Thursday, 7 July 2011
သူနှင့် သူ၏ ရှားရှားပါးပါး သန္နိဋ္ဌာန်
တစ်ခါတစ်ခါ သူပျင်းသည်။ မကြာမကြာ သူပျင်းသည်။ အခါခါ သူပျင်းသည်။ တအာအာ သူပျင်းသည်။ သို့သော် ပျင်းသည်ကို ပျင်းသည်ဟု ပြောလျှင် သူမကြိုက်။ ဟိုဟို ဒီဒီ ဆင်ခြေ ပေးတတ်သည်။ ထိုထို ဤဤ အထင်တွေ ပေးတတ်သည်။ ပျင်းလိုက် တင်းလိုက် ဆင်ခြေပေးလိုက် အထင်တွေ ပေးလိုက်ဖြင့် သူ့ နေ့တဓူဝကို လွယ်လင့်တကူ ဖြတ်သန်းစေတတ်သည်။ ဖောဖောသီသီ နေ၀င်နေထွက်ခြင်းကို ခွင့်ပြုတတ်သည်။ တစ်နေကုန်တိုင်း စာရင်းချုပ်ကြည့်လိုက်တော့ ဘာအမြတ်ကျန်သနည်း။ ကုသိုလ် ဥစ္စာ ပညာ တန်ခိုး။ နိုး နိုး နိုး။ ဒီပုံစံနဲ့ဆို ဂိုးပြတ်သွင်း ခံရချေသေးတော့သည်။ ချမ်းသာလိုက်သည့် အချိန်တွေပါတကား။
ဒီပုံစံနဲ့တော့ မဖြစ်ချေသေး။ ကဲ... သူကြီးမင်း လိုက်ဆိုစမ်း (သူ့ဖာသာ သူပြောခြင်းဖြစ်သည်)။ ဟုတ်ကဲ့။ သုံးခေါက် တိတိ လိုက်ဆို။ ဟုတ်ကဲ့။ နေ့တိုင်း ကိုယ်ပိုင် မိုတို အနေနဲ့ ရွတ်ဆို။ ဟုတ်ကဲ့။ ပြီးရင် ရွတ်ဆိုတဲ့ အတိုင်း လိုက်နာ ကျင့်သုံး၊ ဟုတ်ပြီလား။ ဟုတ်ကဲ့။
"ငါသည်"
"ငါသည်"
"ဘိလပ်သို့ ပညာသင်ဖို့ ရောက်လာသည်"
"ဘိလပ်သို့ ပညာသင်ဖို့ ရောက်လာသည်"
"ပျင်းနေ၍ မဖြစ်"
"ပျင်းနေ၍ မဖြစ်"
"ပျင်းရင် ဖျင်းလိမ့်မည်"
"ပျင်းရင် ဖျင်းလိမ့်မည်"
"အလကား နေ၍ မဖြစ်"
"အလကား နေ၍ မဖြစ်"
"အလကားနေရင် အလကား လူ ဖြစ်လိမ့်မည်"
"အလကားနေရင် အလကား လူ ဖြစ်လိမ့်မည်"
"ထို့ကြောင့် ပညာကို မနားမနေ ကြိုးစားသင်ယူမည်"
"ထို့ကြောင့် ပညာကို မနားမနေ ကြိုးစားသင်ယူမည်"
("သန္နိဋ္ဌာန်")
("သန္နိဋ္ဌာန်")
ဤသို့ဤနှယ် သူ့ကိုယ်သူ နှစ်ကိုယ်ခွဲကာ ကိုယ်ပိုင် မိုတိုလေးကို သုံးခေါက်တိတိ သံန္နိဋ္ဌာန်ချ ကြွေးကြော်ပြီးနောက် သူ့ဝသီအတိုင်း ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ တနေကွယ် အစချီ ဒွေးဆစ်ကလေးအား သူ့ရင်တွင်းဖြစ်သို့ ဆွဲငင်ယူလိုက်လေတော့သတည်း။
ကုဋေကြွယ်*
မြေ*၀ယ်*ဖို့ လာကာ မြူး။
တွေ့တော့ကာ ၀ယ်ဘူးပြင်ပါနဲ့
ကုဋေကြွယ်တာ အသာထားရင်ဖြင့်
(မြေ၀ယ်တာ အခါခါမှားပါလိမ့်)
မြေယာဝယ် တကယ်မှားပါလိမ့်
အား မကျဘူး*။
(ကိုကိုမောင်၊ ၀၇၊၀၇၊၂၀၁၁ ဗုဒ္ဓဟူး)
ခက်ဆစ်
*ကုဋေကြွယ် = အချိန်ပေါကြွယ်ဝခြင်း
*မြေ = ရည်မှန်းချက်
*၀ယ် = ကြိုးစားခြင်း
*အားမကျဘူး = အတုမယူသင့်ဘူး။
တနေကွယ်
သေနယ်သို့ တခါကူး။
မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အခါများရင်ဖြင့်
(သေနယ်ရွာ တခါသွားပါလိမ့်)
သေရွာကွယ် တကယ်သွားပါလိမ့်
တားမရဘူး။
(လယ်တီဆရာတော်)
မှတ်ချက်။
ဆရာတော်ဘုရားကြီး၏ ဒွေးဆစ်ကလေးသည် အချိန်နှင့်နေရာအချို့၏ တိုက်စားမှုကြောင့် အသွင်သဏ္ဍာန် အနည်းငယ် ပြောင်းနေသော်လည်း မူရင်းအဓိပ္ပါယ် မပျောက်ပျက်သေးသည်မှာ ၀မ်းသာရမည်ဖြစ်၏။ သေရွာကွယ် တကယ်သွားပါလိမ့်။ သေနယ်ရွာ တစ်ခါသွားပါလိမ့်။သနယ်ရွာ တစ်ကြိမ်သွားပါလိမ့် တဲ့။ ဒုတိယအပိုဒ်ရဲ့ တတိယ အကြောင်းမှာ။ ။
.
20 comments:
  1. သူကြီးမင်းရေ မင်္ဂလာပါ။ "ဖောဖောသီသီ နေ၀င်နေထွက်ခြင်းကို ခွင့်ပြုတတ်သည်" အဲဒီစကားလုံးကို ဘယ်လိုကြိုက်မှန်း မသိ၊ အရမ်းကြိုက်တယ်ဗျာ။ ပျင်းတဲ့အကြောင်းဖတ်မိမှ သံဝေဂရမိသလိုပဲ။ (မနက်ဖြန်ကစပြီး ၀ီရိယလေးစိုက်ဦးမှ၊ ဟီး၊ ယုံလားတော့ မသိဘူး)
    ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...
    ReplyDelete
  2. သဂျီး ... ကဗျာတွေ ဖျက်ရတာ အတော် လက်တွေ့နေပုံပဲနော်။
    မန်လည်ဆရာတော်ရဲ့ ပတ္တမြားရွှေဂူလဲ ဖျက်ပြီးပြီ။
    ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းလဲ မနေရ ...
    ခု လယ်တီဆရာတော်ရဲ့ ကဗျာလဲ ဖျက်ပြန်ပြီ။
    ဆရာသော်တာဆွေကို အားကျလို့ ထင်တယ်။
    ဆရာသော်တာဆွေက ဆရာကြီး မင်းသုဝဏ်ရဲ့ လယ်တောကပြန် ကဗျာကို ဖျက်တယ်။ မူရင်းက ...
    လယ်တောကပြန်
    ပန်ချင်တယ် ခရေဖူးဆိုလို့
    မောင်ခူးကာပေး။
    မနက်တုန်းဆီက
    ကျော့ဆုံးကို မောင်မြင်တော့
    သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်
    ဂုဏ်တင့်တယ်လေး ... ။ ... ။
    ဆရာသော်တာဆွေ ဖျက်ပုံက ...
    လယ်တောကပြန်
    အန်ချင်တယ် ထရေ (ထန်းရည်) ဗူးလွယ်လို့
    မောင်မူးတယ်လေး။
    မနက်ခင်းဆီက
    ချက်ပုလင်း မြင်ပြန်တော့
    မြည်းလိုက်ချင်သေး ... ။ ... ။
    တဲ့ ..
    ဖျက်တဲ့ကဗျာက မူရင်းကဗျာလို အလွယ်တကူ နားလည်နိုင်ရင် ပိုကောင်းမယ် ထင်တယ်။ သဂျီးကဗျာက အနက်တွေ ငုပ်နေပြီး ခက်ဆစ်တွေ ပြန်ဖတ်နေရတော့ သိပ်မနိပ်လှဘူးဗျို့။
    ReplyDelete
  3. ကဗျာလေးတွေကို သူမတူအောင် စပ်နိုင်ပါပေတယ်ကွယ်။ သူမတူအောင်ဆိုတာ အန်တီ ကဗျာတွေ အများကြီးဖတ်ဖူးတယ် ကိုကိုမောင် စပ်တဲ့ကဗျာမျိုးက ရှားရှားပါးပါးမို့ပါး) ဒီလိုဦးနှောက်မျိုးရအောင် မွေးပေးထားတဲ့ မွေးမေမေကို ပိုပြီးကျေးဇူးတင်ရမယ်။ ပျော်ရွှင်ပါစေနော်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  4. ကိုကိုမောင်(ပန်းရနံ့)Friday, 8 July 2011 at 01:11:00 BST
    ဘုန်းဘုန်းတောက်။
    မေဓာဝီ။
    ဟုတ်ပါ့ ဟုတ်ပါ့။ ခက်ဆစ်တွေ ထည့်ထည့်ပေးနေရတယ်။ နောက်ဆို မြင်သာထင်သာအောင် ဖျက်ပါ့မယ်။ အဲ... စပ်ပါ့မယ်။း)))
    အန်တီတင့်။
    ကျေးဇူးတင်ပါတယ်။ ချီးကျူးပေးလို့။ ချီးကျူးခံရတာနဲ့ လူနဲ့ အတော်လေး တည့်တာကလား။း)))
    ခင်မင်လျက်
    ReplyDelete
  5. သူကြီးမင်း, pls continue 'သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင်'.
    I come here to many time for this story. I wanna drink coffee and listen story. pls continue. will you treat coffee?
    ReplyDelete
  6. သကြီးမင်း တော့
    မလွယ်တော့ဘူး ဖောက်ပြန်တာတွေ ခဏရပ်ပြီး အဆက်လေး များ ရေးပါအုန်းတော့
    ReplyDelete
  7. သူဂျီးရဲ့ကိုယ်ပိုင်မိုတိုလေးက ကောင်းလှတယ်
    ကာရံတွေ နဘေတွေနဲ့..
    ခက်ဆစ်မဖတ်ဘဲ မြေ၀ယ်မယ်ဆိုတာကိုဖတ်မိတော့ သူဂျီးမင်းများ ဘိလပ်မှာ မြေ၀ယ်ပြီးအခြေချဖို့ စဉ်းစားနေပြီမှတ်တား)
    ReplyDelete
  8. သန္နိဋ္ဌာန် ကို ဖတ်ရင်း ပြုံးမိတယ်။
    သူကြီးကိုကိုမောင်၏ ရင်တွင်းဖြစ် ဒွေးဆစ်ကလေးလည်း အထပ်ထပ်ဖတ်သွားပါ၏။
    ခင်မင်လျက်
    သဒ္ဓါ
    ReplyDelete
  9. :P.. သူကြီးရဲ့ ဖျက်ဆီးလိုက်တဲ့ ကဗျာနဲ့ မမေဓါဝီ၀င်ထောက်ပေးတဲ့ ကဖျက်ကယက် ကဗျာလေးကို ဖတ်ပြီး အတော်ကို ပြုံးမိတယ်... ဒီဘိလပ်မောင်နှမက လိုက်လည်းလိုက်ပါပေ့... :P.. အဲလိုဥာဏ်လေး လိုချင်သား...
    ခင်မင်လျက်
    နေ၀ဿန်
    ReplyDelete
  10. သံဓိတ်ဌန် အတိုင်း ပန်းတိုင်ရောက်ပါစေ။
    ကြာမှာ ပျောက်ပျောက် မသွားစေနဲ့  ပန်းတိုင် ပြောတာ
    ReplyDelete
  11. ကဗျာချာရညာတဂျီးမင်း တိုတိုမှောင်
း)
    မောင်ဘကြိုင်လာဖတ်သည်။
    ReplyDelete
  12. ဟာဟ နိပ်သဟ... သူဂျီးမင်း ရဲ့ ဘရိန်း ရေရေလည်လည် ဂွတ်သကိုး
    အခု တစ်လော ဘိလပ်မှာ ကဗျာတွေ ဖျက်ကြ စပ်ကြသကိုး
    သဂျီးမင်းက တစ်ခုချင်းဖျက်၊ အဲ..စပ်
    ဒေါ်လေးမေကလည်း တို့ဟူး တို့ဘူး တို့ဖူး ကို ကဗျာစပ်ပုံ ဟာ...ဟ
    ReplyDelete
  13. တဂျီး....ကောင်းလင့်တည်း....ကောင်းလင့်တည်း...
    ကောင်းလင့်တည်း...။ကဗျာလေးလည်း ဖျက်တာသိပ်
    ကောင်း.....:))) စကားမစပ် ကြောင်လည်းဖမ်းပါဦးဗျိုးးးး
    ReplyDelete
  14. ကုန်ပါပြီ...သူကြီးလက်ချက်နဲ့ ကဗျာတွေကနေ ကပြောင်တွေ ဖြစ်ကုန်ပါပေါ့လား...
    ကုဋေကြွယ်
    ပွေမယ်ကွဲ့စိတ်ကူး...
    တွေ့လိုက်ရင် ယစ်မူးချင်ရဲ့
    ပွေဖူးအောင် ပွေလိုက်ချင်ပေမယ့်
    စာပုလွေရင်မှာ ပိုက်နိုင်ဖို့
    (သူကြီးမင်းမှာလေ)
    မိုက်ရက်နိုင်ဘူး...
    ကပြောင်ဖြစ်အောင် စပ်ရင်း အပြီးသတ်ကျမှ နွားမြီးပြတ်သွားသဗျို့...အင်း သူ့ဟာဖျက်ရတာထက် ကိုယ့်ဟာကို ဖြစ်အောင် စပ်ရတာကမှ ပိုလွယ်လိမ့်ဦးမယ်...ချီးကျူးတယ် သူကြီးမင်း...buckle up...
    ReplyDelete
  15. ကဗျာစပ် တစ်ကယ်တော်တာပဲ..အကိုရ..:)
    ကွန်မန့်တွေကြောင့်လည်း ပြုံးရတယ်..
    ခုမှပဲ ရောက်ဖြစ်တယ်..အကို..
    ReplyDelete
  16. ကဗျာစပ်နည်းလေး သင်ပေးရင်ကောင်းမယ် :)
    with respect
    ReplyDelete
  17. "ဖောဖောသီသီ နေ၀င်နေထွက်ခြင်းကို ခွင့်ပြုတတ်သည်။" ဒီစကားလုံးကို အလွန်နှစ်သက်မိပါကြောင်း ....
    ပြီးတော့ ကိုယ်တိုင်လဲ ဒီလိုဖြစ်နေပါတယ် .... မိုတိုကိုတော့ လိုက်မရွတ်မိသေးပါ။
    ReplyDelete
  18. သဂျီးရဲ့ ကဗျာနဲ့ မမေဓါဝီ ရဲ့ကော်မန့်ကို ဖတ်လေ သဘောကျလေပဲ။
    ကြောင်ဖမ်း...ကိုဆက်ပါဦး။
    ReplyDelete
  19. တဂျီး..ကဗျာတော့ဖတ်သွားတယ်
    ဒါပေမဲ့..တဂျီးရဲ့ဒိုင်ယာလော့တွေက
    အရမ်းမြင့်လွန်းတော့..နားကိုလည်ဘူးကွယ်..
    တဂျီးတို့ကလည်းနေနိုင်တယ်နော်..
    သူမလာကိုယ်ပျောက်ဘဲနော်...
    သူများကမအားလို့မလာတဲ့ဟာကို...
    ReplyDelete
  20. ပျင်းလို့ဖျင်း.. ကျွန်မသိသော်လည်း
    သဂျီးဘော်ဒါ ဖြစ်သောကြောင့်..
    အသေအချာ ကျွန်မပျင်းမိသည်။
    ကြာကြာရှည်ရှည် ကျွန်မပျင်းမိသည်..
    နားနား နားနား ကျွန်မ ပျင်းမိသည်..
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။