ မိနစ်ပိုင်းအတွင်း ပျော်ရွှင်ခဲ့ရသေးသည်။ ခုတော့ ခုတော့ ကော်ဖီ ဖြတ်၍ လုံးဝ မဖြစ်တော့။ ဘုရင်မခေါင်းတွေထဲ လဲ ထွက်ချင် ထွက်ပစေတော့။ ကော်ဖီကိုတော့ ဆက်သောက်မြဲ သောက်ရပေဦးတော့မည်။ ဒါမှ စိတ်ဓါတ်ကျ ရောဂါက ရာသက်ပန် ကင်းဝေးနိုင်မည် မဟုတ်ပါလား။ တစ်စီတစ်တန်းကြီး စဉ်းစားကာ အနီးရှိ Hot Drinks ထားရှိသည့် နံရံကပ် ဘီဒိုလေးအား ဖွင့်ကြည့်မိလိုက်လေသည်။

"အော်... ကော်ဖီဗူးထဲက ကော်ဖီတွေတောင် ကုန်ခါနီးနေပြီကော။ မနက်ဖန်တော့ နေသာရင် ကော်ဖီဝယ်ဖို့ ရှော့ပင် ထွက်ဦးမှဘဲ"


မှတ်ချက်။
ဘီဘီစီအင်တာနက်သတင်းမှာလဲ ကော်ဖီအကြောင်း ဖတ်နိုင်ပါတယ်။

.

29 comments:

  1. အရင်ကတော့ကော်ပီနဲ့ကော်ဖီကိုလုံးဝမကြိုက် ဖူးဗျာ့
    အခုနောက်ပိုင်း ကော်ဖီသောက်တတ်အောင် ကျင့်နေလေရဲ့ သောက်နေရဲ့လေ
    ဒါပေမယ့် ကော်ပီကိုတော့ မကြိုက်သေးပေါင်
    (ကော်ပီ= ကော်ပီသီချင်း)


    မောင်ဘကြိုင်

    ReplyDelete
  2. He He ... That's funny... I like coffee too!!!.. But I only drink once a day... That's my limit cos I drank lots of coffee when I was young.. >.<
    P.S>> can't type in burmese.. sth wrong with my lappy :(

    ReplyDelete
  3. ကော်ဖီဆိုရင် မိုးလင်းတာနဲ့ ဓာတ်ဗူးနဲ့ အပြည့်ဖျော်ထားတာ ကိုကိုမောင်ရေ။ရေထက်ကော်ဖီကို ပိုကြိုက်တယ်း))
    အသက် ၅၀ကျော်လာခဲ့ပြီ အေးဆေးပဲး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. သူကြီးက လည်း ထန်းရည် ပြောင်းသောက်ကြည့်ပါလား သူလည်းမဆိုးဘူး ဆီးမှာ ကျောက်တည်တာတို့လည်းပျောက်တယ်တဲ့ အပေါ့ခဏခဏသွားလို့ ရေခမီးခတော့ ပိုကုန်မှာပေါ့ ဘုရင်မခေါင်းထွက်တာပဲ ကိုယ့်ခေါင်းထွက်တာမဟုတ်ဘူး သောက်သာသောက်း))

    ReplyDelete
  5. အသက်ကြီးကာမှ ငရုပ်သီးထွက်ဝယ်တတ်တဲ့ အဘိုးကြီးပြောတာ ဒီလောက်တော့ လွဲမှာပေါ့နော်။
း)
    ကျွန်မကတော့ လောလောဆယ် ကာဖိန်းမပါတဲ့ ကော်ဖီသောက်ဖြစ်နေတယ် သဂျီးရဲ့။

    ReplyDelete
  6. သကြီးစာ ဖတ်ရင်း အင်း အခုတလော ငါ စိတ်ဓါတ်တွေ ကျလာတာ ကော်ဖီသောက် များလို့ နေမှာ ဆိုပြီး ကော်ဖီ တကြိုက် စာတပုဒ် ဖတ်ရင်း နဲ့ လျှော့မှ လျှော့မှ လို့ စိတ်ကူး ရင်းနဲ့

    စာလည်း ဆုံးသွားရော ချစ်ချစ်ကြီး ရေ ကော်ဖီလေး တခွက်လောက် လို့

    ကောင်းလေစွ ကောင်းလေစွ
    ခင်မင်တဲ့
    ရွှေစင်ဦး

    ဒါနဲ့ အသက်ကြီး မှ ငရုပ်သီး ထွက်ဝယ် တဲ့ အဖိုးကြီး မြင်ဖူးချင်သား

    ReplyDelete
  7. အပေါ့ခဏခဏသွားလို့ ရေမီတာမကုန်ချင်ရင် အိမ်ရှေ့ပန်းသီးပင်ကြီးအောက် ထွက်ရပ်ပေါက် ဘိုးတော်သဂျီးမင်း လုပ်လိုက်ပေါ့ ဒါလေးများ။
    ကော်ဖီခွက်လဲ ရေကုန်မှာစိုးရင် ဆေးမနေနဲ့ပေါ့ သဂျီးရယ် ကိုယ်ပဲ သောက်တာပဲ။ သဂျီးက ညစ်ပတ်ပီးသားပဲဟာကို ထူးပါဘူးနော် :))

    ကော်ဖီသောက်လို့ စိတ်ဓာတ်ကျရောဂါ တကယ် ဖြစ်ရင်တော့ ဘီယာပြောင်းသောက်မလား စိတ်ကူးနေတာ ... မဟုတ်တော့လဲ ကော်ဖီပဲ ဆက်သောက်ရအုံးမှာပေါ့။ ဘိုးဘိုးကြီးက အတော်နောက်တာပဲ။

    ReplyDelete
  8. ကော်ဖီဖျက်ဖို့ ခဏခဏကြိုးစားပေမယ့် အဆင်မပြေခဲ့ဖူး တစ်နေ့ တစ်ထုပ်တော့သောက်တယ်။
    ခုတော့ ဟီးးးးးးးးးအားရသွားပြီ။
    ဘယ်အရာတွေဘယ်လောက်ကောင်းကောင်း
    မြန်မာပြည်ကပရီမီယားလေးကာပီမှုန့်နံသင်းသင်းလေးသောက်လိုက်ရရင်စိတ်ထဲကိုချမ်းသာသွားတာပဲး)

    ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  9. သောက်လက်စ ကော်ဖီခွက်ကိုဘဲ လွှတ်ပစ်ရတော့မလိုလိုနဲ့ သတင်းဆုံးတော့မှဘဲ ဟင်းချပြီး ကော်ဖီ ဆက်သောက်နိုင်တော့တယ် လူဇိုးကြီး :)

    ReplyDelete
  10. တစ်ခွက်လေး သောက်ပါရစေဦး
    နင်မရှိရင် ငါ့ဘ၀မရှိ (ကိုရင်လဲမရှိလို့မရ )
    ..
    အဲလိုပဲ ဟဲပစ်လိုက်မယ်

    တစ်နေ့တစ်ခွက်တော့သောက်မယ် ..

    ဒါဘဲ
    မဒိုးကန်

    ReplyDelete
  11. သဂျီးပြောတာ ဟုတ်မဟုတ် သိချင်လို့ မနေ့က ဘူတာရုံကနေ ယူလာတဲ့ မက်ထရိုသတင်းစာလေး ပြန်လှန်ကြည့်တော့ စာမျက်နှာ ၆ မှာ အဲဒီ သတင်းတွေ့ပါတယ်။ သို့သော် .... ခုလိုရေးထားတာပါ။

    It might not help you sleep at night but several cups of coffee a day could prevent depression in women, a new study has shown. တဲ့။

    women လို့ ရေးထားတာမို့ men များကို ပြောခြင်းမဟုတ်ပါ။ research လုပ်တာကလဲ အမျိုးသမီးတွေနဲ့ လုပ်တာလို့ ရေးထားတယ် ဆိုတော့ကာ သဂျီးမြင်းတို့လို အတောင် နှစ်ဆယ်ဝတ် မဟာပုရိသ ယောက်ျားသားများနှင့် မဆိုင်ပါချေ။ ထို့ကြောင့် ဖြတ်လိုက ဖြတ်နိုင်ပါသည် (ကော်ဖီ)

    ReplyDelete
  12. ဟာ ဟ ကြီးမေတို့နဲ့ အပေးအယူ တည့်နေကြတာပါလား။ သတင်းစာပြောတာပါ။ ပြောထားတဲ့အတိုင်း တကယ်သွားဖတ်တာ ပြောတာပါ။ ကော်ဖီရဲ့ဆိုးကျိုးကို ပြောပြောနေကြလို့ ဘုန်းဘုန်းတစ်နေ့နှစ်ခွက်လောက်သောက်ချင်ရဲ့သားနဲ့ကို မသောက်ရဲဘူး။ အောင့်အီးကာ ထားရတယ်။ တစ်ခွက်တော့ နေ့စဉ်ပုံမှန်သောက်တယ်။ လူတစ်ယောက်ဟာ အရသာခြောက်ပါးနဲ့ စုံရတယ်လို့ ပြောကြသေးတယ်လေ။ အချိုကြိုက်ပေမယ့် ချိုတာချည်းကို မသောက်သင့်၊ မစားသင့်ဘူးတဲ့။ ချဉ်၊ ဖန်၊ ခါးစသည်တို့ကိုလည်း မှီဝဲသင့်တယ်တဲ့။ တစ်ချို့လူတွေ ထူးထူးဆန်းဆန်း အိပ်ခါနီးမှ သောက်တာတွေ့ဖူးတယ်။ ဘုန်းဘုန်းကတော့ အိပ်ခါနီးမှသောက်ရင်တော့ မိုးလင်းသွားမယ်။ ဟိုလိမ့်ဒီလိမ့်နဲ့....ရှည်သွားပီ။ လစ်မှ။ (ဒါနဲ့ ငငြုပ်သီးထွက်ဝယ်တဲ့ အဘိုးကြီးနဲ့က မြန်မာလို ပြောကြတာလား။ သက်ကြီးတွေ အခမဲ့စီးခွင့်ပြုတာ မိုက်တယ်နော်။ ဆရာတော်ကြီးဖြစ်ရင် အင်္ဂလန်လာနေဦးမှ။ )

    ReplyDelete
  13. သူဂျီး မမေပေးတဲ့အကြံမဆိုးဘူး
    ရေကုန်သက်သာတယ် ပန်းသီးပင်ကြီးကိုလည်း သေအောင်သတ်ပြီးသားဖြစ်တယ်။ ဟိဟိ
    တိုက်ဆိုင်ချက် ဒီပိုစ့်ကို ကော်ဖီသောက်ရင်းဖတ်နေတာ
    အစောကတော့ ချက်ခြင်းဘဲ ကော်ဖီကို ထွေးထုတ်ရမလိုလိုဖြစ်သွားတယ်
    ခုလိုဆိုတော့ ဖြတ်တော့ဘူး
    ရေကုန်ချင် ကုန်ပစေတော့း)

    ReplyDelete
  14. ကိုကိုမောင်ရေ...
    ဒီစာဖတ်နေရင် ထုံးစံအတိုင်းကော်ဖီသောက်နေတာ
    ဖတ်ရင်းနဲ့ ကော်ဖီကိုရပ်ထားရတယ်...
    အော် ပြီးတော့လဲ နောက်တစ်ခွက်တောင်ထပ်လုပ်
    ရသေးတယ်...ရင်တုန်အောင်မလုပ်ပါနဲ့
    နဂိုကမှ ချိနဲ့နဲ့ပါဆိုနေ....
    ခင်မင်တဲ့ jasmine

    ReplyDelete
  15. ကာဖီလေးသွားဖျော်တော့မလို့လုပ်နေတာရယ်..။
    ကဲ....သောက်လိုက်ဦးမဗျိုး.....:)))

    ReplyDelete
  16. သူကြီးမင်း...
    စာတွေ လျှောက်ဖတ်တော့မယ် ဆိုကတည်းက
    ကော်ဖီခွက် ကိုဘေးမှာ ချထားတာ ရပ်ထားရတော့မှာ လိုလို ဆက်သောက်ရတော့မှာ လိုလို မလုပ်နဲ့
    ရေဖိုးကုန်ချင်ကုန်ပေ့စေတော့ ရပ်တော့ဘူး
    သောက်အုံးမှာ နောက်တစ်ခွက်း)။

    ReplyDelete
  17. ဒကာကြီးသူကြီးရဲ့စာတွေ ဖတ်ရတာ လွတ်လပ်တယ်ဗျာ..စိတ်လက်ပေါ့ပါးစေတယ်..
    ကိုရင် ကြိုက်တယ် ဒကာကြီးသူကြီး...

    ReplyDelete
  18. ကျနော်တော့ တနေ့တခွက်လောက်ပဲ သောက်ဖြစ်တယ်။ တော်သေးတာပေါ့။
    တကယ်ဖြတ်ရပြီထင်နေတာ (ကော်ဖီ)

    ReplyDelete
  19. ကော်ဖီကတော့လူတိုင်းနဲ့မကင်းပါဘူး
    မနက်ဖြစ်ဖြစ်
    စာဖတ်၇င်းနဲ့ဘဲဖြစ်ဖြစ်
    နေ့လည်ခင်းလေးဘဲဖြစ်ဖြစ်
    သောက်နေကြတာပါဘဲ...
    အရမ်းသောက်တာများသွားရင်တော့လည်း
    မကောင်းဘူးပေါ့
    တန်ဆေးလွန်ဘေး..တဲ့လေ..

    ReplyDelete
  20. သူများတွေ ကော်ဖီကြိုက်ကြောင်းတွေ ရေးကြတာဖတ်ရင်း ဦးဟန်ကြည်လေး အားငယ်သွားရှာတယ် သူကြီးရေ...နဂိုကမှ ကော်ဖီသိပ်မကြိုက်ရတဲ့အထဲမှာ ကျောင်းသားမိဘတွေက သူတို့ဆရာကို စေတနာ မေတ္တာတွေ ဗလပွနဲ့ ကော်ဖီတွေ အိမ်တိုင်း တိုက်လိုက်ကြတာ တစ်ရကို ငါးခွက်လောက်ကျအောင် တစ်လလောက်လည်း သောက်ပြီးရော ရင်တုန်ချင်သလိုလို သက်လုံကျချင်သလိုလိုဖြစ်လာတာနဲ့ မေတ္တာပျက်ချင်လည်း ပျက်စေတော့...ကိုယ့်ဖာသာ ကာကွယ်မှလို့ ဆုံးဖြတ်ပြီး ကော်ဖီမတိုက်ဖို့ တောင်းပန်ယူရတယ်...အခုဆို ကော်ဖီ၊ လက်ဖက်ရည် မသောက်တာ နှစ်နှစ်တောင်ရှိပါပေါ့လား...ကလေးဆိုတော့ အားရှိမယ့် အိုဗာတင်းပဲ ကြိတ်နေတယ်...

    သူကြီးမင်းပြောတဲ့ ကော်ဖီက Brewed coffee ဖြစ်မယ်...ဒီမှာသောက်နေကြတာက Instant coffee တွေဆိုတော့ နဲနဲလန့်တယ်...ကျောင်းသားဘ၀က ပထမနှစ်ကလေးတစ်ယောက် စာမေးပွဲတွင်းမှာ တစ်ရက်ကို ကော်ဖီငါးခွက်၊ ခြောက်ခွက် သောက်လည်းသောက် ကော်ဖီမစ်ထုပ်ကို အလွတ်ဝါးစားလည်းစား လုပ်လိုက်တာ စာမေးပွဲတွင်းမှာတင် Renal failure နဲ့ ပြီးသွားကတည်းက ကော်ကော်ဆိုရင်တော့ ကြောက်ပါရဲ့ဗျား...ဘီယာဆိုရင်တော့လည်း ...အင်း....

    ReplyDelete
  21. ဓါတ်ဗူးအသေးလေးနဲ့ ( ၃ ခွက်စာလောက်ပေါ့ ) တစ်နေ့ အနည်းဆုံး တစ်ဗူး နဲ့ နှစ်ဗူးလောက် သောက်နေကျဆိုတော့ လန့်တောင်မှသွားတယ်။ ဟိုတလောက ဂျာနယ်မှာ ဖတ်ရတာနဲ့ မတူပါလားလို့တောင်မှ တွေးမိသေး။ နောက်တော့မှ ဂလိုကိုး။ ဒါပေမဲ့ ကျနော်ကတော့ မသောက်လည်း နေနိုင်ပါတယ်။

    ReplyDelete
  22. ကော်ဖီဆိုရင်တော့ လာထားပဲ..။
    ထမင်းလွတ်သောက်နိုင်တယ်...။
    သဂျီးမင်းရဲ့ ကော်ဖီပုံပြင် ဖတ်ပြီးသွားပြီ။
    ကော်ဖီတစ်ခွက်လောက် ဖျော်သောက်လိုက်ဦးမယ်။

    ReplyDelete
  23. တဂျီး ဆက်သောက်ဆက်သောက် :D
    လသာညလည်း ကော်ဖီကတော့ လုံးဝမဖြတ်နိုင်ဘူး..။

    ReplyDelete
  24. ကော်ဖီအရမ်းကြိုက်တယ် သူကြီးမင်းရယ်... တစ်ခွက်လောက် တိုက်ပါလား... :D..

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  25. အရင်တုန်းကတော့ ကော်ဖီ တနေ့ တခွက်သောက်ပေမဲ့ ခုတော့ တပတ် ၂ ကြိမ်လောက်ပဲသောက်ဖြစ်တော့တယ်..မနက်ဆို ဝရုန်းသုန်းကား ကျောင်းကို ပြေးရလို့  ကော်ဖီဖျော်ချိန်တောင် မရှိ..ခုတော့ အေးလာလို့  ရေနွေးဓာတ်ဗူးဆောင်ပြီး သောက်နေလေရဲ့ ...ကော်ဖီနံ့ လေးရရင်တော့ သောက်ချင်နေတုန်း...

    ReplyDelete
  26. C'on.I'm also a coffee fan.I go to my coffee machine without opening my eyes sometime.I love only ground coffee.The aroma of coffee makes my day in the morning.I'm reading your story drinking a mug of coffee:)Cheer!
    Gyidaw

    ReplyDelete
  27. ကျန်းမာပါစေမင်္ဂလာပါ သူကြီး
    ကျနော်လည်းအရင်ကကော်ဖီဆိုပြီးရောအကုန်သောက်
    တာဘဲ-အခုတော့ရွေးသောက်တတ်သွားပြီ-ဈေးတော့
    အကြီးသားဗျ-

    ReplyDelete
  28. Hey there! My partner and I frequently write guest articles or blog posts for other
    blog site owners to help increase publicity to our work, as well as provide good content to weblog
    owners. It really is a win win situation! If you are interested feel free to contact me at: nikoleberube@gmail.
    com so we may talk further. Thanks!

    Here is my web blog; music

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။