Monday, 2 November 2009

ကမ္ဘာအပျက်... ထည့်မတွက်နဲ့

အင်တာနက်ပေါ်မှာ နာမည်ကြီးသတင်းတစ်ခု ပျံ့ နှံ့နေတယ်။
၂၀၁၀ မြန်မာရွေးကောက်ပွဲအကြောင်းလား။ ဒါမှမဟုတ် ၂၀၁၀ ကမ္ဘာဖလားပွဲသတင်းလား၊ ပြီးတော့၂၀၁၂ လန်ဒန်အိုလံပစ်ပွဲအကြောင်းလား။ အဲဒါတွေ ဘာတစ်ခု မဟုတ်ရေးချ မဟုတ်ရပါ။ ဒါဖြင့် ဘာသတင်းတဲ့လဲ။ သိပြီးတဲ့အတိုင်းဘဲလေ။ ဘာတဲ့။ ၂၀၁၂၊ ဒီဇင်ဘာ ၂၁ ရက်နေ့ မှာ ကမ္ဘာပျက်တော့မယ်ဆိုဘဲ။ ဟုတ်မှလဲ လုပ်ကြပါဗျာ။ တော်ကြာ ကမ္ဘာပျက်မဲ့အရေး တွေးကြောက်ပြီး ကမ္ဘာမပျက်ခင် သေဆုံးသွားကြရင်ဖြင့် ဘ၀ကူးမကောင်းဘဲ ဖြစ်နေကြပါဦးမယ်။

၂၀၁၂ မှာ တကယ်ဘဲ ကမ္ဘာကြီးပျက်တော့မှာလား။ မပျက်ဘဲ တည်ရှိနေဦးမလား။ ဒါက ဘယ်သူမှ အတိအကျ မပြောနိုင်တဲ့ကိစ္စပါ။ သိပ္ပံပညာရှင်တွေကလဲ သူတို့ ရှုထောင့်ဘက်ကကြည့်ပြီး ဆုံးဖြတ်ကြမယ်။ နက္ခတ္တပညာရှင်တွေကလဲ သူတို့နည်းသူတို့ဟန်အတိုင်း တွက်ချက်ကြည့်ကြမှာပါဘဲ။ ဘာသာရေးဘက်က ကြည့်ဦးမလား။ ဘာသာတိုင်းမှာ ကမ္ဘာတည်ပုံ ပျက်ပုံတွေကို ဖော်ပြထားကြမှာ သေချာပါတယ်။

ဒီနေရာမှာ ဗုဒ္ဓဘာသာ ကျမ်းဂန်ကလာတဲ့ အချက်အလက်ကလေးတစ်ခုကို ကျနော်အမှတ်ရမိတယ်။ ကျနော်ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုတော့ ဗုဒ္ဓဘာသာစာပေကိုဘဲ အထောက်အထားပြပါ့မယ်။
ဂြိုဟ်ပေါင်းများစွာတွေထဲမှာ ကမ္ဘာဂြိုဟ်ဆိုတာရှိတယ်။ အဲဒီကမ္ဘာဂြိုဟ်လေးကို ဘုရားပွင့်မပွင့်အပေါ် မူတည်ပြီး နာမည်အမျိုးမျိုးပေးကြလေ့ရှိတယ်။ ကမ္ဘာဂြိုဟ်လေးဟာ နာမည်အလိုက် ခြောက်မျိုးတိတိ ရှိပါတယ်။


အဲဒါတွေကတော့----
၁။သုညကမ္ဘာ= သဗ္ဗညုဘုရားရှင် လုံးဝပေါ်ထွန်းမှုမရှိသော ကမ္ဘာ
၂။သာရကမ္ဘာ= သဗ္ဗညုဘုရားရှင်တစ်ဆူသာပွင့်သော ကမ္ဘာ
၃။မဏ္ဍကမ္ဘာ= သဗ္ဗညုဘုရားရှင်နှစ်ဆူပွင့်သော ကမ္ဘာ
၎။ဝရကမ္ဘာ= သဗ္ဗညုဘုရားရှင်သုံးဆူပွင့်သော ကမ္ဘာ
၅။သာရမဏ္ဍကမ္ဘာ= သဗ္ဗညုဘုရားရှင်လေးဆူပွင့်သော ကမ္ဘာ
၆။ဘဒ္ဒကမ္ဘာ= သဗ္ဗညုဘုရားရှင်ငါးဆူပွင့်သော ကမ္ဘာ
စုစုပေါင်း (၆) မျိုးတိတိပါ။


အခုကျနော်တို့ နေထိုင်ကြတဲ့ ကမ္ဘာဂြိုဟ်လေးရဲ့  နာမည်က ဘဒ္ဒကမ္ဘာ ဖြစ်ပါတယ်။ ဘဒ္ဒကမ္ဘာမှန်ရင် သဗ္ဗညုမြတ်စွာဘုရား ငါးဆူတိတိပွင့်ရပါတယ်။ အခုအချိန်ထိ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဆိုတဲ့ သဗ္ဗညုမြတ်စွာဘုရားလေးဆူဘဲ ပွင့်ပေါ်ခဲ့သေးပါတယ်။ အရိမေတ္တေယျအမည်ရတဲ့ သဗ္ဗညုဘုရားတစ်ဆူ ပွင့်ပေါ်ဖို့ ကျန်ရှိနေပါသေးတယ်။ အဲဒီဘုရားတစ်ဆူ မပွင့်မချင်း ဒီကမ္ဘာဂြိုဟ်လေးဟာ လုံးဝ မပျက်စီးမပျောက်ကွယ်နိုင်ပါဘူး။

ဒါဖြင့် အဲဒီ အရိမေတ္တေယျဘုရားရှင်က ဘယ်အချိန်မှာ ပွင့်ပေါ်မှာပါလဲ။ ဒါက ဒီလိုရှိပါတယ်။ ဒီလိုရှိပါတယ်ဆိုတာ နဲနဲ လေရှည်တော့မဲ့သဘောပါ။ အခု ကျနော်တို့လူသားတွေရဲ့ သက်တမ်းကို ပျမ်းမျှနှုန်းအားဖြင့် (၇၅)နှစ်တမ်းလို့ဘဲ ထားလိုက်ကြပါစို့။ နှစ်ပေါင်းတစ်ရာကြာတိုင်း သက်တမ်းတစ်နှစ်ဆုတ်ယုတ်လေ့ရှိပါတယ်။ ဥပမာအားဖြင့် နောင်နှစ်ပေါင်း ၁၀၀ ဆိုရင် လူသားတွေရဲ့ သက်တမ်းက (၇၄)နှစ်ဘဲ ကျန်ပါတော့မယ်။
လူတွေရဲ့ အကုသိုလ်ကံတွေကြောင့် သက်တမ်းတွေ တစ်စတစ်စ ဆုတ်ယုတ်သွားတာပါ။

အဲဒီလို နှစ်ပေါင်းတစ်ရာတိုင်းမှာ တစ်နှစ်လျော့ပြီး လူ့သက်တမ်းဟာ (၁၀)နှစ်တမ်းအထိရောက်လာပါလိမ့်မယ်။ အဲဒီအချိန်မှာ ကပ်ကြီးသုံးပါးဆိုက်ပြီး လူသားတွေ အလုံးအရင်းနဲ့ သေကြေပျက်စီးကြဦးမှာပါ။ အဲဒီအချိန်မှာ တရားသံဝေတွေရကြပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ကြပါလိမ့်မယ်။ အဲဒီကုသိုလ်အဟုန်ကြောင့် သက်တမ်းတွေ ပြန်တိုးလာပါလိမ့်မယ်။ သက်တမ်းတိုးတာက ဆုတ်ယုတ်တာနဲ့ နှိုင်းယှဉ်ရင် ပိုမြန်ပါတယ်။ ဆတိုးတက်တာပါ။ ဆယ်နှစ်တမ်းကနေ နှစ်ဆယ်။ နှစ်ဆယ်ကနေ လေးဆယ်။ လေးဆယ်ကနေ ရှစ်ဆယ်။ ရှစ်ဆယ်ကနေ တစ်ရာ့ခြောက်ဆယ်။ အဲဒီလို (နှစ်တစ်ရာတိုင်းမှာ) ဆတိုးကိန်းနဲ့ တက်လာမှာပါ။

အဲဒီလိုတက်လာပြီး လူ့သက်တမ်းဟာ နှစ်ပေါင်း အသင်္ချေတမ်းထိ ရှိလာပြီး လူသားတွေ နှစ်ပေါင်း အသင်္ချေထိ အသက်ရှင်ကြမှာပါ။ ဒီနေရာမှာ အသင်္ချေဆိုတဲ့အရေအတွက်ကို ဂဏန်းနဲ့ ချရေးရင် ၁ ရဲ့ နောက်က သုညအလုံးပေါင်း ၁၄၀ တိတိရေးရပါတယ်။ အဲဒီကိန်းဂဏန်းဟာ အသင်္ချေဆိုတဲ့ အရေအတွက်ပါ။

အဲဒီ အသင်္ချေသက်တမ်းကနေပြီး သက်တမ်းတွေ ပြန်ဆုတ်ယုတ်လာပါလိမ့်မယ်။ ထုံးစံအတိုင်း အကုသိုလ်များလာလို့ ဆုတ်ယုတ်လာမှာပါ။ အဲဒီလို ဆုတ်ယုတ်လာပြီး လူ့သက်တမ်း အနှစ်တစ်သိန်းတမ်းမှာ အရိမေတ္တေယျ အမည်ရတဲ့ သဗ္ဗညုဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်လာပါလိမ့်မယ်။ အဲဒီဘုရားပွင့်လို့ ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း အသင်္ချေ အနန္တကြာပြီးမှ အခုကျနော်တို့ နေထိုင်ကြတဲ့ဘဒ္ဒကမ္ဘာကြီး ပျက်စီးပါလိမ့်မယ်။

ဒါကြောင့်မို့ ကမ္ဘာပျက်မဲ့အရေး တွေးပူနေမဲ့အစား ရလာတဲ့ လူ့ဘ၀သက်တမ်းတိုတိုလေးမှာ အများကောင်းစားရေးအတွက် ဘာကိုလုပ်သင့်တယ်၊ ဘယ်လိုဆောင်ရွက်သင့်တယ်၊ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်းရမယ်၊ စတဲ့ စတဲ့ လက်တွေ့အကျိုးပြုလုပ်ငန်းလေးတွေအတွက် အချိန်ပေးကြတာဘဲ ကောင်းမယ်ထင်ပါတယ်။

၂၀၁၂ မှာ ကမ္ဘာပျက်သည်ဖြစ်စေ မပျက်သည်ဖြစ်စေ ကျနော်တို့တစ်တွေကတော့ နှောင်နှစ်ပေါင်း တစ်ရာ အသက်ရှည်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ သေမင်းဆီကို မလျောက်လှမ်းခင်ကာလအတွင်း ဒီကမ္ဘာကြီးမှာ မှီတင်းနေထိုင်ကြသူအချင်းချင်း ငြိမ်းချမ်းချစ်ကြည်စွာ တစ်ယောက်နှင့်တစ်ယောက် မာန်မာနတွေမထားဘဲ ချစ်ချစ်ခင်ခင်နေထိုင်ကြမယ်ဆိုရင် လောကကြီးက သာယာစိုပြေလှပနေမှာမလွဲပါဘူး။

နောက်တစ်ခုက ကမ္ဘာကြီးဟာလဲ ရုပ်တရားနဲ့ ဖွဲ့ဆည်းတည်ဆောက်ထားတဲ့အရာတစ်ခုပါဘဲ။ အချိန်မရွေးပြောင်းလဲမှုဖြစ်ပေါ်လာနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ကျက်စားကျင်လည်ကြတဲ့ သတ္တ၀ါတွေရဲ့  အတ္တဆန်မှုတွေကြောင့် တဖြည်းဖြည်း ကမ္ဘာမြေကြီးယိမ်းယိုင်လာနိုင်ပါတယ်။ ဒါကြောင့်မို့ ကမ္ဘာကြီး ဘေးမသင့်ရလေအောင် ပတ်ဝန်းကျင် သစ်ပင် တောတောင် သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ကြပါ။ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုကို ဦးစားပေးပါ။ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကာကွယ်တားဆီးပါ။

ထို့အတူ
ပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှုပြုလုပ်သလို မိမိတို့ရဲ့ စိတ်ကိုလဲ ကြည်လင်လန်းဆန်းအောင်ပြုလုပ်ပါ။။ ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်ရအောင် ကာကွယ်သလို စိတ်ညစ်ညမ်းမှု မဖြစ်အောင်လဲ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါ။ စားဖို့ အသက်ရှင်လာတာမဟုတ်ဘဲ အသက်ရှင်ဖို့ စားရတာဖြစ်ကြောင်း သက်သေပြပါ။ အသက်ရှင်မှ ကုသိုလ်များများလုပ်နိုင်မှာမို့ပါ။ ကုသိုလ်ကောင်းမှုကို များများမလုပ်နိုင်ရင်လဲ နဲနဲစီဘဲ ပြုလုပ်ပါ။ ကုသိုလ်ကောင်းမှုကို တစ်စစီ ဖြည်းဖြည်းချင်းစုထားရင် အချိန်ကြာလာတာနဲ့အမျှ ကုသိုလ်အထုပ်ကြီး ကြီးမားလာပြီး သံသရာအတွက် အသုံးစရိတ်လုံလုံလောက်လောက် ရနိုင်ကြောင်းပါခင်ဗျာ။

ရေပေါက် ရေစက်၊ ကြိမ်ကြိမ်တက်က၊ အိုင် ဗွက် ချောင်း ကန်၊ ရေပြည့်လျံ၏ တဲ့။ ရထားဖူးတဲ့ လင်္ကာလေးပါ။

တဂ်ထားတဲ့အတွက် ရေးတတ်သလို ရေးပေးလိုက်တယ်နော်။ အမှားတွေပါရင်လဲ ပြင်ပေးဦး။ စာဖတ်တဲ့သူတွေလဲ အမှားပါရင် ထောက်ပြပေးကြပါလို့ တောင်းဆိုပါတယ်။ ဘာသာရေးနဲနဲပါလာတဲ့အတွက် အမှားပါသွားမှာ စိုးရိမ်လို့ပါ။ ။


မှတ်ချက်။
ဗုဒ္ဓဘာသာလက်စွဲကျမ်း ပထမတွဲ၊ စာမျက်နှာ ၂၄၁ မှ ၂၅၁ ထိ ကိုးကားထားပါတယ်။


.....

17 comments:

  1. အကိုပြောတာတွေ ညီနဲနဲဖတ်ဘူးပါတယ် ဆိုတော့ဗျာ
    အကိုအဆိုကိုထောက်ခံပါတယ်လို့ ဘဲ ပြောပရစေ
    ဘာသာရေး ရှုထောင့်က တင်ပြသွားတာလေးကို သဘော
    ကျမိပါတယ်. . . ဘလော့တွေမှာ ခုလိုသိပံရှုထောင့် ဘာသာရေးရှုထောင့်တွေက
    တင်ပြပေးခြင်းအားဖြင့်နားမလည်သေးတဲ့  လူတွေအတွက်
    (ကျွန်တော်အပါအ၀င်ပေါ့ :D )ဗဟုသုတတိုးပွားစေပါတယ် . . .

    ReplyDelete
  2. ကိုကိုမောင်ရေ
    ကိုကိုမောင်ရဲ့ အမြင်လေးကို သဘောကျပါတယ်...
    ဘာသာရေးရှုထောင့်ကနေ သေသေချာချာ ရှင်းပြပေးထားတာ ကျေးဇူးပါနော်...
    မသိတာလေးတွေလဲ မှတ်သွားပါတယ်...

    နှင်း

    ReplyDelete
  3. ဒါကြောင့်မို့ ကမ္ဘာပျက်မဲ့အရေး တွေးပူနေမဲ့အစား ရလာတဲ့ လူ့ဘ၀သက်တမ်းတိုတိုလေးမှာ အများကောင်းစားရေးအတွက် ဘာကိုလုပ်သင့်တယ်၊ ဘယ်လိုဆောင်ရွက်သင့်တယ်၊ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်းရမယ်၊ စတဲ့ စတဲ့ လက်တွေ့အကျိုးပြုလုပ်ငန်းလေးတွေအတွက် အချိန်ပေးကြတာဘဲ ကောင်းမယ်ထင်ပါတယ်။

    အလွန်သင့်မြတ်ပါတယ်ရှင်

    ReplyDelete
  4. ဟုတ်ကဲ့
    ဗဟုသုတရပါတယ်
    ကိုကိုမောင်ရေ

    ReplyDelete
  5. တော်တော်ကိုဗဟုသုတရပါတယ်..
    ကိုယ့်ဆရာက လေ့လာထားတာတော်တော်ကောင်းပါလေ့ဗျာ
    ကိုယ်ဖန်တီးလို့တားဆီးလို့မရတာတွေနဲ့ ဦးစားနေမယ့်အစား..
    ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေကို လိပ်ပြာလုံအောင် အကောင်းဆုံးလုပ်ပြီးပြီဆိုရင်
    နောက်တစ်နေ့ ကမ္ဘာပျက်လဲ ..ဘာဂရုစိုက်စရာလဲနော..
    ၂၀၁၂ ဆိုတာကမှ ဝေးပါသေးတယ်...
    ပျော်ပါစေ

    ReplyDelete
  6. တစ်စက်မှမမှားဘူးဗျာ ကျွန်တော်သိတာထက်တောင် အချို့ဟာတွေ ပို ပါတယ် . . . မသိတာလေးအချို့ မှတ်သားသွားတယ် သိတာလေးတွေ ပြန်မှတ်မိအောင် ပြန်ဖတ်သွားပါတယ်

    ReplyDelete
  7. အကိုရေးထားတဲ့ ဒီပိုစ့်လေးဟာ အခုတလော ဘလောဂ့်ပေါ်မှာ အများဆုံး တဂ့်ရေးကြတဲ့ ပိုစ့်လေးအဖြစ် လိုက်ပြီး ဖတ်ခဲ့ပါတယ်။
    ဒီပိုစ့်လေးကို ဘာသာရေးအမြင်တွေနဲ့ ရေးသားထားတဲ့သူတွေ တော်တော် များပါတယ်။ အကိုရဲ့ အမြင်လေးကို လေးစားပါတယ်။ ဘာသာတရားနဲ့ နှိုင်းယှဉ်ပြီး ပြသွားလို့ မှတ်သားလောက်တဲ့ ပိုစ့်လေးဖြစ်ပါတယ်။
    အကိုရေးထားတဲ့ ဘာသာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်လေးတွေကို ကူးယူသွားပါတယ်နော်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  8. ဘာသာရေးရှူထောင့်ကနေ တင်ပြဖို့ စိတ်ကူးရတာကို အရမ်းသဘောကျမိတယ်။ ဖြူတုတ်မသိသေးတာတချို့ကို မှတ်သွားပါတယ်။

    ReplyDelete
  9. ဒီပို့စ်လေး အင်မတန်ကောင်းမွန်ပါတယ်

    အများကြီးတော့မပြောတော့ပါဘူးဗျာ

    အားလုံး အပိုတွေ မလုပ်ကြပါနဲ့ လုပ်သင့်လုပ်ထိုက် တာတွေ လုပ်ကြပါ လို့ပဲတောင်းဆိုချင်ပါတယ်။

    ReplyDelete
  10. ဘာသာရေး အသိများနဲ့ရေးထားတာကို သေချာလာဖတ်ပါတယ် သယ်ရင်းရေ. . .

    ReplyDelete
  11. အရမ်းကောင်းတဲ့ ပို့စ်လေးပါပဲ
    အကျိုးကျေးဇူးများစွာရရှိတဲ့ အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုရေ...
    ခင်မင်လေးစားလျှက်
    နှင်းဟေမာ

    ReplyDelete
  12. ဘယ်ဘလော့ သွားသွား ဒီကမ္ဘာပျက်တာပဲ၊ ဒီထက်စိတ်ဝင်စားအောင်ရေးနိုင်တဲ့ညံမရှိတော့ပါလားးD

    ReplyDelete
  13. ကိုကိုမောင်..တင်ပြပုံလေးသဘောကျတယ်ဗျာ
    အဲသလို..ခြေခြေမြစ်မြစ်ပြောတာမျိုးလေးကြိုက်တယ်

    ReplyDelete
  14. အခုလို သိခွင့်ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ

    ဒီကမ္ဘာကြီးမှာ မှီတင်းနေထိုင်ကြသူအချင်းချင်း ငြိမ်းချမ်းချစ်ကြည်စွာ တစ်ယောက်နှင့်တစ်ယောက် မာန်မာနတွေမထားဘဲ ချစ်ချစ်ခင်ခင်နေထိုင်ကြမယ်ဆိုရင် လောကကြီးက သာယာစိုပြေလှပနေမှာမလွဲပါဘူး။

    အပေါ်က စာလေးကိုသဘောကျတယ်

    မင်းအိမ်ဖြူ

    ReplyDelete
  15. ပန်းရနံ့
    ထပ်လာဖတ်တယ်ရှင့်

    ReplyDelete
  16. ကျနော်လည်း ထောက်ခံပါတယ်။

    မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။

    ဒါပေမယ့် တဂ်ါထားတဲ့ အမကလည်း ပျက်မယ်လို့

    ပြောတာမဟုတ်ပါဘူး။ အကယ်၍များလို့ ရည်ရွယ်ပြီး

    ရေးခိုင်းတာပါ။ အခုလိုမျိုးတဂ့်လိုက်တော့လည်း

    ရှုထောင့် အမျိုးမျိုးကနေ ပြီဖတ်သိခွင့်ရသွားကြတာပေါ့။

    ဗဟုသုတ မျှဝေတဲ့ သဘောလည်း သက်ရောက်ကျပါတယ်။

    အကို ပိုစ့်လေး အတွက်လည်း ကျေးဇူးပါ။

    ညီ မသိတာလေးတွေ သိလိုက်ရလို့ပါ။

    ညီရီနို

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။