Saturday, 9 May 2009

အဲဒါ.. အဲဒါ.. ရန်ကုန်မှာ မဟုတ်ပါ


ဤပုံကို သင်ကြည့်သောအခါ ဘတ်စ်ကားမှတ်တိုင်အနီး စည်းကမ်းမရှိ ထွေးပစ်ထားသောကွမ်းတံတွေးနှင့်စီးကရက်ဆေးလိပ်တိုတို့ကို တွေ့ရပေမည်။ ၄င်းဘတ်စ်ကားမှတ်တိုင်သည် မြန်မာနိုင်ငံမှ ဘတ်စ်ကားမှတ်တိုင်တစ်ခုမဟုတ်ပါ။ စင်္ကာပူမှ ဘတ်စ်ကားမှတ်တိုင်လည်းမဟုတ်ပါ။ ဒါဖြင့် ဘယ်နိုင်ငံက ဘတ်စ်ကားမှတ်တိုင်တစ်ခုပါလိမ့်..?????

ကျွန်ုပ် မြန်မာမှာ နေစဉ်တုန်းက ဖြစ်သည်။ တစ်နေ့၌ ကျွန်ုပ်၏ အခန်းအတွင်းသို့ သူငယ်ချင်းတစ်ယောက် ရောက်လာသည်။ သူသည် ကွမ်းစားသည်။ ဆေးလိပ်သောက်သည်။ ကျွန်ုပ်ဆီနေခိုက် ခဏလေးအတွင်းမှာပင် ၄င်းအလုပ်နှစ်ခုလုံးကို သူလုပ်သွားခဲ့သည်။ သူပြန်သွားပြီးနောက် ကျွန်ုပ်ပြုလုပ်လိုက်ရသည်မှာ ဆေးလိပ်ပြာများကို တံမြက်လှည်းပစ်ရခြင်းနှင့် နံရံဒေါင့်နား၌ ပေကျံနေသော ကွမ်းသွေးများကို သန့်ရှင်းသုတ်သင်ရခြင်းပင်ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ် ဥပဒေသတစ်ထုတ်ကြည့်မိသည်။ "ဆေးလိပ်သောက် ကွမ်းစားသောသူသည် စည်းကမ်းမရှိတတ်ကြ" ဟူ၏။

ကျွန်ုပ် စင်္ကာပူအလည်သွားစဉ်ကဖြစ်သည်။ မာလိုင်းယင်း ရှိသည့်နေရာကို ကျွန်ုပ်တို့ သွားကြသည်။ သူငယ်ချင်းတစ်ယောက်က လမ်းလျောက်ရင်း တံတွေးကို ပစ်ကနဲ ထွေးလိုက်သည်။ ၄င်းကို မြင်သော ကျွန်ုပ်တို့ကို လိုက်ပို့သည့် သူငယ်ချင်းက စင်္ကာပူမြို့ထဲမှာ တံထွေးမထွေးရကြောင်း စည်ပင်နဲ့တွေ့လျင် မြို့တော်ညစ်ပတ်စေမှုဖြင့် ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း ရှင်းပြ၍ တံတွေး မထွေးဖြစ်အောင် ကျွန်ုပ်တို့ အတော်ပင် ကြိုးစားခဲ့ရသည်။

ရန်ကုန်မြို့တော် မန္တလေးမြို့တော်များမှာ နေရာအနှံ့အပြား၌ ကွမ်းတံတွေးများကိုတွေ့နိုင်သည်။ လမ်းဘေး၌လည်းကောင်း ကားလမ်းပေါ်၌လည်းကောင်း အဆောက်အဦ နဘေးဒေါင့်လေးနား၌လည်းကောင်း အုတ်တံတိုင်းဘေးနား၌လည်းကောင်း စည်းကမ်းမရှိ ကွမ်းတံတွေးထွေးထားသည်ကို မြင်ယောင်နေမိသည်။
သို့သော် စင်္ကာပူ၌ပူ ကွမ်းတံတွေး ထွေးဖို့ မဆိုထားဘိ။ တံတွေးတောင် ရဲရဲမထွေးဝံ့။ အံဘွယ်ရှိစွ။ စည်းကမ်းအလွန်ရှိသော လက်တစ်ဆုပ်စာ တိုင်းပြည်လေးပေတကား။

ကျွန်ုပ် ယခု လန်ဒန်မှာနေသည်။ အင်္ဂလန်သည် ကျွန်ုပ် လန်ဒန်မရောက်ခင် ကျွန်ုပ်အထင်ကြီးခဲ့ဖူးသည့် နိုင်ငံတွေထဲမှ တစ်နိုင်ငံဖြစ်သည်။ လူ့အခွင့်အရေးအနေနဲ့သော်လည်းကောင်း စည်းကမ်းပိုင်းဆိုင်ရာ၌သော်လည်းကောင်း သန့်ရှင်းမှုဆိုင်ရာ၌သော်လည်းကောင်း အထင်ကြီးအားကျဖွယ်ကောင်းသော နိုင်ငံဖြစ်သည်ဟု ထင်ခဲ့မိသည်။
"သို့သော် ပြောမယုံ ကြုံဖူးမှ သိ" ဆိုသကဲ့သို့ ကြုံဖူးမှ သိရလေတော့သည်။

ကျွန်ုပ် အင်္ဂလိပ်စာတက်သော ကျောင်းသို့ အသွားလမ်းဝယ် ကွမ်းတံတွေးကို အသာထား၍ ရှူးရှူး အီးအီးတွေကိုတောင် လမ်းဘေး၌ တွေ့ရတတ်သည်။ အံ့သြခြင်းမက အံ့သြခဲ့ရသည်။ ခွေးများစွန့်ထားခဲ့သည့် အညစ်အကြေးမဟုတ်ပါ။ လူ့အီအီးပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အင်္ဂလန်၌ ခွေးလေခွေးလွင့်များ မရှိသောကြောင့်ပင်ဖြစ်သည်။
"စင်္ကာပူလို သေးသေးကွေးကွေးနိုင်ငံလေးမှာတောင် သန့်ရှင်းမှုအပြည့်အ၀ရှိတာ၊ အင်္ဂလန်မှာဆို အဘယ်ဆိုဖွယ်ရာ ရှိပါအံ့တော့နည်း" ဟု အထင်ကြီးထားခဲ့သမျှ အလွဲကြီးလွဲနေပါတော့သည်။

ယနေ့ ကျွန်ုပ် ကွန်ပျူတာပစ္စည်းတစ်ခု လိုချင်၍ နာမည်ကြီး ကွန်ပျူတာဆိုင်တစ်ခုသို့ သွားရန် ဘတ်စ်ကားမှတ်တိုင်တစ်ခုသို့ ထွက်လာခဲ့သည်။ ဘတ်စ်ကားမှတ်တိုင်၌ ၅မိနစ်ခန့်ကားစောင့်ရသည်။ ဘတ်စ်ကားမလာခင် အနီးအနားကို အကဲခတ်ကြည့်ရာ အထက်ပါ ဓါတ်ပုံထဲရှိ မြင်ကွင်းကို အံ့သြမှုကင်းစွာ (တွေ့နေကျမို့) တွေ့လိုက်ရသည်။ ထို့ကြောင့် ကျွန်ုပ် ဓါတ်ပုံရိုက်ယူခဲ့သည်။ ထိုဘတ်စ်ကားမှတ်တိုင်သည် အစစ်အမှန် လန်ဒန်မြို့ထဲက ဘတ်စ်ကားမှတ်တိုင် တစ်ခုပင် ဖြစ်ပေတော့၏။

"ကွမ်းစား ဆေးလိပ်သောက်ကြသော မည်သည့်နိုင်ငံရှိ လူမျိုးမဆို စည်းကမ်းမရှိတတ်ကြပေ" ဟူသော ကျွန်ုပ်၏ အဆိုအမိန့်ကို ကျွန်ုပ်ကိုယ်တိုင် ပိုမို၍ ခိုင်မြဲစွာ ယုံကြည်လာချင်သလိုလို ဖြစ်လာသည်။ စည်းကမ်းတကယ်ရှိသော ကွမ်းစား ဆေးလိပ်သောက်သူများရှိခဲ့လျင် ကျွန်ုပ်၏ အဆိုအမိန့်အတွက် ကျွန်ုပ်တောင်းပန်သည်။ သို့သော် ယေဘုယျအားဖြင့် ကျွန်ုပ်အဆိုအမိန့်သည် မှန်ကန်သည်ဟု ကျွန်ုပ်ယူဆပါသည်။

အကျွန်ုပ်တို့ အထင်ကြီး အားကျနေသော လန်ဒန်မြို့၌လည်း ရန်ကုန်နှင့်မခြား ဤသို့ဤနှယ် ရှိပေ၏ ဟူ၍သာ မှတ်ကြပါလေကုန်။ ။

......

9 comments:

  1. ဒါကတော့ ကိုယ်နေထိုင်ကျင်လည်ရာ Borough (Town) နဲ့ သက်ဆိုင်မယ်ထင်တယ်။

    လန်ဒန်က တချို့ Borough (Town) တွေ တော်တော်ညစ်ပတ်သလို သန့်ရှင်းသပ်ရပ်တဲ့ Borough (Town) တွေလဲ ရှိပါတယ်။

    နေရာတိုင်း မဟုတ်ပါ။

    ReplyDelete
  2. နေထိုင်သူ မြို့သူမြို့သားတွေ စည်းကမ်း ရှိမှ မြို့က လှပမယ်။ "ကွမ်းစား ဆေးလိပ်သောက်ကြသော မည်သည့်နိုင်ငံရှိ လူမျိုးမဆို စည်းကမ်း မရှိတတ်ကြပေ".. ဆိုတဲ့ ဥပဒေသ ကိုတော့ လက်ခံ၏။ တခြား နိုင်ငံတွေတော့ မသိဘူး။ ကျနော်တို့ မြန်မာလူမျိုး အများစု(ကွမ်းစား၊ ဆေးလိပ်သောက်သူတွေ) စည်းကမ်းမဲ့ ရတဲ့ အကြောင်းလေးကို စဉ်းစားမိတယ်။ “ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်လှုပ်ရှား နေရတဲ့ စီးပွားရေး ခြေနေကြောင့် ကျန်တဲ့ လူမှုပတ်ဝန်းကျင် သာယာလှပဖို့. စည်းကမ်းတကျ ရှိဖို့. ဒါတွေကို.. မသိလိုက် မသိဘာသာ လျစ်လျူရှုမိကြတာ” ဖြစ်မယ် မြင်မိတယ်။ လူကုံထံ တစ်ယောက် ကွမ်းစား ဆေးသောက်တာနဲ့ အောက်ခြေ လူတန်းစားက လူတစ်ယောက် ကွမ်းစား ဆေးသောက်တာ မတူညီနိုင်ဘူး။ စည်းကမ်းရှိမှုအရာမှာ များစွာ ကွာခြားနိုင်တယ်။ သူတို့ တွေးတောခံစားနေတဲ့ စိတ်အမြင်တွေကလဲ ကွာခြားကြတာကြောင့် အဓိက ဖြစ်မယ် ထင်မိတယ်။ လေးစားလျက်..။

    ReplyDelete
  3. ဘာပြောပြောပါ...အကိုက အပြုသဘောနဲ.တင်ပြ
    တာကိုလက်ခံပါတ်ာဗျာ...အဓါကကတောစည်းကမ်း
    ရှိဖို.လိုတာအမှန်ပါဘဲဗျာ...အချုပ်တန်းဆရာဖေတောင်
ြော့ခဲ.တယ်မဟုတ်လာ...စည်းကမ်းဖောက်လို.ထီးနန်းပျောက်တယ်
    အမျိုးပျောက်မှာ ဆိုးကြောက်ပါတယ် ဆိုတာမျိုးပေါ.အကိုရာ..
    အားပေးလျက်ပါ

    ReplyDelete
  4. သယ်ရင်းပြောတာမှန်ပါတယ် နေရာတိုင်းမှာ စည်းကမ်းရှိသင့်ပါတယ် သူတို့လည်း မြန်မာနဲ့ သိပ်မထူးခြားဘူးနော်..

    ReplyDelete
  5. ဟွန်.. အင်္ဂလန်များ..
    ရထားပေါ်တက်လိုက်တာနဲ့ သတင်းစာတွေ
    အချိုရည်ဗူးတွေ... မြို့ပြင်ဆို ပိုဆိုးတယ်..
    နာမည်ကြီး oxford street တစ်ဝှိုက်တွေတောင် ညစ်ပတ်လို့ :P

    တစ်ခါတလေတော့လည်း လွမ်းမိပါတယ်..း)

    ReplyDelete
  6. ကွမ်းစားပြီးထွေးချင်ရာထွေးတာတော့ အတော်ရုပ်ဆိုးအကျည်းတန်ပါတယ် ... အဲ့ပုံထဲကကွမ်းသွေးက မြန်မာတစ်ယောက်ယောက်များ စားပြီးထွေးထားလားမသိဘူးနော် ... လျှောက်တွေးကြည့်တာပါ .. စင်္ကာပူမှာစည်းကမ်းရှိတယ်ဆိုပြီးလဲ အထင်မကြီးလိုက်ပါနဲ့ရှင် ... Fine country ဖြစ်တာကတစ်ကြောင်း အမှန်အကန် အက်ရှင်းယူတာကတစ်ကြောင်းပါ ... သူတို့လဲ လစ်ရင်လစ်သလို စည်းကမ်းမဲ့တတ်ကြတယ် ... ဘယ်နေရာပဲယောက်ယောက် ကိုယ့်အသိစိတ်လေးနဲ့ကိုယ်ဆိုရင် အကောင်းဆုံးပါပဲ ...

    ReplyDelete
  7. ကိုကိုမောင်ရေ
    အလုပ်များနေတာတော့အမှန်ပါ။
    ဒါပေမယ့်စာလာဖတ်ပါတယ်။
    ကွမ်းစားသူများဆိုလို့ အမေရိကားက ကျမတွေ့ရသည့်
    အဖြစ်အပျက်လေးတခုကိုသတိရသွားပါတယ်။
    ကျဘမ်းစကားပြောပွဲတခု မြန်မာတိုင်းရင်းသားအချို့လုပ်
    ချင်တော့ ခန်းမတခုငှားရမ်းလုပ်ပါတယ်။
    ဟောပြောပွဲပြီးတော့ အခန်းဒေါင့်တွေမှာအမှိုက်သရှိုက်
    စုပုံနေတာတွေကပြသနာမရှိပေမယ့်။ သူတို့အလှစိုက်ထားတဲ့ ပန်းအိုးလေးတွေမှာကျောက်ခဲအဖြူ
    လေးတွေကြားကွမ်းသွေးရဲရဲတွေကမြင်မကောင်းလောက်
    အောင် စည်းမရှိကမ်းမရှိထွေးပြီးနီရဲနေတာတွေ့ရတယ်
    အဲဒီနောက်ပိုင်း မြန်မာတွေခန်းမလာငှားရင်မငှားတော့ကြောင်းသိရတယ်။
    ကိုယ့်လူမျိုးတွေစည်းကမ်းရှိစေချင်ပါတယ်။
    သူများနိုင်ငံစည်းကမ်းရှိတာမရှိတာ ကျမတို့လူမျိုးတွေ
    အခုကတည်းကစည်းကမ်းရှိသင့်ပါတယ်
    ခင်မင်စွာဖြင့်

    ReplyDelete
  8. အော့်သူတို့လဲဂလိုပါပဲလားးး
    အဟုတ်ထင်ထားတာအခုလိုကျတော့လဲ
    မြန်မာပြည်နဲ့နင်လားငါလားပါပဲ့

    ReplyDelete
  9. အင်္ဂလန်ရောက် ဧည့်သည်တဦးWednesday, 13 May 2009 at 15:11:00 BST

    လန်ဒန်က အညစ်ပတ်ဆုံး မြို့တော်တဲ့။ သတင်းထဲမှာ ဖတ်လိုက်ရတယ်။ ကြွက်တောင်ရှိတယ်။ အပေါ်ဆုံးက အနော်နီမတ် ရေးသလို ကိုယ်နေထိုင်ကျင်လည်ရာ နဲ့ ဆိုင်တယ်ဆိုပေမဲ့ မြို့တော်လန်ဒန် တခွင်တော့ သန့်ရှင်းနေစေချင်ပါတယ်။ အင်္ဂလန်မှာ ကွမ်းဝယ်လို့ရတာကို အံ့တော့သြမိသာ။ ကုလားတွေ အ၀င်များလို့ ဖြစ်မယ်။
    နောက်ဆက်တွဲ ဒီပို့စ်ကို ဖတ်ကြည့်လိုက်အုံး။ ကွမ်းတံတွေးတင် မကဘူး။ ပီကေတွေရောပဲ။
    http://maydar-wii.blogspot.com/2009/03/blog-post_19.html

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။