Friday, 29 April 2011

နှင်းဆီမှတ်တမ်း


နေပွင့်လိုက် မိုးအုံ့လိုက်ဖြင့် ရာသီဥတုက သာယာနေသည်။ ဒီနေ့မှာ ခါတိုင်းနေ့ထက် ခပ်စောစော အိပ်ရာက ထဖြစ်သည်။ အစာလာစားနေကျ ငှက်ကလေးများ သူ အစာကျွေးရာသို့ မရောက်ကြသေး။ ကိုယ်လက်သန့်စင်ပြီး ကော်ဖီ သောက် ဖြစ်သည်။ ထို့နောက် ထုံးစံအတိုင်း တီဗီဖွင့်ကြည့်ဖြစ်သည်။ အော်... ဒီနေ့ သူတို့ မင်္ဂလာဆောင်တဲ့နေ့ပါလား။

အလွှာပေါင်းပုံမှ လူပေါင်းစုံကို မြင်ရသည်။ နေရာအသီးသီးမှ ဆလီဘရတီတို့ကို တွေ့ရသည်။ မင်းပေါင်းစုံ မိဖုရားပေါင်းစုံကို ကြည့်ရသည်။ အ၀တ်အစားများက ဆန်းကြယ်သည်။ ခင်းကျင်းပုံက သပ်ရပ်သည်။ ပြင်ဆင်ပုံက ခန်းနားသည်။ မင်းတို့ပုဆိုး ပိုးချည်းပင်တည်း။

မင်္ဂလာဘိသိက်ခံရာ ၀က်စ်မင်စတာအပ်ဘေးသို့ သတို့သား အရင် လာသည်။ သတို့သမီး နောက်မှ လာသည်။ သတို့သား သတို့သမီး သွားရာ လမ်းတလျှောက် လက်ခုပ်တီးသံ ညံနေသည်။ ကောင်းချီးပေးသံ လှိုင်နေသည်။ ဂုဏ်ယူအပြုံးဖြင့် ဖုံးလွှမ်းနေသည်။ ပီတိရောင်ဖြင့် တောက်ပြောင်နေသည်။ သူတို့ မင်္ဂလာပွဲ ခြိမ့်ခြိမ့်သဲ စည်ကားလှသည်။ သန့်သန့်ရှင်း အပြစ်ကင်းလှသည်။

သူတို့မင်္ဂလာဆောင်သည့်နေ့၌ တနိုင်ငံလုံး တရားဝင် ရုံးပိတ်သည်။ အထင်ကရ နေရာများ၌ ဧရာမ တီဗီဖန်သားပြင်ကြီးဖြင့် လူထုအား အခမဲ့ ပြသပေးသည်။ သိန်းချီသည့် ပြည်သူလူထုကလဲ လှိုက်လှိုက်လှဲလှဲ အားပေးကြသည်။ သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ တက်တက်ကြွကြွ လက်ဝေ့ယမ်းပြကြသည်။ ပျော်ပျော်ရွှင်ရွှင် သံပြိုင်တေး သီဆိုကြသည်။ ကြည့်ပါဦး။ ကမ္ဘာ့လူထု သန်းပေါင်း ၂၀၀၀ ကျော် သူတို့ မင်္ဂလာပွဲကို တိုက်ရိုက် ကြည့်ကြသည်တဲ့။ အားကျဂုဏ်ယူဖွယ် ကောင်းလိုက်ပါဘိ။

ပီတိပြုံးဖြင့် ပြုံးနေသည့် ဗြိတိန်ဘုရင်မကြီးကို ငေးလိုက်၊ သတို့သား သတို့သမီးတို့ကို ရှိုးလိုက်၊ မင်းခမ်းမင်းနားကို ကြည့်လိုက်၊ ဆလီဘရတီတို့ဆီ မျက်စိရောက်လိုက်ဖြင့် တစ်စုံတစ်ခုကို တွေးတောရင်း သူ လွမ်းမောလာသလို ခံစားရသည်။ ဆွေးမြေ့လာသယောင် ဖြစ်လာသည်။ လူတိုင်း ဝေဒနာကိုယ်စီ ရှိကြသည်လေ။ သူလဲ လောကီလူသားပေကိုး။ သူ့အလွမ်းအဆွေးသည် မင်းသမီးလေး ကိတ်နဲ့ တိုက်ရိုက် ပတ်သက်နေသလားဆိုတာကိုတော့ ဘယ်သူက သူ့ထက် ပိုသိနိုင်ဦးမည်နည်း။း)))))

ဖန်သားပြင်မှ တဆင့် မင်္ဂလာအခမ်းအနားကို ကြည့်ရင်း သူ မျက်လုံးတွေ ရီဝေနေသည်။ လသာဆောင်ပေါ်၌ သတို့သားက သတို့သမီးကို ခပ်ဖွဖွလေး စွဲမက်စွာ နမ်းရှိုက်လိုက်တာကို မသဲမကွဲ သူ တွေ့ရသည်။ ထို့နောက်တွင်မူ ဖန်သားပြင်မှ ပုံရိပ်တို့သည် သူ၏ မျက်လုံးထဲ မ၀င်ရောက်နိုင်တော့ပေ။ သူ့မျက်လုံးသည် သူ့ကိုယ်ပိုင် ဖန်သားပြင်ပေါ်၌ သူ့ကိုယ်ပိုင်ပုံရိပ်တို့ကို ဖန်တီးနေမိသည်။ သူ့ကိုယ်ပိုင် ရုပ်ပုံလွှာတို့ကို ရေးဖွဲ့နေမိသည်။ ပတ်ဝန်းကျင်က ကြာမြင့်စွာ တိတ်ဆိတ်သွားသည်။ ထိုတိတ်ဆိတ်မှုက သူ့ကို ပို ဆွေးမြေ့စေသည်။ ပို တမ်းတစေသည်။ ဘယ်သူ ကူ၍ ကယ်နိုင်ပါအံ့နည်း။ စိတ်လွှာပုံပေါ်၌ မနောစုပ်တံဖြင့် အတိတ်ပန်းချီကား တစ်ချပ်ကို သူပြင်ဆင်လိုက်သည်။ ထို့နောက် ထိုလွှာပုံပေါ်၌ ကဗျာတစ်ပုဒ်ကို သူ ကောက်ခြစ် လိုက်မိသည်။ နှင်းဆီမှတ်တမ်းတဲ့။


နှင်းဆီမှတ်တမ်း

အကန်းရူးလို့ ဆိုချင်ဆိုတော့
အရမ်းမူးတဲ့ ညတစ်ညမှာ
အနမ်းထူးလေး ရဖို့အတွက်
ပန်းခူး ထွက်ခဲ့မိတယ်။


အဲဒီအခါ..
လမင်း အလွန်သာတဲ့
ညခင်း အဏ္ဏ၀ါထဲ
အလှသတင်း စည်နေတဲ့
ည နှင်းဆီ တစ်ပွင့် တွေ့ခဲ့ပါလေရော။


ကံဇာတာကြောင့်လား
ကံကြမ္မာကြောင့်လား
စန္ဒာ ကူလို့လား
ကြံရာ တူလို့လား။


နှင်းဆီ လာအယိမ်းမှာ
သူ တိမ်းမထွက်ခဲ့ဘူး
သူ တိမ်းမထွက်ပေမဲ့
နှင်းဆီ အယိမ်း မပျက်ခဲ့ဘူး။


အဲဒီလို.. အဲဒီလိုနဲ့
နှင်းဆီနှင့်သူ
သူနှင့်နှင်းဆီ
ညခင်း အလီလီမှာ
ဘ၀ချင်း တေးသီကြရောပေါ့။


သံသရာအလည်မှာ
အန္တရာယ်တွေ မျက်ကွယ်ရှု
ရန်စွယ်တွေ ပျက်ရယ်ပြုပြီး
အမှန်တကယ် ငှက်ငယ်ကို တုခဲ့ကြတယ်။


ရိုးတံကို အဆုပ်မှာ
ဖြုတ်ကနဲ စူးလာတဲ့ ဆူး
ရုးချင် ရူးသွားစမ်းပါစေ
သူ ဖြေမချခဲ့ဘူး။


ဝံ့ကြွားနေတဲ့ နှင်းဆီအပြုံး
စွင့်ကားနေတဲ့ နှင်းဆီဆံထုံး
ကျင့်အားငယ်တဲ့ သူ့နှလုံး
အပူမီးတွေ တအုံးအုံးပေါ့။


ဒါနဲ့ဘဲ..
ရွှေရည်အလူး
နေခြည် အကူးမှာ
ကျီစယ်ကာ မြူးကြတော့
ချွေကာ ခူးချင်စိတ် ပေါက်ခဲ့မိရော။


ဒါပေမဲ့
ပွင့်လွှာလှစေဖို့
သင့်ရာ ခဏတွေမှာ
ချင့်ကာဘဲ ကခဲ့ကြတယ်လေ။


တစ်နေ့... အဲဒီတစ်နေ့
နွေလေသရမ်း အလှုပ်မှာ
ဝေနေတဲ့ ပန်းလေး ပြုတ်ကျခဲ့တယ်
ဒါပေမဲ့...
အဖိုးတန်တဲ့
ရိုးတံကိုတော့ သူ ဆုပ်မ၀ခဲ့သေးဘူး။


အဲဒီနေ့က..
နှင်းဆီမှာလဲ မြေအခ ကြွေမွ
သူ့ရင်မှာလဲ နွေတမျှ ပူလှ
နှင်းဆီမှာလဲ အတွေးတွေဖွဲ့
သူ့လက်မှာလဲ သွေးတွေနဲ့။


အဆွေးတွေနဲ့ ပြတ်ကျ
သွေးတွေနဲ့ ပြတ်ရှ
ဖတ်မရတဲ့ နှင်းဆီစာအုပ်
ဘာ ဘုတ်မာခ်မှ မလုပ်ဘဲ
ဖြုတ်ကနဲ သူ ပိတ်လိုက်မိတယ်။


အဲဒီညမှာ
မိုးဒေ၀ါဟာ
အညှိုးတွေနဲ့ ရွာချလိုက်ပါရော။


အော်..
ခပ်တမ်းတမ်း ဘ၀မို့
ဇာတ်လမ်း မလှခဲ့ကြပေမဲ့
ပြတ်ခန်း ကမူလေးမှာတော့
မှတ်တမ်း ထူနိုင်ခဲ့သေးတာပါဘဲလေ။

မှတ်တမ်း ဖြူ နိုင်ခဲ့သေးတာပါဘဲ။ ။



မှတ်ချက်။
ဤကဗျာလေးဖြင့် ဒီနေ့မှာ ကျရောက်တဲ့ မင်းသား ၀ီလျံနဲ့ မင်းသမီး ကိတ်တို့ရဲ့ နန်းဆန်ဆန် မင်္ဂလာပွဲကို အခုတ်တရဂုဏ်ပြုလိုက်ပါသည်။

...

15 comments:

  1. ကောင်းလိုက်တဲ့ ကဗျာ။
    အချီအချလေးကို သဘောကျတယ်။

    ReplyDelete
  2. Update သတင်းနဲ့ နှင်းဆီကဗျာလေးကို ဖတ်သွားပါတယ်

    ReplyDelete
  3. ဒီမှာ..ဒီမှာ
    မပီကလာ ပီကလာတွေ ဖွဲ့တဲ့ ကိုအ၀ှာ
    တီတီတာတာ တေးချင်းတွေလှိုင်တော့
    ဟော ဟိုက နှင်းဆီတစ်ခိုင်လည်း ဖျော့
    သြော်...သူကြီးမင်းလည်း မျော့လို့ပါပေါ့
    :DDDD

    ReplyDelete
  4. တစ်ကယ့်ကောင်းတဲ့ ကဗျာပဲ အကို....
    မိုက်လိုက်တာနော်....အကိုတို့များ
    :):):)
    ကောင်းသောနေ့လေးဖြစ်ပါစေ အကို။

    ReplyDelete
  5. ဟင်း...ကိတ်နဲ့တဂျီးနဲ့ပဲ ဘာလိုလို....:D
    ကဗျာလေးလှသဗျာ...အဖွဲ့လေးတွေက နွဲ့နေလိုက်တာများ....။

    ReplyDelete
  6. အော် သူဂျီးက ကိတ်နဲ့ ဘာလိုလိုဖြစ်ခဲ့တာကိုး
    ဘာလို့များ သူဂျီးကိုမရွေးဘဲ ၀ီလျှံကို ကိတ်က ရွေးသွားတယ် မသိနော်
    တကယ်ဆို ၀ီလျှံက သူဂျီးလောက်လည်း ဥပတိရုပ်က မခန့်ဘဲနဲ့
    ဟိဟိ (မမြင်ဖူးဘဲ မြောက်သွားသည်)
    သူဂျီးခမြာ အတော်ခံစားနေရပုံဘဲ
    ကဗျာတွေတောင် စာလုံးတွေ ပြောင်မြောက်လွန်းနေတယ်

    ReplyDelete
  7. လှလိုက်တဲ့ကဗျာ...း))... သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကတော့ တကယ်ကို အေးချမ်းကြည်နူးဖို့ကောင်းလွန်းလှတယ်...


    ခင်မင်လျက်
    နေ၀ဿန်

    ReplyDelete
  8. တော်ဝင် ကဗျာပါ။
    ထုံးစံအတိုင်း ကာရံတွေနဲ့ စကားလုံးတွေကို ကြိုက်တယ်။
    ဒီနေရာလေး
    ⇒အဆွေးတွေနဲ့ ပြတ်ကျ
    သွေးတွေနဲ့ ပြတ်ရှ
    ဖတ်မရတဲ့ နှင်းဆီစာအုပ်
    ဘာ ဘုတ်မာခ်မှ မလုပ်ဘဲ
    ဖြုတ်ကနဲ သူ ပိတ်လိုက်မိတယ်။

    “နှင်းဆီ” ရယ် “သွေး” ရယ် “ဘုတ်မာခ်” ဆိုတဲ့စကားလုံးတွေကို တပုဒ်တည်းမှာ ဖတ်ရတာ ကဗျာကို ပို အရှိန်တက်စေသလိုပဲ။

    ReplyDelete
  9. ကဗျာဥာဏ်ကို လေးစားတယ် သူဂျီးမင်းရယ်။

    ReplyDelete
  10. ဘုန်းဘုန်းလည်း ကိတ်ကို သိပ်ကြိုက်တယ်။ (ကိတ်မုန့်ကို ပြောတာပါ။) အဟိ။ ချောပြောတာ သဘောကျလိုက်တာ။ ထပ်မံရယ်လိုက်ပါရစေနော်။ ဟဟ။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ ဒကာတော် ကိုသူဂျီးမင်း။

    ReplyDelete
  11. သားမင်္ဂလာဆောင်တော့အမေကိုတောင်
    သတိရမိသွားသေးတယ်..ဒိုင်ယာနာအကြောင်း
    အဆင်ပြေရင်မှတ်တမ်းလိုမျိုးလေး
    ရေးပါဦးလားတဂျီးမင်း..တဂျီးGmaiူ လေးရှိရင်
    ပေးပါလား..

    ReplyDelete
  12. ထိထိ ရှရှ ရှိလိုက်တဲ့ ကဗျာ လေး

    ReplyDelete
  13. သကြီး ရေ

    မိုက်တယ်ဗျို့ ကျောက်ကိုသတိရတယ်

    ReplyDelete
  14. သူကြီးရဲ့ နှင်းဆီမှတ်တမ်း ကဗျာကို ဖတ်ပြီး ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ ကဗျာတပုဒ် ရေးဖြစ်သွားတယ်။ တော်ဝင်မဟုတ်တဲ့ ပန်းတပွင့်ရဲ့ ကြေကွဲမှတ်တမ်း ဆိုပါတော့ ... ။
    =============================

    “ကြေကွဲမှတ်တမ်း”
    ----------------------
    အလှသတင်းစည်တဲ့
    ည"နှင်းဆီ"လဲ မဟုတ်
    လမျှော်တဲ့ ကြာ
    “ကုမုဒြာ”လဲ မဟုတ် ...
    ရုပ်အဆင်း မလှ
    အညတြ ပန်းတပွင့်ရယ်ပါ ... ။

    ဆူးမဲ့တဲ့ပန်းပေမို့ ...
    မခူးနဲ့စမ်းလေလို့ ဆိုပါလျက်
    သူ ... လက်ကမ်းလာခဲ့တယ်။

    အငြင်းခက်လို့လား
    မငြင်းရက်လို့လား
    အတားအဆီးများကြားက
    တအားနီးသွားခဲ့ပြန်တယ်။

    မချစ်သင့်လေသလား
    အပြစ်သင့်လေမလား
    အထပ်ထပ် စဉ်းစားခဲ့ပေမဲ့
    နှလုံးသားကို အလိုလိုက်
    ကိုယ် ... မိုက်ခဲ့မိလေတယ်။

    ငြိတွယ်တဲ့ သံယောဇဉ်
    ဖြူစင်တဲ့ မေတ္တာတရား
    တန်ဖိုးထားရင်း ဆုပန်
    သံသရာမှာ အဖန်ဖန် အခါခါ
    ပြန်သာဆုံရပါစေသား ...
    ပြည့်လို ပြည့်ငြားနဲ့ ... ။

    ဒါပေမဲ့ ... တနေ့ ...
    အဲဒီတနေ့မှာ ...
    နွေလေလဲ မသရမ်း
    လေပြေလဲ မဖြန်းဘဲ
    ဝေနေတဲ့ ပန်းလေးကို
    ခပ်ကြမ်းကြမ်း လှုပ်ခြွေချ
    မြေခ ... ကြွေကျလို့
    ကြေမွခဲ့ရပါလေရော ... ။

    သူပါပဲ ...
    ပန်းကို လှမ်းခဲ့တယ် ...
    ပန်းကို ကမ်းခဲ့တယ် ...
    ပန်းကို နမ်းခဲ့တယ် ...
    နောက်ဆုံးတော့ ...
    သူ့ကြောင့်ပဲ ...
    ပန်းကလေးဟာ နွမ်းသွားခဲ့လေတယ်။

    နာကြင်နေတဲ့ အသည်း
    စိုရွှဲနေတဲ့ မျက်ရည်
    ဒဏ်ရာများရဲ့ သက်သေအဖြစ်
    မှတ်တမ်းတင် ကမ္ဗည်းထိုး
    အညှိုးတွေနဲ့ နာကြည်း
    အပူမီးတွေ တောက်လောင်ခဲ့ရတယ်။

    သြော် ...
    ဇာတ်လမ်းလဲ ပြတ်မှတော့
    မှတ်တမ်းလဲ ရပ်ခဲ့ရပြီပေါ့ ...
    ဖတ်မရတော့တဲ့ အလွမ်းမှတ်တမ်း
    ဒီမှာပဲ တခန်းရပ်
    အဆုံးသတ်လိုက်ပါတော့တယ် ... ။
    ++++++++++++++++++++++

    ReplyDelete
  15. အားကျနေတာလားသူကြီး။
    ကဗျာလေးက ကာရံယူထားပုံ ကောင်းတယ်။

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။