Sunday, 8 August 2010

အဖေမြင်ချင်တဲ့ မိသားစုထမင်းဝိုင်းလေး

ဆူးခင်းတဲ့ ရိုးပြတ်တွေကို
ချွေးနှင့်ရင်း သွေးနှင့်ခင်းပြီး
အဖေခုတ်ရှင်းခဲ့တဲ့ ယာတစ်ကွက်
သားတို့တစ်သက်
မြိုးမြိုးမြက်မြက်ကလေးရှိနေခဲ့ပြီအဖေ။


တုတ်ထိုး နွယ်ရစ်
ဆူးခြစ် ငုတ်စူး
တောရိုင်းတွေ လှုပ်အလူးမှာ
မူးမေ့မတတ် ထိပါးခံခဲ့ရပေမဲ့
"မိသားစု ထမင်းဝိုင်းလေး
သိုင်းသိုင်းဝန်းဝန်းနဲ့
အချင်းချင်း ရိုင်းပင်းကူညီလို့
တူညီတဲ့ စိတ်ဓါတ်ကလေးတွေ ရှိနေကြရင်
အဖေ ကျေနပ်ပြီ" တဲ့လား အဖေ။


ယာကွက်ကို ယာညက်အောင် မထွန်နိုင်ခင်
တမလွန်ကို အဖေ တာထွက်စော
အမေ့အသက်ပါ နှောလိုက်ရတော့
သားတို့ ရင်မောရတာပေါ့ အဖေ။


အခုဆိုရင်..
အကိုကြီးက ခပ်ရိုင်းရိုင်း
အကိုလတ်က ထင်ရာစိုင်း
ညီငယ်တွေက ခပ်မှိုင်းမှိုင်းနဲ့
အဖေ မျှော်မှန်းခဲ့တဲ့ ထမင်းဝိုင်းလေး
သိုင်းသိုင်းဝန်းဝန်း မဖြစ်သေးဘူး အဖေ။


မာနတွေ တက်ပြီး
အဖေချန်ခဲ့တဲ့ ယာတစ်ကွက်ကို
မသာဖျက်သလို လုယက်
မိသားစု ဂယက်လေး ထနေခဲ့ရပြီ အဖေ။


တစ်နေ့ရွှေ
တစ်နေ့ငွေ
မသေသေးသရွေ့ မျှော်မှန်း
ရော်ရမ်းနေမိတဲ့ ပန်းတိုင်
စိတ်ခိုင်ခိုင်ထားပြီး
အားထုတ်ကြိုးစား
သား
မိသားစု ထမင်းဝိုင်းလေး ပြန်တည်ဆောက်မယ် အဖေ။


အကိုကြီးကို နားချ
အကိုလတ်ကို တရားပြ
ညီငယ်တွေကို သွား မစ ပြီး
သားဘ၀ကို ပုံအပ်နှင်း
အချင်းချင်း ညီညွတ်စေရမယ် အဖေ။


အဖေဖြစ်ချင်တဲ့ ဆန္ဒ
အမေ အပြစ်မတင်တဲ့ အမှန်ဘဝ
ကျန်သမျှ ယာကွက်ကို
တက်ညီစွာကြိုးစားပြီး
မိသားစု ထမင်းဝိုင်းလေး ရှင်သန်ဖြစ်ခဲ့ရင်
တမလွန်ကနေ
အဖေ..
ကျေနပ်ပါတော့ အဖေ။ ။

....

19 comments:

  1. ကိုယ်ပိုင်ခံစားချက်လို အဓိပ္ပါယ်သက်ရောက်နေပေမယ့် စေ့စေ့တွေးကြည့်ရင် တခြားတခုခုကိုများလည်း ရည်ရွယ်နေလေသလား..... ဖတ်ပြီးတော့ ခံစားသွားရတာတော့အမှန်ပဲ သူကြီးမင်း...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  2. နားချ တရားပြလို့ကော ရပါဦးမလား ?????

    ReplyDelete
  3. မိဘတွေကတော့ တကယ်ကို မျှော်မှန်းခဲ့ကြပါတယ်ဗျာ။
    ဒါပေမဲ့ ဖြစ်စဉ် ဖြစ်ရပ် ဖြစ်တတ် တဲ့ ဓလေ့တွေကြောင့် သွေးချင်း ယှက်ရောရင် ပြောရတာ ပိုမောတယ်ဗျာ။ ဒါနဲ့ပဲ စိတ်ကူးထဲမှာပဲ ထမင်းဝိုင်းလေး ဝိုင်းဖြစ်တော့တယ်။

    ReplyDelete
  4. ကိုကြီးတွေ၊ကိုလတ်တွေက ပြောလို့ရလောက်ပါဘူးဗျာ..။

    ReplyDelete
  5. ကိုကိုမောင် ရေ

    မိသားစု ထမင်းဝိုင်း ကို မြင်ချင်မနေနဲ့ ဒီလောက် ဆိုးတဲ့ ဟာတွေ ချပြစ်လိုက်စမ်းပါ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  6. မိသားစု ထမင်းဝိုင်းလေး. . . အမြန်ဆုံး ဆုံနိုင်ပါစေ ကိုကိုမောင်

    ReplyDelete
  7. အဖေ့သမီးကရော...ကိုကိုမောင်ရေ....အဓိပ္ပါယ်ပြည့်ဝတဲ့ ကဗျာလေး ခံစားပြီး ဖတ်သွားတယ်...

    ReplyDelete
  8. ကဗျာလေးကိုခံစားပြီးဖတ်သွားပါတယ်...ွဆန္ဒတွေပြည့်ပါစေ...
    အားပေးလျှက်
    swe

    ReplyDelete
  9. ကဗျာလေးကအဓိပ္ပါယ်ပြည့်ဝလိုက်တာနော်...
    အကို့ဆန္ဒတွေတနေ့ပြည့်ဝမှာပါ
    ဘယ်နေ့လဲဆိုတာ.....?

    ခင်မင်လျှက်..Blackroze

    ReplyDelete
  10. ယာခင်းကလေး စိမ်းလန်းပြီး
    ငြိမ်းချမ်းတဲ့ မိသားစု ထမင်းဝိုင်းလေး အဖြစ်သာ
    မြင်လိုပါတယ်။

    ReplyDelete
  11. မိသားစု ထမင်းဝိုင်းလေး
    မျှော်လင့်ခဲ့တာ ခပ်ရေးရေးပေါ့
    ခုချိန်ထိတော့ ဝေးဝေးနေနေဆဲ
    ဖြစ်လာဖို့ မမြင်နိုင်သေးသလိုပါဘဲ..
    အချင်းချင်းစိတ်ဝမ်းတွေကွဲလို့
    စုစည်းလို့မရနိုင်ဘဲ
    အော်.. အလွဲကြီးလွဲခဲ့တာ အတော်တောင်ကြာဘဲလေ။

    ReplyDelete
  12. အဲဒီမိသားစု ထမင်းဝိုင်းလေးက ဒီတစ်သက်မှာရော မြင်ခွင့်ရပါဦးမလား?????

    ReplyDelete
  13. ဘာကိုရည်ရွယ်လဲဆိုတာတော့ ခပ်ရေးရေးမြင်နေမိတယ် ။ ကဗျာလေးဖတ်ပြီး စိတ်မှာ တခုခု ကျန်ခဲ့သလိုပါပဲ။

    (၀ိုင်းစုပို့ စ် ဖတ်ချင်ရင် တင်ပေးမယ်
    လာဖတ်လေ ... :P)

    ခင်တဲ့
    ယွန်း

    ReplyDelete
  14. တက်ညီလက်ညီ..ညီအစ်ကိုများတို့
    အားမာန်အပြည့်နှင့်..အဖေထွန်ယက်ခဲ့သော
    ယာခင်းလေးကို..အမြဲစိမ်းလန်းအောင်
    စုပေါင်းအင်အားနဲ့ဆက်လက်ထိန်းသိမ်းနိုင်ပါစေ။
    အဖေဆောက်တည်ခဲ့သော..မိသားစုထမင်းဝိုင်းလေး
    အမြန်ဆုံးပေါင်းစည်းနိုင်ပါစေ။
    ဆုတောင်းယုံမှတစ်ပါး...

    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    ReplyDelete
  15. ကျွန်မတို့လဲ အဖေဖြစ်စေချင်တဲ့ ထမင်းဝိုင်းလေးကို မျှော်လင့်မိပါတယ်..
    တကယ်ကို ကြာခဲ့ပါပြီ..

    ReplyDelete
  16. ကိုကိုမောင့်မျှော်လင့်ချက်လေး ပြည့်စုံပါစေ....။

    ReplyDelete
  17. အစ်ကိုရေတကယ့်အဖြစ်အပျက်လေးဆိုရင်
    တော့ တော်တော်ကိုကြိုးစားရမဲ့သဘောမှာ
    ရှိပါတယ် ဘာဘဲဖြစ်ဖြစ်အဖေမမြင်သွားနိုင်
    တဲ့ထမင်းဝိုင်းလေးကို အစ်ကိုတော့မြင်နိုင်ပါ
    စေလို့ ဆုတောင်းပေးပါတယ်ဗျာ . . .

    ReplyDelete
  18. ကဗျာလေးဖတ်ပြီးခံစားရပါတယ် မိဘတွေနဲ့ဝေးပြီး တစ်ယောက်တည်းစားနေတဲ့ထမင်းဟာ အရသာမရှိသလိုပါပဲ မိသားစုထမင်းဝိုင်းလေးကို မျှော်လင့်နေတာပါပဲ ....
    နေဝသန်ပြောသလို စေ့စေ့တွေးကြည့်ရင်တော့.....ဟူးးးရင်မောပါတယ်လေ....
    နားချ တရားပြ မစတိုင်း အဆင်ပြေမယ်ဆိုရင်ကောင်းတာပေါ့နော်
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  19. ကဗျာက ဇတ်လမ်းတစ်ပုဒ်လိုပဲ။
    စိတ်မကောင်းရပေမယ့် အားတက်စေတယ်။

    အမျိုးမျိုးခံစားဖတ်ရှုလို့ရတယ်နော်။

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။