Tuesday, 5 July 2011
ငြမ်းဆင်လျက် နွှဲ
စိတ်ဓါတ်တွေ စုပြုံကျနေခိုက်မို့ စိတ်ဓါတ်ငြိမ်းချမ်းစရာ တရားတော်များ၊ စိတ်ဓါတ်အင်အား တက်စရာ ဟောပြောမှုများကို မကြာခဏ အချိန်ပေး နားထောင်ဖြစ်သည်။ စိတ်ဓါတ်အင်အားမြှင့် စာအုပ်များကို မကြာခဏ ဖတ်ဖြစ် မှတ်ဖြစ်သည်။ ဖတ်စရာ မှတ်စရာ နားထောင်စရာများကို ညအခါ၌သာ သူ ပြုလုပ်လေ့ရှိသည်။ အသံကြောင့် စိတ်ဓါတ်ပျံ့လွယ်တတ်သည့် သူ့အတွက် သမာဓိထူထောင်ဖို့ ညအခါသမယသည် အဆင်ပြေဆုံး ဖြစ်သည်။ အင်္ဂလန်၏ နွေညများသည် တိုတောင်းလှသည်။ ည ၁၀ နာရီလောက်မှ အလင်းရောင် စကွယ်သည်။ သို့သော် နံနက် ၃ နာရီခွဲခန့်၌ အလင်းရောင် စပေါ်ထွက်လာပြန်သည်။ ထို့ကြောင့် မအိပ်လိုက်ရဘဲ မိုးလင်းသည်များ သူ ခဏခဏ ကြုံဖူးသည်။
မနေ့ညက ဆရာတော် ဦးဃောသိတ တရားတော်များ နာယူပြီး အိပ်ချင်စိတ် မရှိသေးသည့်အတွက် ဆရာဦးအောင်သင်း၏ ဟောပြောချက်များကို ကျကျနန အာရုံစိုက်ပြီး နားထောင်ဖြစ်သည်။ ဟောပြောချက် ပြီးဆုံးသွားသည့်အခါ နာရီကို မော့ကြည့်လိုက်မိသည်။ နံနက် ၃ နာရီခွဲ။ မကြာမီ ရောင်နီလာတော့မည်။ အိပ်ပျက်ညများ များလာသည့်အတွက် သူ အိပ်စက် အနားယူဖို့ လိုအပ်နေသည်။ အသက် ဥာဏ်စောင့်၊ ဥစ္စာ ကံစောင့် ဟု ဆိုရိုးစကား ရှိသည် မဟုတ်ပါလား။
နွေကာလမို့ ညအပူချိန်သည် ဒီဂရီ ၂၀ ခန့်ရှိသည်။ ပုံမှန်ချမ်းအေးသည့် နိုင်ငံ၌ ထို အပူချိန် ၂၀ သည် ပူစပ်စပ် နိုင်လှသည်။ ထို့ကြောင့် Ventilator ကို ပါဝါ မြင့်မြင့် ဖွင့်ပြီး အိပ်စက်ဖို့ ပြင်ဆင်လိုက်သည်။ မျက်စိမှိတ်ပြီး အိပ်ပျော်ဖို့ ကြိုးစားလိုက်သည်။ ပတ်ဝန်းကျင်မှ ကျေးငှက်မြည်သံများ၊ လူတစ်ချို့ စကားပြောသံများ တိုးတိုးသဲ့သဲ့ ကြားနေရသည်။ အိမ်နဘေးမှ ဖြတ်သန်းသွားသည့် ကားသံများကိုလည်း ကြားနေရသည်။ ကောင်းကင်ထက် သုံးမိနစ် နှစ်စီးကျ ပျံသန်းနေသည့် လေယာဉ်ပျံသံတို့ကိုလဲ ကြားနေရသည်။ မိုးလင်းခါ နီးနေပြီကော။
သူ မှိတ်ကနဲ အိပ်ပျော်သွားသည်။ ထို့နောက် အိပ်မက်ကို ရသလောက် သူ မက်လိုက်သေးသည်။ အိပ်မက်ထဲ၌ သူ့ထံသို့ သူ့အမေ ရောက်ရှိလာသည်။ လေယာဉ်ပျံစီးပြီး လာခြင်း ဖြစ်သည်။ အမေ့မျက်နှာ ပြုံးနေသည်။ ကျက်သရေ အရမ်းရှိသည်။ အမေသည် သူ့အနား ခဏထိုင်ပြီး သူ့ကို အားပေးစကား တတွတ်တွတ် ပြောနေသည်။ ဘ၀ဇာတ်ခုံပေါ်က လူသားတိုင်း အခက်အခဲ အထုအနှက် အစောင်းအမြှောင်း အဆဲအဆို အကဲ့အရဲ့ ခံရတတ်ကြောင်း၊ သူ တစ်ယောက်ထဲ ခံနေရတာ မဟုတ်ကြောင်း၊ မြတ်စွာဗုဒ္ဓတောင်မှ အစွပ်အစွဲ အနှောင့်အယှက်တွေ မကြာခဏ ခံရသေးကြောင်း၊ လျောက်လှမ်းတဲ့ ဘ၀မှာ စိတ်ဓါတ်မကျဖို့ လိုကြောင်း၊ ပညာကိုသာ တစ်စိုက်မတ်မတ် သင်ယူသင့်ကြောင်း၊ ပတ်ဝန်းကျင်ကို အရမ်း ဂရုစိုက်ဖို့ မလိုကြောင်း၊ ပညာတတ်မှ အများအကျိုး သယ်ပိုးနိုင်မှာ ဖြစ်ကြောင်း စသဖြင့် အားတက်စရာ အားရစရာ အားပေးစကားများကို သူ့အား စိတ်ပါလက်ပါ ပြောကြားနေလေသည်။ ထို့နောက် ဆရာဇော်ဂျီ၏ ဗေဒါလမ်း ကဗျာထဲမှ "ပန်းပန်လျက်ဘဲ" ဆိုသည့် ကဗျာလေးအား သံနေသံထားလေးဖြင့် အေးအေးလေး ဆိုပြသည်။ ဘယ်က ပျံ့လွင့်လာသည့်မသိသည့် တီးလုံးလေးကလည်း အမေသီဆိုနေသည့် ကဗျာလေးအား စည်းချက်မှန်မှန် လိုက်တီးပေးနေသည်။ ထိုကဗျာလေးအား ရွတ်ဆိုပြီးနောက် ဖြုတ်ကနဲ အမေ ပျောက်ကွယ်သွားလေသည်။
သူ့ရင်ထဲမှာ ၀မ်းနည်းသလိုလို၊ ၀မ်းသာကြည်နူးသလိုလို ခံစားနေရသည်။ အမေ သူ့ကို ရာသက်ပန် ခွဲခွါသွားခဲ့သည်မှာ ဆယ်စုနှစ်ပင် ကျော်ခဲ့လေပြီ။ သို့သော် အမေသည် သူပျော်ရွှင်စဉ်၊ သူ အဆင်ပြေနေစဉ် သူ့ထံ ရောက်မလာတတ်ပေမယ့် သူ စိတ်ဓါတ်ကျနေသည့်အခါတိုင်း၊ စိတ်ဆင်းရဲမှုတွေ ရောပြွမ်းနေသည့်အခါတိုင်း သူ့ဆီ ရောက်လာတတ်ပြီး အားပေးစကား ပြောပေးလေ့ရှိသည်။ ထိုသည်ပင်လျှင် အမေ့မေတ္တာ ဖြစ်မည်။
နံနက် ၉ နာရီခန့်၌ ဧည့်သည် သူငယ်ချင်းတစ်ယောက် ရောက်လာသည့်အတွက် အိပ်ရာမှ ထလိုက်သည်။ ခဏ စကားပြောပြီး ဧည့်သည် ပြန်သွားသည်။ ထို့နောက် သူ အိပ်မက်ကို ဆက်စဉ်းစားနေဖြစ်သည်။ "စိတ်ဓါတ်ကျမှု၊ အိပ်မက်၊ အမေ"။ သူ့ဘ၀ကို သူ့အမေသည် တမလွန်မှ စောင့်ရှောက်နေသည်ဟု သူခံစားနေရသည်။ သူသွားလေရာ သူ့အမေ လိုက်ပါနေသည်ဟုလည်း သူခံစားနေရသည်။ သူ ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် အမေက အမြဲ မြင်တွေ့နေမည်ဖြစ်သည်။ သူပျော်သည်ဖြစ်စေ စိတ်ညစ်နေသည်ဖြစ်စေ အမေ အမြဲရှိနေမည်။ သို့သော် အမေသည် သူစိတ်ဓါတ်ကျနေသည့်အခါမှသာ သူ့ဆီလာပြီး အားပေးစကား ပြောပေးလေ့ရှိသည်။ အော်.... အမေ... အမေ။
အိပ်မက်ထဲ၌ အမေရွတ်ဆိုခဲ့သည့် ဆရာဇော်ဂျီ၏ "ပန်းပန်လျက်ဘဲ" ကဗျာလေးအား သူ ကြားယောင်နေမိသည်။ ပြုံးတစ်ဝက် ညိုးငယ်တစ်ဝက်ဖြင့် ထိုကဗျာလေးအား သူ တွတ်တိုးဆိုနေမိသည်။ ထို့နောက် သူ့ ကဗျာဥာဏ်အတိုင်း ထိုကဗျာလေးအား ကာရန်အလိုက် ယူကာ သူကိုယ်ပိုင် ကဗျာလေး အဖြစ် ဖန်တီးလိုက်မိသည်။ ထို ကဗျာလေးသည်ပင်လျင် သူ့အတွက် သူ့အမေ ပေးခဲ့သည့် အားဆေး တစ်ခွက် ဖြစ်ကောင်း ဖြစ်နိုင်လေသည်။ "ငြမ်းဆင်လျက်နွှဲ" တဲ့။
ငြမ်းဆင်လျက် နွှဲ
ယောင်ချာချာ၊ ပညာသင်ထွက်ရင်း
ဝိုင်းဖျက်ရာ ပညာပျက်၊ ၀ိုင်းနှက်ရာ ညှဉ်း။
ညှဉ်းကြလဲ တစ်သက်သာ
မုန်းချက်တွေ ရေလို ပေါ၊ နှောစုံလို့ပါ။
အတင်းနဲ့ မာယာ၊ ပညာက ခလေး
မုန်းချက်ပွေ လူ့အတွေး၊ ကြောက်ခဲ့ရသေး။
ကြောက်ရလဲ တစ်သက်သာ
အောက်အကျေ၊ ပြေ* အလုံးက
မုန်းလိုက်ပြန်ရာ။
ယုတ်*လေပေါ့ တော် မရာ*၊ ဘ၀စေရာ ခဏ
ပြန်တစ်ရာ ရိုင်းသမှ၊ ဆော်လိုက်ပြန်ကြ။
ဆော်ပြန်လဲ တစ်သက်သာ
စောင်း*တစ်သွယ်၊ မြှောင်း*မယ်ထဲက
ဆဲချက်က နာ။
သဲလှုပ်ကာ တစ်နာ နှစ်နာ၊ ပညာက ရွှေရင်ထဲ
အနှက် အမာန်* ခံလို့
ပညာထံ မာန်ကိုစွဲ*၊ ငြမ်းဆင်လျက် နွှဲ။ ။
{ကိုကိုမောင် (၀၅၊၀၇၊၂၀၁၁၊ အင်္ဂါနေ့) }
ခက်ဆစ်
*ပြေ = ပြည်
*ယုတ် = ယုတ်မာခြင်း
*တော် မရာ = မတော်မရာ
*စောင်း = စောင်းမြှောင်းခြင်း
*မြှောင်း = စောင်းမြှောင်းခြင်း
*အမာန် = မာန်မဲကြိမ်းမောင်းခြင်း
*မာန်ကိုစွဲ = အားမာန်တင်းခြင်း
.
မှတ်ချက်။
ဆရာဇော်ဂျီ၏ မူရင်း "ပန်းပန်လျက်ဘဲ" ကဗျာလေးကိုပါ တစ်ပါတည်း ဖော်ပြပေးလိုက်ပါသည်။
ပန်းပန်လျက်ဘဲ
ညိုပြာပြာ၊ လတာပြင် ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း။
ဆင်းရလဲမသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့သာ။
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ။
မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ မဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ဘဲ။
[ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)]
ဝန်ခံချက်။
ဆရာဇော်ဂျီ၏ မူရင်း ကဗျာကာရန် အတော်များများအား လိုက်တုထားပါသည်။ တမလွန်မှ ဆရာဇော်ဂျီ ခွင့်လွတ်နားလည်နိုင်မည်ဟု ယူဆပါသည်။ ကဗျာကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက် လုံးဝ မပါဘဲ မိမိ၏ ခံစားချက်အတိုင်း ရေးစပ်လိုက်မိခြင်း ဖြစ်သည်။ (ကိုကိုမောင်၊ ပန်းရနံ့)။
.
20 comments:
  1. သူဂျီးမင်း ရဲ့ “ ငြမ်းဆင်လျက်နွဲ ” ကဗျားအား ကြိုက်မိပါသည်။
    ဒီတစ်လောထူးခြားတယ်ဗျာ... သည်ကဗျာ ကာရံကို မူကွဲဖတ်ဖူးတာ ဒါနဲ့ဆို နှစ်ခု ရှိသဗျ။
    အော်...နောက်တစ်ခုက ဒီနေ့မှ အင်တာနက် ကောင်းချိန် အင်္ဂါဟူးက သူဂျီးမင်းရဲ့ အင်္ဂါနေ့ မှာရေးတဲ့လ ကဗျာကို တိုက်တိုက်ဆိုင်ဆိုင် ဖတ်ရသဗျ.. ဟီဟိ ဘာမှလဲမဆိုင်ဘူးနော်.
    ReplyDelete
  2. ဒီလိုပါပဲဗျာ....ဘဝတွေက....၊ဘဝရဲ့အထုအထောင်းကို
    မခံရတဲ့အချိန်ကခပ်ရှားရှားရယ်....၊စိတ်ဓာတ်မကျနဲ့ဗျိုး..။
    တဂျီးမေမေပြောသလို ပတ်ဝန်းကျင်ကိုလည်း သိပ်ဂရုစိုက်
    မနေနဲ့ဗျာ....၊အစစအဆင်ပြေပါစေဗျိုး.....။
    ReplyDelete
  3. ကျန်းမာပါစေမင်္ဂလာပါ သူကြီး
    လာရောက်ပြီးမဖတ်ရသေးတာတွေအကုန်လှန်ပြီးဖတ်သွား
    တယ်ဗျို့ -ကဗျာရေးတယ်နိပ်သကိုး-------
    ReplyDelete
  4. စိတ်ဓါတ်ကျစရာ အချိန်ကတော့ လူတိုင်းတချိန်ချိန်ခံစားရတယ်လို့ထင်ပါတယ်။
    ပုံစံချင်းသာကွားကြတာကိုး။ အဲဒီအချိန်မှာ အိပ်မက်ထဲထိ အားပေးစကားပြောတဲ့ အမေ့မေတ္တာက နက်ရှိုင်းလိုက်တာ။ အမေ့မေတ္တာ အားပေးစကားလေးက သူဂျီးကိုကိုမောင်အတွက် ခွန်အားတခုဖြစ်မှာပါ။ ကဗျာကောင်းတပုဒ် ဖတ်သွားရတယ်။
    စိတ်ငြိမ်းချမ်းပါစေ။
    ခင်မင်လျက်
    သဒ္ဓါ
    ReplyDelete
  5. သူဂျီးမင်းရေ Good Evening နော်။ (အင်္ဂလန်မှာမို့ အင်္ဂလန်စံတော်ချိန်နဲ့ နှုတ်ဆက်လိုက်သည်)
    အော်...အမေ အမေ မေတ္တာကြီးမားလှတဲ့ အမေပါလား
    နော်။ "ပတ်ဝန်းကျင်ကို သိပ်ဂရုစိုက်စရာ မလိုဘူး"ဆိုတာ
    လေးကို သဘောကျတယ်ဗျာ...
    ကျန်းမာပျော်ရွှင်ပါစေနော့...
    (သူဂျီးမင်းရေ စကားမစပ် အားလို့ရှိရင် ကြီးမေရဲ့ "ကျမနဲ့ ပါဠိစာများ"ဆိုတာကို သွားလည်လိုက်ပါဦးနော်။ တအားရယ်ရလို့ပါဆို။ ဘုန်းဘုန်းတော့ ရယ်ပြီးပြီ။ သူဂျီးမင်းကိုလည်း ရယ်စေလို၍ သွားလည်ခိုင်းခြင်း ဖြစ်သည်)
    ReplyDelete
  6. ကဗျာစပ်တာလဲံ ကောင်းတာပဲလားအကို...:)
    အိမ်ကိုတောင် သတိရသွားတယ်...
    ကဗျာခေါင်းစဉ်လေးက လှလိုက်တာနော်..
    ငြမ်းဆင်လျှက် နွဲ ...
    ReplyDelete
  7. နမ်းချင်လျက် လွဲ
    ဟောင်ဖွာဖွာ၊ ညောင်နာနာ နေရင်း
    သိုင်းကွက်ရှာ အိမ်သာတက်၊ ပြိုင်းလျက်သာ ဆင်း။
    ဆင်းခဲ့လဲ ဗိုက်နာ
    အတုံးအဖတ်တွေ ရေပေါလော၊ ရောစုံလို့ “ပါ”
    မငြင်းနဲ့ကွာ၊ လေညာက မွှေး
    ပြုံးလျက်လေ သူ့နဘေး၊ ပေါက်-ခဲ့ရသေး။
    ပေါက်ရလဲ မသက်သာ
    နောက်တချီ၊ ဒီအလုံးက
    အမုန်းပေါ့ နံတာ။
    ပုပ်လေပေါ့ အတော်သာ၊ မျက်ရည်ပါ အကျ
    မခံသာ အခန်းဝ၊ အော်လိုက်ပြန်ကြ။
    အော်ပြန်လဲ မထွက်လာ
    နှာခေါင်းတကယ်၊ ကောင်းတယ်ပဲလား
    သဲချက်က သာ။
    ပဲပြုတ်က မကြာမကြာ၊ ညနေစာကျ အပီဆွဲ
    မနက်ဖြန် ပြန်မလို့၊
    မနေသာပြန် နံလို့ပဲ၊ နမ်းချင်လျက် လွဲ …. ။
    ဗြဲဟဲဟဲ ….
    တဂျီးမင်း၏ ကူးချကဗျာကာရန် အတော်နည်းနည်းအား လိုက်တုထားပါသည်။ တုံးဖလားမှ တဂျီးကိုကိုမောင် ခွေးလွှတ် နွားလည် နိုင်မည်ဟု ယူဆပါသည်။ တဂျီး၏ ကဗျာကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက် အပြည့်ဖြင့် တဂျီး၏ ခံစားချက်ကို အငှားခံစား၍ ရေးစပ်လိုက်ခြင်း ဖြစ်သည် ။
    ReplyDelete
  8. ဘယ်တုန်းကကျသွားတာတုန်း အဲ့စိတ်ဓါတ်က!!!
    လူ့ဘ၀ဆိုတာ အဲဒီလိုဘဲ မဟုတ်ဘူးလား သူကြီးရဲ့။
    Life is struggle, comfidence is necessary. တဲ့။ဖတ်ဖူးတာ။
    ကိုယ့်ကိုကိုယ် ယုံကြည်မှု့ထားပြီး ကျော်သွား
    လိုက်ပါ... သူကြီးအမေပြောသလိုဘဲ စာကိုသာ
    သေချာလုပ်မှပေါ့...
    ReplyDelete
  9. ဆန်းကျယ်မှုတွေ ထူပြောလှတဲ့ လူ့လောကကြီးထဲ ကြုံတွေ့ရသမျှ သောကမုန်တိုင်းကြားမှာ ဒုက္ခပယ်လယ်ဝေတိုင်း အနီးကပ်စောင့်ရှောက်နေတာ 'မာတာမိခင်' ဆိုတာ လက်ခံပါတယ်ကွယ်။
    အလားတူ အန်တီ့ကျတာ့ အန္တရာယ် ကျရောက်တော့မယ်ဆိုရင် မတိုင်ခင်တစ်ရက်မှာ မေမေ့ကအိပ်မက်ထဲမှာ ကြိုတင်သတိလာပေးတာ မျိုးမက်တတ်တယ်။
    ကဗျာကောင်းလေးကလည်း အားမာန်အပြည့်ပါပဲ။ စိတ်ဓာတ်အစဉ်ကြည်လင်ပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  10. တယ်ဂျီးမင်းစိတ်ဓတ်ကျနေတုန်းတွေးမိသလား
    ကျနေလို့ဘာတွေထူးလာလဲလို့လေဗျာ
    ဘာမှမထူးရင်တော့ ကျမနေနဲ့တော့
    ဖြစ်သမျှပြီးခဲ့ပြီပဲ ရှေ့လည်းဆက်ရမှာပဲ
    အကောင်းဆုံးတွေလုပ်ခဲ့တာပဲ မကောင်းတာလေးနည်း နည်းလေးတော့ကြုံလာမှာပေါ့ အားတင်းထားပါ တယ်ဂျီး
    တဂျီးကိုအားပေးနေမယ့်
    မောင်ဘကြိုင်
    နေပြည်တော်မှလာသည်
    ReplyDelete
  11. ချော(အစိမ်းရောင်လွင်ပြင်)Wednesday, 6 July 2011 at 07:09:00 BST
    သူဂျီး
    စိတ်ဓာတ်ကျနေတဲ့အချိန်မှာတော့ တစ်ကမ္ဘာလုံးမှာ စိတ်ညစ်စရာအကောင်းဆုံးအချိန်လို့ ထင်တတ်ပေမဲ့ အချိန်တန်လို့ ကျော်ဖြတ်ပြီးသွားချိန်မှာတော့ ဘာမှမဟုတ်တော့တာ တွေ့ရမှာပါ။
    လူတိုင်းမှာ စိတ်ညစ်စရာတွေ ရှိပေမဲ့ အချိန်တန်ရင် ပြန်ပြေလည်သွားတာပါဘဲ။ သူဂျီးမင်းလဲ မကြာခင်မှာ ပုံမှန်အတိုင်းပြန်ဖြစ်လာမှာ သေချာပါတယ်။
    ReplyDelete
  12. သဂျီး စိတ်ညစ်ညစ်နဲ့ ငြမ်းပေါ်က ပြုတ်ကျလို့ "တုံးဖလားသဂျီး ငြမ်းပေါ်မှ ပြုတ်ကျခြင်း" ဆိုပြီး လန်ဒန်ဂေဇက်ထဲ ပါနေပါအုံးမယ်။
    ဒါနဲ့ ကဗျာရဲ့ ခက်ဆစ်တွေက အရောင်တအား မှိန်နေလို့ မမြင်ရဘူး။ select လုပ်ပြီး ဖတ်မှရတယ်။ သဂျီးခက်ဆစ်က ခက်ခက်ခဲခဲ ဖတ်မှ ရလို့ ခက်ဆစ်ခေါ်တာထင်တယ်နော်။
    ReplyDelete
  13. သကြီးမင်း ရေ
    ဘာတွေ စိတ်ညစ်နေတာလည်း စိတ်ညစ်ရင် ရီးစားပစ် သွားတတ်တယ်တဲ့
    အဆက်လေး ရေးဘို့လည်း မမေ့နဲ့အုန်းနော် မျှော်နေတယ်
    ReplyDelete
  14. ကဗျာလာဖတ်ပါတယ်ရှင်..
    ဆက်ရန်ကိုမျှော်နေပါတယ်.
    ReplyDelete
  15. စာကြည့်ဖို့တွက် သူကြီးထိုင်
    ခုံစောင်းပေါ်မှာငိုင်...
    စိတ်မဖြေနိုင် အကြံဆွေး
    သူကြီးကဗျာရေး...
    ရေးခဲ့သမျှ သူကြီးစာ
    ရွှင်မြူးအားရစွာ...
    ဒီတစ်ခါ အကြံပျက်
    သူကြီးအသံထွက်...
    အကြံဆွေးရင်း အတွေးလည်
    ဗေဒါလမ်းနဲ့သွယ်...
    မဗေဒါကို စာမြှောင်ကပ်
    သူကြီး ကဗျာစပ်...
    စပ်တဲ့ကဗျာ ဖတ်မိရာ
    သူကြီးပြောလိုရာ...
    ရင်ထဲမှာ စာနာမိ
    သူကြီး မှန်ပါ၏...
    လောကကြီးမှာ လူဖြစ်လာ
    ဒုက္ခပေါင်းစုံပါ...
    ကြုံပလေ ဘုံဘဝ
    ခံကြရရုံပ...
    အနင်းခံရင်း အရင်းသန်
    စပါးလိုကျင့်ရန်...
    စာမှန်မှန် မြန်မြန်ကြည့်
    တိုးတက်စေချင်၏ ။ ။
    ပန်းရနံ့ရေ...ဘာပဲဖြစ်ဖြစ် စိတ်မညစ်ကြေးပေါ့ဗျာ...ဘယ်သူမဆို နေရာဒေသနဲ့ ပုံစံသာကွဲမယ် တစ်နည်းနည်းနဲ့တော့ စိတ်ပျက်စရာ၊ စိတ်ရှုပ်စရာတွေ တွေ့စမြဲပါပဲ...အကောင်းဆုံးကတော့ ဆရဖေမြင့်ပြောသလို “မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား”လို့ ကိုယ့်ကိုယ်ကို အပြန်ပြန်အလှန်လှန်မေးရင်း လာမယ့်ဘေး ပြေးတွေ့ပစ်လိုက်ရုံပေါ့....
    ကြောင်ဖမ်းဆရာတော်ကိုလည်း မျှော်လျှက်ပါဗျား...
    ReplyDelete
  16. မြင်ရာမြူးတဲ့ အင်္ဂါဟူး။
    အစိမ်းကိုင်နေတဲ့ ညိမ်းနိုင်။
    အဖြစ်ထူးတဲ့ ဂျစ်တူး။
    မကြာစိုင်းတဲ့ သဒ္ဓါလှိုင်း။
    ရောက်သမျှ လည်ချင်တဲ့ တောက်ပကြယ်စင်။း))
    တိမ်နွယ်ပိုင်တဲ့ အိန်ဂျယ်လှိုင်။
    အပြောဖိတတ်တဲ့ အနောနိမတ်စ်။
    သတိလွန်တဲ့ မိခွန်။
    ဥာဏ်မှီကျင့်တဲ့ အန်တီတင့်။
    အောင်မှ ကိုင်တဲ့ မောင်ဘကြိုင်။
    အလှ ပေါတဲ့ အမချော။
    ပညာစည်တဲ့ မေဓာဝီ။
    အလှတွေဆင်တဲ့ အမရွှေစင်။
    အလွမ်းမရှာတဲ့ ပန်းကဗျာ။
    အသာ မာန်ဖီတဲ့ ဆရာဟန်ကြည်။
    စာနဲ့တစ်ဖုံ ကဗျာနဲ့တစ်မျိုး မရိုးရလေအောင် တွတ်တိုးအားပေးစကား ပြောပေးကြတာ သူကြီးမင်းဖြင့် ၀မ်းသာလို့ မဆုံးပေဘူး။ ဒါကြောင့်မို့ အပေါ်ပါ သူတို့အား (အထက်ပါ ပုဂ္ဂိုလ်တို့အား)ကျေးဇူးတင်ကြောင်း သူကြီးလက်ဖြစ် ကန့်ကူလက်ချောင်းများနဲ့ ကွန်ပျူသင်ပုန်းပေါ် မှတ်တမ်း တင်လိုက်ပေတယ်။ (သူကြီးမင်း)။း)))))
    ReplyDelete
  17. စိတ်ဓါတ်တော့ အကြာကြီး မကျနဲ့ သူဂျီးရေ။
    လောကကိုက သူတလှည့် ကိုယ်တလှည့် မဟုတ်လား။
    စိတ်ညစ်စရာရှိရင်လည်း အားတင်းထားဗျာ။
    ReplyDelete
  18. သူဂျီး “ ငြမ်းဆင်လျက်နွဲ ” ကဗျာနဲ့အတူ ခံစားသွားရပါတယ်။ အမေ့စကားအတိုင်း ပန်းပန်နိုင်ပါစေ..။ စိတ်ဓါတ်တွေ မကျစေနဲ့တော့။ ကျရင် ပြန်ကောက်တင်ထားပါ (နောက်စ်)
    ReplyDelete
  19. အားလုံး အားပေးထားတာ ထပ်မပြောတော့ပါဘူး။
    တော်ကြာ အားတွေများပြီ တအားစာတွေ ကျက်ကုန်မှ ထိပ်ဆုံးထိတက်သွားရင်
    ကျန်တဲ့သူတွေကို မမြင်ပဲ ဖြစ်မှာစိုးလို့ ပါ။
    အမေက လေယာဉ်ပျံနဲ့ တောင် လာ အားပေးထားတာပဲဟာ နော့
    ReplyDelete
  20. ဘာကိုစိတ်ညစ်တာတုန်းသူကြီးမင်းရဲ့ ။သူကြီးမင်းဘ၀ကို အားကျနေတာပါနော်။ဘိလပ်မှာကျောင်းတက်ရတာနဲတဲ့ကုသိုလ်လားလို့ဒီမှာဆို ရောက်ကတည်းကလုပ်လိုက်ရတဲ့အလုပ်။
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။