Saturday, 9 April 2011

အဲဒီနေရာလေး


အဲဒီ နေရာလေးမှာ
ကြယ်တွေ စုံခဲ့ဖူးတယ်။ ကြယ်တွေ ကြွေခဲ့ဖူးတယ်။ သိုက်သိုက်ဝန်းဝန်း ကြည်နူးခဲ့ဖူးတယ်။ ရက်ရက်စက်စက် ကြေကွဲခဲ့ဖူးတယ်။ မိသားစုလိုက် ငိုရှိုက်ခဲ့ဖူးတယ်။ အဖော်မဲ့ ကြိတ်ငိုခဲ့ဖူးတယ်။ သောင်းသောင်းဖျဖျ ပျော်ခဲ့ဖူးတယ်။ အထီးကျန် ပြုံးခဲ့ဖူးတယ်။ ထမင်းလက်ဆုံ စားခဲ့ဖူးတယ်။ ရေအတူ သောက်ခဲ့ဖူးတယ်။ အဲဒီလို ကြယ်တွေ စုံလိုက် ကြယ်တွေ ကြွေလိုက် ကြည်နူးလိုက် ကြေကွဲလိုက် ၀မ်းနဲလိုက် ၀မ်းသာလိုက် ပြုံးလိုက် မဲ့လိုက် ငိုလိုက် ရယ်လိုက်နဲ့ မိသားစုဘ၀သံသရာ ရထားကြီး အတူတူစီးခဲ့ဖူးတယ်။

အဲဒီ ကမူလေးပေါ်မှာ စိမ်တမ်း ပြေးခဲ့ဖူးတယ်။ အဲဒီ ချောင်းလေးထဲမှာ နှာခေါင်းပိတ်ပြီး ရေကူးခဲ့ဖူးတယ်။ အဲဒီ စပါးပင်တောထဲမှာ တူတူပုန်းတမ်း ကစားခဲ့ဖူးတယ်။ အဲဒီ စပါးရိုးလေးတွေနဲ့ ပီပီ အပြိုင်မှုတ်ခဲ့ဖူးတယ်။ အဲဒီ စပါးပင်လေးတွေကို ရိတ်သိမ်းခဲ့ဖူးတယ်။ အဲဒီ လယ်ကွင်းစပ်မှာ ကောင်းဘွိုင်လုပ်ခဲ့ဖူးတယ်။ အဲဒီ စပါးပင်တွေကို ရိတ်ရင်း သီချင်းအော်ဆိုခဲ့ဖူးတယ်။ အဲဒီ လယ်ကန်သင်းလေးပေါ် လျှောက်ပြီး တစ်ဘက်က ရွာဆီ ကျောင်းတက်ခဲ့ဖူးတယ်။ အဲဒီ စပါးရနံ့လေးတွေ အောက်မှာ ပျော်ပျော်ကြီး လမ်းလျှောက်ခဲ့ဖူးတယ်။

အဲဒီ ထိုးထိုးထောင်ထောင် အိမ်လေးတွေဟာ ဟိုတုန်းက အ၀တ်မ၀တ်ကြဘူး။ သစ်ရွက် သစ်ခက်တွေဘဲ ၀တ်ထားကြတယ်။ သွပ်တွေကို ခေါင်းပေါ်မတင်ကြဘူး။ သက်ကယ်တွေကိုဘဲ ဦးထုပ်လုပ်ဆောင်းကြတယ်။ သစ်မာတွေနဲ့ အလှမဆင်ကြဘူး။ ၀ါးခြမ်းစိပ်တွေနဲ့ဘဲ ခြယ်သကြတယ်။ အင်္ဂတေ အုတ်ချပ်ကို ဖိနပ်လုပ်မစီးကြဘူး။ မြေသားမြေလွှာအတိုင်းဘဲ နေကြတယ်။ ကွန်ကရစ် ခြေထောက်တွေ မရှိကြဘူး။ ရိုးရိုးအသားခြေထောက်တွေနဲ့ဘဲ ကြံ့ကြံ့ခံခဲ့ကြတယ်။

အဲဒီနေရာလေးမှာ
အချိန်က လူတွေကို စားခဲ့ဖူးတယ်။ အချိန်ကဘဲ လူတွေကို ပွါးခဲ့ဖူးတယ်။ အဲဒီအချိန်ကဘဲ လူတွေနဲ့ သေတမ်းရှင်တမ်း ကစားခဲ့ဖူးတယ်။ မွဲတမ်းဋ္ဌေးတမ်း ကစားခဲ့ဖူးတယ်။ မဲ့တမ်းပြုံးတမ်း ကစားခဲ့ဖူးတယ်။ ငိုတမ်းရယ်တမ်း ကစားခဲ့ဖူးတယ်။ ကွဲတမ်းဆုံတမ်း ကစားခဲ့ဖူးတယ်။ အဲဒီလို အချိန်ရဲ့ ကစားမှု အောက်မှာ ကျနော်တို့ မိသားစုလေး သေကွဲရှင်ကွဲ ကွဲခဲ့ဖူးတယ်။

အဲဒီနေရာလေးမှာ
နေသာခဲ့ဖူးတယ်။ မိုးရွာခဲ့ဖူးတယ်။ မြူ ထခဲ့ဖူးတယ်။ ဆီးနှင်းဝေခဲ့ဖူးတယ်။ စိမ်းလန်းစိုပြေခဲ့ဖူးတယ်။ သွေ့ခြောက်ပူပြင်းခဲ့ဖူးတယ်။ ယက်ကန်းခတ်သံ ပျံ့လွင့်ခဲ့ဖူးတယ်။ မောင်းထောင်းသံ ကြားခဲ့ရဖူးတယ်။ ကျေးငှက် မြည်သံ နားထောင်ခဲ့ရဖူးတယ်။ ကြက်တွန်သံ နားစွင့်ခဲ့ဖူးတယ်။ ရယ်မောသံတွေ ညံခဲ့ဖူးတယ်။ ငိုကြွေးသံတွေ လျှံခဲ့ဖူးတယ်။ အမုန်းတွေ သေခဲ့ဖူးတယ်။ အပြုံးတွေ ဝေခဲ့ဖူးတယ်။

အဲဒီ နေရာဟာ ကျနော်တို့ရွာ.. တုံးဖလားရွာဘဲပေါ့။

အော်.... ဘ၀တွေ မိုးလင်း၊ ဘ၀တွေ မိုးချုပ်၊ အချိန်တွေ တဖြုတ်ဖြုတ် ကုန်သွားပေမဲ့လဲ ကဗျာမပီ စာမညီတဲ့ ရာသီတွေကြားမှာ ကျနော်တို့ တုံးဖလားရွာလေးကတော့ လှဆဲ ပဆဲ နုပျိုဆဲပါဘဲလား။ လွမ်းမောလိုက်ပါဘိ။ ။

..

14 comments:

  1. သူဂျီးမင်း ပြန်ရင် အလည်လိုက်ခဲ့ချင်သေးတယ်.။

    အဲဒီ ချောင်းကလေးထဲမှာ နှားခေါင်းပိတ်ပြီး ရေးကူးကြတာပေါ့

    ReplyDelete
  2. လိုက်ခဲ့ဗျား.... ပက်ပက်စက်စက်ကြီး ဖိတ်ခေါ်ပါတယ် အင်္ဂါဟူးရေ...။
    ချောင်းက ရေကူးချင်ရင် အလျားလိုက် ကူးမှ ကူးလို့ရတာ။ အနံဆို ဟိုဘက်ဒီဘက် ခုန်ကူးလို့ရတယ်။ အဲဒီလို အဲဒီလို ကြီးကျယ်တဲ့ ချောင်း။ အဲဒါ တုံးဖလားချောင်းဘဲပေါ့။ ဟာ ဟ။

    ReplyDelete
  3. သူကြီးရဲ့ ဒီအက်ဆေးလေးက သိပ်လှတယ်။
    တိုတိုရှင်းရှင်း ၀ါကျလေးတွေနဲ့ တုံးဖလားရွာကို ပုံဖော်သွားတာ ...
    ရွာကလေးကို မျက်စိထဲ မြင်ယောင်လာတယ်။
    ကျေးလက်ရနံ့လေးတွေ ရလာတယ်။
    ပြီးတော့ ... ကျေးလက်တောရွာက လူတွေရဲ့ ဘ၀တစိတ်တဒေသကိုလဲ ခံစားသိလိုက်ရတယ်။

    သူကြီးရေးလွန်းလို့ ရင်းနှီးနေတဲ့ တုံးဖလားရွာကို တခါတလောက်တော့ ရောက်ဖူးချင်ပါတယ်။

    ReplyDelete
  4. တော်တော်သာယာတာဘဲ သူဂျီး
    ဒီတစ်ခါ သူဂျီး ပြန်ရောက်ရင် ပင်လည်ဘူးကနေ တစ်ဆင့် လာလည်ဦးမှ
    ကြည်ရတာ ဆန်ရေစပါး ပေါမဲ့ပုံရတယ်
    ထမင်းကောင်းကောင်းကျွေးနော် သူဂျီးး)

    ReplyDelete
  5. သူကြီးစာအရတော့ တုံးဖလားရွာကို တော်၂ရင်းနှီးနေပါပြီ. . . ကြုံရင် တစ်ခေါက်လောက်တော့ အလည်လာချင်ပါတယ် သူကြီး

    ReplyDelete
  6. ကာတွန်းတွေ မှာ
    တွတ်ပီတို့ ကြုံတိုင်းရွာ က
    နာမည် ကြီးသလို
    ဘလော့မှာလည်း
    တုံးဖလား ရွာ က
    တော်တော် နာမည် ကြီးနေပြီ .. ;))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  7. လွမ်းမောကြည်နူးဖွယ် ရသလေးပါလားအကိုရေ စကားမစပ် အကို အလည်လာရင် ဘာကျွးမှာလဲဟင် :P:P အဟီးးး
    ခံစားအားပေးလျှက်..
    ကောင်းသောနေ့လေးဖြစ်ပါစေအကို။။။။

    ReplyDelete
  8. အဖြူရောင်နတ်သမီးSunday, 10 April 2011 at 23:47:00 BST

    တို့လည်း လိုက်မယ် xxx ချန်မထားနဲ့xxxတုံးဖလားရွာကိုကွယ်xxx
    သူဂျီးလည်းရှိတယ်xxx အရီးလည်း မိသကွယ်xxx
    ထမင်း(၂)နပ်လောက်တော့ သထာမယ် ထင်ပါတယ် xxx

    :P
    :D

    ReplyDelete
  9. တုံးဖလားရွာ ဓါတ်ပုံကိုကြည့်ပြီး အစ်မရွှေဇင်ဦး ဘလော့မှာ ဖတ်ခဲ့တဲ့ စိမ်းနေဦးမည်ကျွန်တော့မြေ ၀တ္တုထဲက မြင်ကွင်းတွေနဲ့ သွားထပ်မိတယ်။ အပြင်မှာဆိုရင်တော့ ငယ်ငယ်က အိမ်နားက လယ်ကွင်းတွေဆီ သွားတဲ့ မြင်ကွင်းနဲ့တူတယ်။ လွမ်းထှာ........

    ReplyDelete
  10. သာယာလိုက်တာ။
    သွားလည်ချင်စိတ်ပေါက်လာတယ်။

    ခက်တာက ရွားသဂျီးနဲ့ က ခင်သာခင် မမြင်ဖူးဘူး။

    စာကြောင်းလေးတွေက တကယ် လွမ်းစရာနော်။

    ReplyDelete
  11. အစ်ကိုရေ ...
    လွမ်းစရာကောင်းတဲ့အရေးအဖွဲ့တွေနဲ့
    သာယာတဲ့တုံးဖလားရွာက ရှုခင်းပုံလေးတွေကြည့်ရတာ
    တစ်ကယ်ပဲလွမ်းမိသွားတယ်
    တစ်ခါတစ်ခေါက်တော့ အလည်လိုက်ချင်ပါတယ်
    မိနှင်း

    ReplyDelete
  12. အဲဒီလို စိမ်းလန်းနေတဲ့ မြင်ကွင်းတွေကို သိပ်သဘောကျတယ်။ ကျွန်တော်လည်း အမျိုးတွေဆီ သွားလည်ဖြစ်ရင် ဓါတ်ပုံရိုက်ခဲ့အုံးမယ်။

    ReplyDelete
  13. အညာသာလေးfattySunday, 10 July 2011 at 08:29:00 BST

    တဂျီး အနော်လဲ လာလည်တယ် တကယ်လွမ်းဖို့ကောင်းတယ်ဗျာ... မွေးရပ်မြေကိုသတိယလိုက်တာ...အနော်က အညာသားလေ......

    ReplyDelete
  14. Hiya, I am new to blogging and internet sites in general and was curious about how you got the "www" included in your domain name?
    I see your domain, "http://www.blogger.com/comment.g?blogID=7609397484304819032&postID=6302822363731335848" has the www and my domain looks like,
    "http://mydomain.com". Do you know exactly how I can change this?

    I'm using Wordpress platform. Warm regards

    Here is my blog video

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။