Saturday, 19 February 2011

လပြည့်နေ့ညကို တူးဆွကြည့်မိခြင်း

လရောင်ဟာ လူတွေရဲ့ စိတ်ကို ကြည်နူးစေတယ်။ အေးမြစေတယ်။ သာယာစေတယ်။ လရောင်ထဲမှာမှ လပြည့်နေ့မှာ သာတဲ့ လရောင်က စိတ်ကို ပိုပြီး ကြည်နူး အေးမြ သာယာမှုကို ဖြစ်စေတယ်။ ဒါကြောင့် လရောင်ကို ထိတွေ့သူတွေရဲ့ စိတ်ဟာ တိမ်းလွယ်တယ်။ ယိမ်းလွယ်တယ်။ စိမ်းလွယ်တယ်။ ဒီအခွင့်အရေးကို ယူပြီး ဘုရားရှင်လဲ လူနတ်ဗြဟ္မာ သတ္တ၀ါတွေကို တရားထူး ဟောခဲ့ဟန် တူပါရဲ့။ စမ္မစကြာ တရားဦးကို ဟောခဲ့တာလဲ လပြည့်နေ့မှာပါဘဲ။ သာမညဖလသုတ်ကို ဟောခဲ့တာလဲ လပြည့်နေ့မှာပါဘဲ။ နောက်ပြီး သြ၀ါဒပါတိမောက်ကို စတင် ကျင့်သုံးစေခဲ့တာလဲ လပြည့်နေ့မှာပါဘဲ။

မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ နေ့ထူးနေ့မြတ်တွေကို ကြည့်ပြန်တော့လဲ လပြည့်နေ့တွေ ဖြစ်နေတာကို တွေ့ရပြန်တယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ နယုန်လပြည့် မဟာသမယအခါတော်နေ့၊ ၀ါဆိုလပြည့် စမ္မစကြာနေ့၊ ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့၊ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့၊ တပို့တွဲလပြည့်နေ့ သြ၀ါဒပါတိမောက်အခါတော်နေ့ တဲ့။ လပြည့်နေ့ရဲ့ အရေးအရာရောက်ပုံတွေကို ကြည့်ပြီး ကြည်နူးပီတိ ဖြစ်မိပါတယ်။

ဒါကြောင့်လဲ လပြည့်နေ့ရောက်လာမှာကို မျှော်နေမိခဲ့တယ်။ လပြည့်နေ့ ရောက်လာတာကို ပျော်နေမိခဲ့တယ်။ လပြည့်နေ့ ပျောက်သွားမှာကို စိုးရိမ်နေမိခဲ့တယ်။ မျှော်လိုက် ပျော်လိုက် စိုးရိမ်လိုက်နဲ့ လပြည့်နေ့ညရဲ့ သံစဉ်တွေက လူကို တစ်ရေး နိုးစေခဲ့တယ်။ လူကို အတွေး တိုးစေခဲ့တယ်။ လူကို အသွေး ညှိုးစေခဲ့တယ်။ ဒီလို ဒီလိုနဲ့ မသိလိုက် မသိဖာသာ ဒါမှမဟုတ် သိသိသာသာနဲ့ဘဲ လပြည့်နေ့ညကို ချစ်တတ်လာတယ်။ လပြည့်နေ့ညကို မြတ်နိုးတတ်လာတယ်။ လပြည့်နေ့ညကို တွယ်တာတတ်လာတယ်။

ဒါပေမဲ့ မနေ့တုန်းက လပြည့်နေ့ညမှာတော့ လ မသာခဲ့ဘူး။ လ မလာခဲ့ဘူး။ လ မညှာခဲ့ဘူး။ ဆီးနှင်းတွေ ဖုံးအုပ်နေခဲ့တယ်။ မြူတွေ ဆိုင်းနေခဲ့တယ်။ တိမ်တွေ အုပ်နေခဲ့တယ်။ သူရိန်တွေ ကြီးစိုးနေခဲ့တယ်။ မီးခိုးတွေ လွှမ်းမိုးနေခဲ့တယ်။ အဲဒါတွေဟာ လပြည့်နေ့ညရဲ့ အကြီးမားဆုံး အန္တရာယ်တွေဘဲ ဖြစ်တယ်။ အညစ်အကြေး ငါးမျိုးရဲ့ မညှာမတာ နှိပ်စက်မှုအောက်မှာ လပြည့်နေ့ည ပျောက်ခဲ့ရတယ်။ လပြည့်နေ့ည မှောက်ခဲ့ရတယ်။ လပြည့်နေ့ည ကြောက်ခဲ့ရတယ်။ ရှင်းရှင်းပြောရရင်တော့ မနေ့တုန်းက လပြည့်နေ့ညဟာ ဟို အရင့် အရင် လပြည့်နေ့ညတွေနဲ့ လုံးဝ မတူခဲ့ပါဘူး။

လ မသာ၊ လ မလာ၊ လ မညှာခဲ့ပေမဲ့ မနေ့က လပြည့်နေ့ညမှာ တစ်ယောက်ထဲ အဆိုတော် အနိုင်ရဲ့ လပြည့်နေ့ည သီချင်းလေးကို ငြီးတွားနေမိခဲ့တယ်။ စိုင်းထီးဆိုင်ရဲ့ မောင့်လပြည့်ဝန်း သီချင်းလေးကို သီကျူးနေမိခဲ့တယ်။ ပြီးတော့ ဘာမဆိုင် ညာမဆိုင် ရှင်မဟာရဋ္ဌသာရရဲ့ နှမလက်လျှော့ ရတုလင်္ကာလေးကိုလဲ တိုးတိုးလေး ရွတ်ဆိုနေမိခဲ့တယ်။ ဒါပေမဲ့ လပြည့်နေ့ညရဲ့ လပြည့်နေ့လလေးကတော့ ပုန်းလို့ ၀ှက်လို့ ပုန်းဝှက်လို့ ကောင်းနေဆဲပါဘဲ။ လပြည့်နေ့ညရဲ့ သွေးဆောင်မှု လပြည့်နေ့လရဲ့ ဖျားယောင်းမှုတွေက လူကို ဒယီးဒယိုင် ဖြစ်စေတယ်။ အပြီးအပိုင် ညစ်နေတယ်။ ခရီးမနိုင် ဖြစ်စေတယ်။ အဲဒီလို ဟန်ချက်ညီညီတွေ ဟန်ချက်မညီမညာ ဖြစ်နေတာကို ပျောက်ဆုံးနေတဲ့ လပြည့်နေ့ညလေး သိရှာမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ လပြည့်ဝန်းလေးမှာ ဘယ်သူမှ မသိနိုင်တဲ့ လျှို့ ဝှက်ချက်တွေ ရှိတယ်။ ဘယ်သူမှ မမြင်နိုင်တဲ့ တစ်ချို့ လှည့်ကွက်တွေ ရှိတယ်။ အဲဒီ လျှို့ ဝှက်ချက်တွေ တစ်ချို့ လှည့်ကွက်တွေနဲ့ဘဲ လပြည့်ဝန်းလေးဟာ ပျော်နေခဲ့တယ်။ လပြည့်ဝန်းလေးဟာ မော်နေခဲ့တယ်။ လပြည့်ဝန်းလေးဟာ ကျော်နေခဲ့တယ်။ လပြည့်ဝန်းလေးဟာ တိမ်ရဲ့အထက်မှာ ကြယ်တာရာတွေနဲ့ စံနေခဲ့တယ်။ ဥက္ကာပျံတွေနဲ့ ရံနေခဲ့တယ်။ ဂြိုဟ်နက္ခတ်တွေနဲ့ ခြံနေခဲ့တယ်။ အဲဒါတွေကို တိမ်အောက် ရောက်နေတဲ့ တိမ်အောက် မှောက်နေတဲ့ တိမ်အောက် ကြောက်နေတဲ့ လပြည့်ချစ်သူလေးတွေ ဘယ်သူမှ မသိရှာကြဘူး။

လပြည့်ဝန်းရဲ့ မာယာ၊ လပြည့်ဝန်းရဲ့ ပရိယာယ်၊ လပြည့်ဝန်းရဲ့ အသိကြွယ်မှုတွေက လပြည့်ချစ်သူတွေအတွက် ဒုက္ခတစ်မျိုးဖြစ်စေတယ်။ ရုပ်အလှ ဆိုးစေတယ်။ နှုတ်အဟ တိုးစေတယ်။ လပြည့်ချစ်သူတစ်ယောက် ဟိုးးး လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်စုနှစ် နှစ်ခုနှင့် တစ်ဝက်ကျော်ကျော် အချိန်ကို မျှော်ကြည့်မိလိုက်တယ်။ ဒုက္ခ အကြီးအကျယ် ရောက်နေတဲ့ အဇာတသတ်မင်းကြီး တွေ့လိုက်တယ်။ သူ့ ဒုက္ခတွေ ပြေပျောက်ဖို့ သူဘာလုပ်ခဲ့သလဲ။ လပြည့်နေ့ည တစ်ညမှာဘဲ ဘုရားရှင်ထံ ချဉ်းကပ်ပြီး တရားနာယူတယ်။ တရားမေးလျောက်တယ်။ အမြင်ချင်း ဖလှယ်တယ်။ အဲဒီလို နည်းနဲ့ဘဲ သူ့ဒုက္ခကို ပြေပျောက်စေခဲ့တယ်။ အဲဒီ အကြောင်းလေးကို စဉ်းစားရင်း လပြည့်ချစ်သူ တစ်ယောက်လဲ လမသာတဲ့အတွက် ညစ်နေတဲ့ စိတ်တွေ ဖြေဖျောက်ဖို့ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို သွားခဲ့တယ်။ ဦးဇင်းလေး တစ်ပါးနဲ့ တွေ့ပြီး သိချင်တာတွေ မေးလျောက်ခဲ့တယ်။ ဟောပြပေးတာတွေကို နာယူခဲ့တယ်။ အကြံပေးတာတွေကို ခံယူခဲ့တယ်။ တစ်ရက်တစ်ရက်မှာ ကုသိုလ် ပညာ ဥစ္စာ တစ်ခုခု ရသင့်တယ် မဟုတ်လား။ အဲဒီ ဦးဇင်းလေး ရှင်းပြတဲ့ သြ၀ါဒပါတိမောက် အကြောင်းက လပြည့်ချစ်သူတစ်ယောက်ရဲ့ စိတ်ကို ငြိမ်းချမ်းစေခဲ့တယ်။ သာယာစေခဲ့တယ်။ အေးမြစေခဲ့တယ်။ အဲဒါတွေ အားလုံးဟာ လပြည့်ချစ်သူတစ်ယောက်ရဲ့ လမသာခဲ့တဲ့ လပြည့်နေ့ည တစ်ည အကြောင်းဘဲ ဖြစ်ပါတော့တယ်။

.

15 comments:

  1. ညတခင်းမှာ
    လမင်းသာပေသည့်
    မကြည့်လျှင် မမြင်
    မမြင်လျှင် မသိ
    မသိလျှင် မတွေ့
    ကြာလျှင်မေ့လျော့
    ခဏအခက်တော့ ပွေရမည် ...
    ဘ၀အတွက်ပေါ့ ဖြေရမည် ...
    နှမလက်လျှော့ နေရမည်။ ... ။

    ReplyDelete
  2. လပြည့်ညရဲ့ အလှအပကို မခံစားရတာကြာပြီအကို
    လွမ်းလိုက်တာနော်။။။။ညီမလေး အားပေးသွားတယ်
    နော်။

    ReplyDelete
  3. ကျောက်ပြည့်ဝန်းSunday, 20 February 2011 at 01:32:00 GMT

    သဂျီး....
    လပြည့်ညမှာ လူတွေအလစ် ဘာတွေများတူးဆွနေသလဲလို့ လာချောင်းတာ...
    မောင့်လပြည့်ဝန်း သီချင်းဆိုနေတာတွေ့လို့ ..အပြတ် feel တက်နေတာပေါ့လေ

    ReplyDelete
  4. ကိုကိုမောင်ရေ
    လပြည့်ည ခံစားချက်တွေ လန်းနေတာပဲ။
    မှားလို့။
    လွမ်းနေတာပဲနော်။

    ကျွန်မကတော့ ဒီနေ့ သူငယ်ချင်းလသာည
    (www.latharnya.com)နဲ့ ၁နာရီကျော်လောက် ဖုန်းပြောလိုက်တယ်။ ခံစားရတာတွေများလို့ ဖွင့်ချလိုက်တာ။

    ReplyDelete
  5. ဒီမှာတော့ အဲ့ညက လာသာလိုက်တာဗျာ...။ပန်နစူလာနား
    က ဘုရားကျောင်းအမိုးချွန်...အဖျားမှာလသာနေပုံက...
    သိပ်လှတာကလား...ကင်မလာမပါသွားတာနာလိုက်တာ..။
    သြဝါဒပါတ်မောက်အကြောင်း လေး လင့်ကတစ်ဆင့်သွား
    ဖတ်ကြည့်လိုက်ဦးမယ်...။ကျေးကျေး..တဂျီး

    ReplyDelete
  6. အရင်ကဆို လပြည့်ညမှာ တအိမ်လုံး အမှောင်ချပြီးကို လရောင်ရဲ့ အရသာကို ခံစားချင်တာ။
    အခုတော့မိုးမျှော်တိုက်တွေကြားမှာ လက ကွယ်ပျောက်နေတယ်။

    ReplyDelete
  7. တကယ်က လပြည့်ညမှာ လသာပါတယ်..
    သူကြီး မသိလိုက်ဘူး မို့လားး)))

    ဟုတ်ပနော် လပြည့်ည လသာရက်တွေကို လွမ်းလိုက်တာ..

    ReplyDelete
  8. ကိုကိုမောင်
    ကျနော်အလည်ရောက်လာပြီး
    လပြည့်ညကိုခံစားသွားပါတယ်..
    ညီမမေရဲ့ ပို့ စ်လေးတွေမှာ
    ကွန်မန့် ပေးရင်းမြန်မာဆန်တဲ့ကဗျာရေးသားမှုကိုစိတ်ထဲမှာ မှတ်မျွှ်ယယတော့ ရှိနေပါတယ် တခါမှ လာမလည်ဖြစ်ပါဘူး..ဒါက ပထမဆုံးပါ..
    နိုင်ငံခြားမှာ ပညာသင်ပြီး ဘိုလိုမှုတ်နေပေမယ့်
    မြန်မာစာပေနဲ့ကဗျာတွေကို မမေ့မပျောက်
    ဖော်ကျူးေ၇းသားနေတဲ့အတွက် လေးစားမိတယ်လို့ ဘဲ ပြောပါရစေ..။
    စာတွေအများကြီးဆက်လက်ရေးသားနိုင်ပါစေ..။

    ReplyDelete
  9. ကိုကိုမောင်ရေ ကျနော်ကတော့ လပြည့်ည ဆိုရင် လစာလှုံ (လရောင်ရဲ့ ဆွဲအားကိုခံစား)တဲ့ မနုစာရီ ကိုသတိရတယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  10. ကျွန်တော်ကတော့ သူဂျီး ဆီက လပြည့်နေ့နဲ့ နေ့ထူးနေ့မြတ်တွေ မှတ်သားသွားပါတယ်..

    ReplyDelete
  11. လပြည့်ညမှာ လက်ဖက်ရည်ကြမ်းနဲ့ ငါးခြောက်ဖုတ်စားချင်တယ်..း)))

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  12. အဖြူရောင်နတ်သမီးMonday, 21 February 2011 at 10:54:00 GMT

    လပြည့်ည...ရှုခင်းလေးကို မျက်စိထဲမြင်ယောင်မိတယ် အကိုရေ..။
    ဒီမှာတော့ အဲလိုလွမ်းချင်လို့တောင် “လ” က ဘယ်မှာသွားရှာရမလဲသိဘူး...း(

    ReplyDelete
  13. ဂျစ်တူး(မုံရွာ)Monday, 21 February 2011 at 20:33:00 GMT

    ကျန်းမာပါစေမင်္ဂလာပါသူကြီးမင်းခင်ဗျား---
    တရားတွေလပြည့်နေ့ တိုင်းနာနိုင်ပါစေ--
    လပြည့်နေ့ တိုင်းတရားထူးတရားမြတ်တွေကြားနိုင်ပါစေ--

    ReplyDelete
  14. ကိုကိုမောင်ရေ....
    သြဝါဒပါတိမောက်အကြောင်း ခင်ဗျားနဲ့ ဦးဇင်း အင်္ဂါမောင်တို့ အမေးအဖြေကို ဖတ်ရတော့မှပဲ သိရတယ်ဗျာ။ အခုလိုသိခွင့်ရလို့လဲ အထူးကို ကျေးဇူးတင်ပါတယ်ဗျာ။

    ReplyDelete
  15. ချော(အစိမ်းရောင်လွင်ပြင်)Tuesday, 22 February 2011 at 03:54:00 GMT

    လပြည့်ညမှာ သူဂျီးက လွမ်းနေတာလား
    လပြည့်ညကို တူးဆွတယ်ဆိုလို့ ဘာများတွေ့လဲ စိတ်ဝင်စားသွားတာ။
    ထူးထူးဆန်းဆန်းတွေ့လိုက်ရင်လဲ လက်တို့လိုက်ဦးနော်လို့ ပြောမလို့ သူဂျီးရေး)

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။