Sunday 31 July 2011

အကြွေးတွေ ရှင်းလိုက်ပြီ


ခေါင်းစဉ်ဖတ်ပြီး ကြွေးရှင်တွေ လိုက်လာမှာ ကြောက်ရသေးတယ်။ ငါ့ဆီက ချေးထားတာလဲ မဆပ်သေးဘဲနဲ့ အကြွေးတွေ ရှင်းလိုက်ပြီလေး ဘာလေး လုပ်နေသေးတယ်။ ပေးစမ်း ယူထားတဲ့ အကြွေးတွေ ဆိုပြီးတော့လေ။ ပြောတာ ပြောပါတယ်။ ငွေရေး ကြေးရေး အကြွေးတွေကိုတော့ ဘယ်သူ့ဆီကမှ ယူထားတာ မရှိပါဘူး။ ကျန်တဲ့ အကြွေးမျိုးကျပြန်တော့လဲ .... အင်းးး.. မရှိလောက်ဘူး ထင်တာပါဘဲလေ။ အခုအကြွေးက တိုက်တိုက်ဆိုင်ဆိုင် တစ်ယောက်ထဲကို တင်နေတဲ့ နှစ်ရှည်အကြွေးနှင့် လတ်လတ်ဆတ်ဆတ် အကြွေး။ အကြွေး မဆပ်မှာ ကြောက်လို့လား မသိဘူး။ အကြွေးရှင်က နာမည်တောင် ပြောင်းထားလိုက်သေး။ ဘာတဲ့။ ညိမ်းနိုင်ဆိုလား ငြိမ်းနိုင်ဆိုလားဘဲ။ ဘယ်လိုငြိမ်းညိမ်း ဘယ်လိုနိုင်နိုင် ကျနော်ကတော့ မောင်လေးလို့ ခေါ်နေဆဲပါဘဲ။ သူက လွန်ခဲ့တဲ့ နှစ်များဆီက မောင်လေးဆိုတဲ့ နာမည်နဲ့ ဒီမှာ တစ်ခါ အကြွေးပေးထားတယ်။ အဲဒီ အကြွေးတောင် မဆပ်ရသေးဘူး။ အခု ဒီမှာ ညိမ်းနိုင်ဆိုတဲ့ နာမည်နဲ့ အကြွေး ထပ်ပေးလာပြန်ရော။ စိန္တိတံ ကြံခါရှိသေး၊ ပုစ္ဆိ မေးပြန်ပြီ ဆိုတဲ့ ပုံပြင်လေးလို ဖြစ်နေပြီ။ ဒီလောက် အကြွေးပေးနေပုံထောက်ရင် ဧကန္တတော့ မောင်လေး(ခ)ညိမ်းနိုင်ဟာ ချစ်တီး ၀င်စားလေးဘဲ ဖြစ်ရမယ်။ ဟာ ဟ။

ကဲ..ကဲ။ အကြွေးရှိတော့လဲ ဆပ်ရမဲ့ တာဝန်က ကျနော့်တာဝန်၊ ဖတ်ရမဲ့ တာဝန်က သူ့တာဝန် မဟုတ်ပေဘူးလား။ (ဟုတ်ပါတယ်ဗျား)။ လေချည်း ပစ်နေလို့ မပြီးသေးပါဘူး။ (မပြီးသေးပါဘူး)။ အလုပ်နဲ့ သက်သေပြကြစို့လား။ (သက်သေပြကြမယ်လား)။ ကဲ.. ပြောနေတာ ကြာတယ်။ (မပြောရင် မကြာပါဘူး)။ အကြွေးဆပ်တာလေးကို အလှည့်ပေးလိုက်ကြစို့ရဲ့။ (အလှည့်ပေးတော့မယ်ပေါ့)

မောင်လေးရဲ့ အကြွေးတွေကို (အကြွေးတွေရှိတယ်လား)
နောင်ရေး အေးစေဖို့ (နောင်ရေး အေးရအောင်ပေါ့)
ရှောင်ပြေးကာ အဝေး မသွားချင်ပါဘူး (မသွားချင်ပါဘူး)
ဒါကြောင့်မို့
ကောင်လေးရေ...
စောင်လေး ဖွင့်ကာ ဆပ်။ ။


ခပ်သွက်သွက်နဲ့သာ ကျော်ဖတ်ကြပေတော့ဗျို့။ အကြွေးနှစ်ခုလုံး ဒီမှာ တစ်ပေါင်းထဲ ရှင်းလိုက်မိပြီ။ နဲနဲတော့ ရှည်သွားတယ် ထင်ပါ့။ ဖြစ်ချင်တာနှင့် ဖြစ်နေတာတွေ တဲ့။ ပြီးတော့ ကျွန်ုပ် ကြိုက်၏ မကြိုက်၏ တဲ့။ ရှုစားကြပါလှဲ့။
......



ဖြစ်ချင်တာနှင့် ဖြစ်နေတာတွေ

အင်း... ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုသလို တဂ်စာတွေကို မရေးဘဲ ကိုယ့်ဖာသာကိုယ် အေးအေးလေးနေရင် ကျနော်ဘယ်လိုလူမျိုးဆိုတာ ဘယ်သူမှ သိကြမှာ မဟုတ်ဘူး။ အခုတော့ မောင်လေးက ခင်ခင်မင်မင် တဂ်ထားလေတော့ ကိုယ့်ပေါင်ကိုယ် မလှန်ဘဲ ထောင်းပေရဦးတော့မပေါ့။ (လှန်ထောင်းရင် မသင့်တော်ဘူး ထင်လို့)။ အတော်နောက်တဲ့ မောင်လေးး)))။ မတဂ်ကောင်းတာတွေ လာတဂ်တယ်။ ဘာတဲ့။ ဖြစ်ချင်တာနှင့် ဖြစ်နေတာတွေ ဆိုလားဘဲ။

ဘ၀မှာ ဘာမှ ရည်ရွယ်ချက် ကြီးကြီးမားမားမရှိခဲ့ပါဘူး။ ရေစီးကြောင်းအတိုင်းလိုက်ပြီး အလိုက်အထိုက်ကလေး မျောစီးနေတာပါ။ ဘာမှလဲ ကြိုးစားပန်းစား အားထုတ်ခဲ့တာမရှိပါဘူး။ ပေါ့ပေါ့ပါးပါးပါဘဲ။ ဒါကြောင့်မို့ ရနေတဲ့ဘ၀၊ ရလာမဲ့ဘ၀တွေကို ကျေနပ်တယ်။ ဘာမှ စိတ်မကောင်းမဖြစ်ဘူး။ အရမ်းကြိုးစားတဲ့သူတွေ မျက်စိရှေ့ မှာ မအောင်မြင်ဘဲ ဘ၀ကို အရှုံးပေးသွားကြတာ အများကြီး တွေ့ဖူးတယ်။ သူတို့ကိုလဲ ချီးကျူးပါတယ်။ သူတို့တတ်နိုင်သလောက် ကြိုးစားသွားကြတာ။ အောင်မြင်တာ မအောင်မြင်တာကတော့ ကံတရားပေါ့လေ။ ကျနော်ကတော့ သူတို့လောက်ကြီး မကြိုးစားခဲ့ဘူး။ သူတို့လို ကြိုးစားပြီး သူတို့လို မအောင်မြင်ဘဲ ဘ၀ကို အရှုံးပေးရရင် ကျနော်က သူတို့ထက် ပိုဆိုးလောက်တယ်။ ဒါကြောင့် ဘာကိုမှ ပြင်းပြင်းထန်ထန် မကြိုးစားခဲ့ဘူး။ ကြိုးစားနေတဲ့သူတွေကို ကြိုးစားချင်စိတ်မရှိအောင် ရေးနေတာမဟုတ်ပါဘူး။ ကျနော့် Reality of life ကို ချပြရုံပါ။ တစ်ခုတော့ ရှိတယ်။ အသက်ကလေး နဲနဲကြီးလာတာနဲ့ အမျှတော့ ပရဟိတစိတ်ကလေးတော့ ရှင်သန်ကြီးထွားလာလေရဲ့။

အဲ... ဒါပေမဲ့ ကျနော် ဖြစ်ချင်ခဲ့တဲ့ အရာတွေကတော့ ရှိတယ်။ အများသူငါလို စစ်ဗိုလ်ကြီးတို့ အင်ဂျင်နီယာကြီးတို့ သင်္ဘောသားတို့ ဒေါက်တာတို့လို ဖြစ်ချင်တာ မဟုတ်ပါဘူး။ ကျနော့်အဖြစ်ချင်ဆုံး အရာက ရိုးရိုးစင်းစင်းလေးပါ။ ကျနော် အားမနာတတ်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။ အရှက်အကြောက်နည်းတဲ့လူတစ်ယောက်ဖြစ်ချင်တယ်။ ဒါပေမဲ့ အဲဒါတွေ ကျနော့်ဘ၀မှာ မဖြစ်ခဲ့ဖူး။ အဲဒီ အားနာတတ်တာ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်တာ၊ ရှက်ကြောက်တတ်တာက ကျနော့်ဘ၀ကို ကသိကအောက် ဖြစ်စေတယ်။ ပေါင်းသင်းဆက်ဆံမှုတွေမှာ သိပ်အဆင်မပြေဘူး။

အားနာတတ်လွန်းတဲ့အတွက် လူတစ်ချို့ က အဲဒီအားနာမှုကို အလွဲသုံးစားလုပ်တာ ခံခဲ့ရဖူးတယ်။ ချောက်တွန်းတာ ခံခဲ့ရဖူးတယ်။ အပြစ်ပုံချတာ ခံခဲ့ရဖူးတယ်။ အမှန်ကတော့ အားနာမှုဆိုတာ ကိုယ်ချင်းစာမှုကနေ ပေါက်ဖွားလာတာ မဟုတ်လား။ ကိုယ်ချင်းစာပြီး ကိုယ်ဖြစ်ချင်သလို သူလဲ ဖြစ်ချင်ရှာမှာဘဲ၊ သူဒီလိုဖြစ်ချင်နေတာကိုသိရဲ့သားနဲ့ ငါမလုပ်ပေးလိုက်ရရင် အားနာစရာကြီး စသဖြင့် ကြံဖန်ပြီး အားနာမှုဖြစ်လာတယ်လို့ ထင်တာပါဘဲ။

အားနာတတ်တဲ့အတွက်ကြောင့် ဘ၀တစ်လျှောက်မှာ လူ့အတ္တသမားတွေနှင့်ကြုံခဲ့ရဖူးတယ်။ ကိုယ်ချင်း လုံးဝ မစာနာတတ်တဲ့ လူတွေနဲ့ တွေ့ခဲ့ဖူးတယ်။ ကွန်မွန်းဆင့် လုံးဝမရှိသူတွေနှင့် တွေ့ခဲ့ရဖူးတယ်။ အဲဒါ အားနာတတ်ခြင်းရဲ့ အကျိုးရလာဒ်တွေဆိုရင် မှားမယ် မထင်ပါဘူး။ ရှေးလူကြီးတွေရဲ့ ဆုံးမစကားကို ကြားနာခဲ့ဖူးတယ်။ ပညာရှာတဲ့အခါ ဥစ္စာရှာတဲ့အခါတွေမှာ အရှက် အကြောက် အားနာမှု လုံးဝမထားပါနဲ့တဲ့။ ရှက်နေမယ် ကြောက်နေမယ် အားနာနေမယ်ဆိုရင် အဲဒါ ဆုံးရှုံးမှုရဲ့ နိဒါန်းပါဘဲတဲ့။

အချုပ်ပြောရရင်တော့ ဖြစ်ချင်တာက အားမနာ လျာမကျိုး ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့သူ ဖြစ်ချင်တာ။ ဒါပေမဲ့ ဖြစ်နေတာက ပတ်ဝန်းကျင်ကို အလွန်ဂရုစိုက်တတ်ပြီး အားအရမ်းနာတတ်တဲ့သူ၊ ရှက်တတ်တဲ့ သူ ဖြစ်နေပါရောလား။ ပြောတာ ပြောရတယ်။ ဖြစ်ချင်တာနှင့် ဖြစ်နေတာ ကွက်တိကျတဲ့သူက လောကကြီးမှာ မရှိသလောက်ဘဲ မဟုတ်ပါလား။



ကိုကိုမောင် ကြိုက်၏ မကြိုက်၏

ဘလော့ဂ်ဖတ်ခြင်း။
ဘာရေးရေး အကုန်ဖတ်ဖြစ်ပါတယ်။ အထူးသဖြင့် ဘလော့ဂါ ကိုယ်တိုင် လတ်လတ်ဆတ်ဆတ် ရေးထားတာကို ပိုဖတ်ဖြစ်ပါတယ်။ စာအုပ်တွေကနေ ထပ်ဆင့်ကူးတွေကိုတော့ စိတ်ပါမှ ဖတ်ပါတယ်။ စိတ်ကကို လတ်လတ်ဆတ်ဆတ် ကိုယ်ပိုင်အတွေးလေးတွေကို ကြိုက်နေလို့ ဖြစ်ပါလိမ့်မယ်။ ကြိုက်တဲ့ စာရေးဆရာတွေကိုတော့ ဒေါင်းလုပ်ဆွဲပြီး ဖတ်လေ့ရှိပါတယ်။ ပြီးတော့ ဘလော့ဂါအချင်းချင်း စိတ်မဆိုးကြေး စလိုက် နောက်လို့ ကျီစယ်လိုက် လုပ်ရတာကို ကြိုက်တယ်။ ကွန်မင့်ကို pop up window လေးနဲ့ဆို ပိုကြိုက်တယ်။

ကွန်မင့်ကို Moderate လုပ်ထားတာ၊ word verification လုပ်ထားတာ၊ Cbox ဖြုတ်ထားတာ၊ အရမ်းပြင်ဆင်ထားပြီး ဖွင့်တဲ့အခါ နှေးကွေးနေတာ၊ စာကြောင်းတွေကို Justify မလုပ်ဘဲ ထားတာ၊ အဲဒါတွေကို နဲနဲ အစာမကြေချင်ဘူး။ အချိန်နဲနဲ စားလို့။ စာလုံးတွေ ပြန့်ကြဲနေတာ၊ စာပိုဒ်ခွဲမထားတာ၊ လိုအပ်တဲ့နေရာမှာ ပုဒ်မ ပုဒ်ထီး မသုံးဘဲ ထားတာ၊ အဲဒါတွေကိုလဲ နဲနဲ နှာတွန့်ချင်သလိုလိုဘဲ။ ဖတ်ရတာ မျက်စိလည်လို့။(သို့သော် ကျနော်ကိုယ်တိုင် လွဲချော်နေဆဲပါ)။ ဘလော့ဂါအချင်းချင်း ပျော်သည် ပျက်စေ ကလက်စေ စ နောက် ရင်း စိတ်ဆိုးသွားတာမျိုးကိုလဲ မနှစ်သက်ပါ။ (တိုက်ဆိုင်မှု ရှိက ခွင့်လွတ် နားလည်ပေးကြပါကုန်)။

ကိုယ်ခန္ဓာ။
ခန္ဓာကိုယ်ကတော့ ထုံးစံအတိုင်း သန့်ရှင်းမှ ကြိုက်သပေါ့ဗျာ။ ဘယ်လောက်အထိ အသန့်ကြိုက်သလဲဆိုရင် မြန်မာမှာ နေစဉ်တုန်းက တစ်ရက်ကို အနည်းဆုံး ရေနှစ်ခါ ချိုးတယ်။ တစ်ခါတစ်ခါဆို သုံးခါကြီးများတောင်။ ဘိလပ်ရောက်တော့ တစ်ရက် တစ်ခါတော့ မှန်မှန်ချိုးတယ်။ ကိုယ့်ကိုကိုယ် လိပ်ပြာ မသန့်ရင်တော့ နှစ်ခါ ချိုးတယ်။ မှတ်မိသေးတယ်။ မြန်မာမှာ ရှိစဉ်တုန်းက အရမ်းအေးတဲ့ ဗမာမဟုတ်တဲ့ ရွာကလေး တစ်ရွာကို ရောက်ဖူးတယ်။ ဆောင်းပိုင်းကြီး ရောက်သွားတာ။ ရွာခံတွေတောင် သုံးလေးရက်နေမှ တစ်ခါလောက် ရေချိုးကြတယ်။ ဒါပေမဲ့ ကျနော်ကတော့ အဲဒီရွာမှာ နေထိုင်စဉ်အတွင်း တစ်ရက်တစ်ခါ ချိုးပစ်လိုက်တာပါဘဲ။ မတတ်နိုင်ဘူး။ သန့်ရှင်းချင်တာကိုး။ အဲ... ကျနော်ရေချိုးတာကို ကြည့်ပြီး အဲဒီရွာသားတွေကတော့ မှတ်ချက် ချကြလေရဲ့။ အဲဒီ ဗမာလေး အတော်လေး ညစ်ပတ်ရှာတယ်တဲ့။ ဒါကြောင့် ရေခဏခဏ ချိုးတာတဲ့။

လမ်းသရဲတွေလို ဆံပင်ရှည်ရှည်နဲ့ ခန္ဓာကိုယ် တောင့်တောင့်တင်းတင်း အရပ်မြင့်မြင့် ပုံစံမျိုး ဖြစ်ချင်တယ်။ မျက်လုံးအကြည့် စူးရှထက်မြက်ချင်တယ်။ လမ်းလျောက်ပုံ စတိုင်လ်ကျချင်တယ်။ လူရှေ့သူရှေ့ စကား ရဲရဲဝံ့ဝံ့ ပြောတတ်ချင်တယ်။ ဒါပေမဲ့ အမှန်တရားကတော့ ကတုံးတုံးထားတယ်။ ဒေးဗစ်ဘက်ဟမ်းလိုလို ဖြစ်နေတယ်။ ခန္ဓာကိုယ်က ခပ်သွယ်သွယ်။ အရပ်က ငါးပေ ၅ လက်မ။ မျက်လုံးအကြည့်က လူတစ်ယောက်ကို ကောင်းကောင်း စိုက်မကြည့်ရဲဘူး။ ရိုင်းတယ်ထင်မှာ ကြောက်လို့။ လမ်းလျောက်တာကတော့ နောက်က ကျားလိုက်လို့ ထွက်ပြေးသလိုလို။ မြန်မှမြန်။ လူစုလူဝေးထဲ စကားပြောရမှာလဲ ၀န်လေးပြန်ရော။ အဲ... အသားအရောင်ကတော့ ဖြူရွှေရောင်လေးဗျ။ အရမ်းလှတာဘဲ တဲ့။ ကျနော့် အမေက ပြောတာ။ သူ့ သားကိုး။ သူ့မျက်စိထဲ လှပေမပေါ့။း)) ကျောင်းတက်တုန်းက သူငယ်ချင်း တစ်ယောက်ရဲ့ အားပေးစကားကို အခုထက်ထိ ကြားယောင်နေတုန်းဘဲ။ ကိုကိုမောင်.. မင်းသာ ဒီကျောင်းရဲ့ လူချောစာရင်းထဲ ပါရင် ဒီကျောင်းမှာ ရုပ်ဆိုးတဲ့သူ တစ်ယောက်မှ မရှိတော့ဘူးတဲ့။ အင်းးး ဖြစ်နိုင်တယ် ဖြစ်နိုင်တယ်။ သူတို့က အလှအပမှ မမြင်တတ်ကြတာ။း))

အခန်း။
သန့်ရှင်းပြီး အနံ့ကင်းတဲ့ အခန်းမျိုးကို ကြိုက်တယ်။ ဒါပေမဲ့ စာမေးပွဲအတွက် စာတွေ မဖြစ်မနေလုပ်ရတော့မယ်ဆိုရင်တော့ ကျနော့် အခန်းထဲ လာမကြည့်လေနဲ့။ ခြေချဖို့နေရာတောင် အနိုင်နိုင်။ စာအုပ်တွေ ဟိုဟာတွေ ဒီဟာတွေနဲ့ ရှုပ်ပွနေတော့တာကလား။ ဒါကြောင့် အဲဒီလို အချိန်မျိုးမှာ ဧည့်သည်လာမှာ သေမလောက် ကြောက်ပါတယ်။

စာကြည့်မီး။
ညဘက် စာကြည့်တဲ့အခါ မီးလုံးနဲ့ စာကြည့်ရတာ မကြိုက်ဘူး။ မီး(ဖန်)ချောင်းနဲ့ စာကြည့်ရတာဘဲ ကြိုက်တယ်။ တစ်ချို့ကတော့ ပြောကြတယ်။ မီးချောင်းက မီးလုံးထက် မျက်စိ ပိုခိုက်တတ်တယ်တဲ့။ မီးပျောင်းရဲ့ မျက်တောင်ခတ်အားက ပိုပြင်းထန်လို့တဲ့။ ဒါပေမဲ့ ကျနော်ကတော့ မီးချောင်းမှ မီးချောင်းပါဘဲ။

အပြုအမူ။
ပတ်ဝန်းကျင်ကို အရမ်း ဂရုစိုက်အားကြီးလွန်းတယ်။ ငါ ဒီလို လုပ်လိုက်ရင်၊ ငါ ဒီလို နေပြလိုက်ရင် သူဘယ်လို ခံစားသွားရမလဲ ဆိုတဲ့ အသိက အမြဲတမ်း စိတ်ထဲ ၀င်ရောက်နေတယ်။ အဲဒီလို စိတ်ထားကြောင့် လုပ်တဲ့ အလုပ်တိုင်း ခရီးမတွင်လှဘူး။ ပြီးတော့ အပြစ်ပြောခံရမှာ ကြောက်တာလဲ ပါတယ်။ ယုတ်စွအဆုံး လေလည်ရင်တောင် လူရှေ့သူရှေ့ ကျယ်ကျယ် မလည်တတ်ဘူး။ (ငါ့နှယ်နော်.. လူတင် မကဘဲ လေရောတောင်မှ အားနာနေလိုက်သေး)။ သူများအပြစ်လဲ အရမ်းမပြောတတ်သလို ကိုယ့်အပြစ် အပြောခံရမှာလဲ ကြောက်နေမိတယ်။ ဒါပေမဲ့ အခြေအနေအရ နှစ်ခုလုံး ရှောင်လွဲလို့ မရပါဘူး။ ပြောဖြစ်၊ အပြောခံဖြစ်တာပါဘဲ။

အစားအသောက်။
လုံးဝ ဂျီးများဘူး။ မရှိရင် မစားဘူး။ ရှိရင် စားပစ်လိုက်တာပါဘဲ။ ဘာဟင်းဖြစ်ဖြစ် စားတယ်။ ဒါပေမဲ့ ကုလားအနံ့ပါရင်တော့ ခံတွင်းမတွေ့ဘူး။ ကိုယ်တိုင်ချက်တဲ့အခါလဲ အသင့်ရှိနေတဲ့ အသား အသီးအရွက်တွေကို ခုတ်ထစ် ရိုက်ချိုးရင်း အိုးထဲ ပစ်ထည့်လိုက်တာပါဘဲ။ ကောင်းမှကောင်း။ အဲ... တစ်ခုတော့ ရှိတယ်။ အေးစက်နေတဲ့ ဟင်း ထမင်းတွေဆိုရင်တော့ မကြိုက်ဘူး။ ပူနေမှ ကြိုက်တယ်။

ဝတ်စားဆင်ယင်မှု။
လူမှာ အ၀တ် တောင်းမှာ အကွပ် ဆိုပေမဲ့ အ၀တ်အစားလဲ လုံးဝ ဂျီးမများဘူး။ ချောင်ချောင်ချိချိနဲ့ နေသာ ထိုင်သာရှိမဲ့ အ၀တ်အစားဆို ကောက်ဝတ်လိုက်တာပါဘဲ။ ဘယ်သူမှ မကြည့်ချင်နေပေါ့။ အလှမြင်တတ်တဲ့သူက ရှာကြံကြည့်တတ်ကြတယ် မဟုတ်လား။း)၀) ။ ညှပ်ဖိနပ် ကြိုက်ပေမဲ့ ဘိလပ်ရောက်တော့ အခြေအနေအရ ရှူးဖိနပ်တွေ ကွင်းထိုးဖိနပ်တွေနဲ့ဘဲ နှစ်ပါး သွားနေရလေရဲ့။ ကျန်တာကတော့ အဆင်သင့်သလို လုပ်လိုက်တာပါဘဲ။ အ၀တ်အစားရဲ့ အဓိက ရည်ရွယ်ချက်က အရှက်လုံခြုံဖို့နဲ့ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိဖို့ မဟုတ်လား။

စိတ်ဖြေဖျော်မှု။
နဲနဲ အချိန်ရရင် ရယ်ရတဲ့ ဟာသဇာတ်ကားလေးတွေ၊ အငြိမ့်လေးတွေ၊ ဒရမ်မာလေးတွေ ကြည့်ဖြစ်တယ်။ ၀မ်းနည်းပူဆွေးစရာတွေဆို မကြည့်ဘဲ ရှောင်ကြဉ်ထားတယ်။ မကြိုက်လို့တော့ မဟုတ်ဘူး။ ခံစားတတ်လွန်းလို့။ ဇာတ်ကား အရမ်းကောင်းရင် ကြည့်ရင်း သရုပ်ဆောင်တွေနဲ့ ရောယောင်ပြီး မျက်ရည်ကျတတ်ပြန်ရော။ သူငယ်ချင်း တစ်ယောက် ပြောတာ ဟုတ်လောက်တယ်။ သူရဲကောင်းဆိုတာ မျက်ရည်လွယ်တယ်တဲ့။ မှန်လောက်တယ်။ စစ်ရေးမှာ စိတ်အားပြင်းထန်သလောက် အချစ်ရေးကျတော့ နူးညံ့သိမ်မွေ့ကြရော မဟုတ်လား။ ဒါဖြင့် ကိုကိုမောင်ကကော သူရဲကောင်းလားတဲ့။ မေးကြပါတယ်။ မေးနိုင်ပါတယ်။ ကျနော်လဲ ဖြေလိုက်ပါတယ်။ သူရဲကောင်းတော့ မဟုတ်ဘူး။ သရဲခေါင်းလို့။ ရုပ်က အဲဒီလို သရဲချော ချောနေတာကိုး။ ။
...

ကဲ မောင်လေး ခေါ် ညိမ်းနိုင်ရေ...
ဟိုရောက်ဒီရောက်နဲ့ လျောက်ရေးနေတာ ဖတ်တဲ့သူတွေကို ဒုက္ခပေးသလို ဖြစ်နေပြီ။ ဒီလောက်နဲ့တင် ကျေနပ်တော့နော့။ တော်ကြာ အပိုင်း တစ် နှစ် သုံး လေး ငါး ဆိုပြီး ဖြစ်သွားမှ ကိုကိုမောင်ဆို ပျိုပျိုတွေ ရှောင်နေကြရင် မခက်ပေဘူးလား။ ပေရှည်လွန်းလို့လေ။ ဘာတဲ့။ အော်.. အဲလိုလား။ ၀မ်းသာပါတယ်။ ဘာတဲ့။ ရေးချင်တာ ရေးပါတဲ့။ ကိုကိုမောင်ကို ပျိုပျို မရှောင်ပါဘူးတဲ့။ ကြားလိုက်သလိုဘဲ။ ဘယ်သူပြောတာပါလိမ့်။ အင်း အဲဒီလို ပြောတဲ့သူကို ဒင်းနားပါတီ ကောင်းကောင်း ပေးရဦးမယ်။ ။း)))


.

Sunday 24 July 2011

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင် (ဇာတ်သိမ်းခါနီး)


"ကဲ.. မောင်ပေါက်ကျော်။ ဟောဒါက ကော်ဖီ။ ဟောဒါက လဘက်သုပ်။ သောက်လဲသောက် စားလဲစား။ ပြီးရင် မင်း မနေ့က ပြောထားခဲ့တဲ့ ဘုရားရှင်လက်ထက်က သူတော်ကောင်းမလေး အကြောင်း ပြောပြစမ်းပါဦး"

"အဟမ်းးး ဒီတစ်ခါတော့ သူကြီးမင်း နားထောင်ရမဲ့ အလှည့်ရောက်သွားပြီ"

"အင်းပါ။ မင်း ပြောမှာသာ ဆက်ပြောပါ။ ငါ နားထောင်နေပါတယ်"

"ကျနော်တို့ ကိုးကွယ် ဆည်းကပ်နေတဲ့ ဂေါတမဘုရားရှင် လက်ထက်တော် အခါတုန်းကပေါ့ သူကြီးမင်းရာ"

"မင်းကလဲ ပြောမှာ ပြောတာ မဟုတ်ဘူး။ နိဒါန်းတွေ ချီနေသေးတယ်။ နိဒါန်းများလွန်းရင် နားထောင်ရတာ ငြီးငွေ့သွားရောဘဲ"

"သူကြီးမင်းကလဲ အလှည့်လေး ရှားရှားပါးပါး ရောက်လာတုန်း ပါးစပ်ကလေးတော့ သွေးပါရစေဦး။ ဘုရားရှင် လက်ထက်က သာသနာရေး ဘာသာရေး လှူရေး တန်းရေးမှာ နာမည်ကြီးခဲ့တဲ့ အမျိုးသမီး တစ်ယောက် ရှိခဲ့တယ်။ အဲဒီ အမျိုးသမီးက နောက်ဘ၀တွေ အတော်များများကိုလဲ မှတ်မိတယ်။ ထူးဆန်းတာက အဲဒီ အမျိုးသမီးမှာ ဟ၀ှါစိတ် အရမ်းများတယ်တဲ့။ သူ ဖြစ်ခဲ့လေရာ ဘ၀ ဘ၀တွေ ထဲမှာ ဟ၀ှါပြုလို့ အားရကျေနပ်ခဲ့တာ တစ်ဘ၀ဘဲ ရှိခဲ့တယ်တဲ့။ အဲဒီ ဘ၀ကတော့ နွားမလေး ဖြစ်ခဲ့တဲ့ ဘ၀ဘဲတဲ့။ တစ်နေ့ကျတော့ နွားသိုးအုပ်စုလိုက်ကြီး မိတ်လိုက်ဖို့ သူ့ကို နောက်ကနေ လိုက်ကြတယ်တဲ့။ သူလဲ ပြေးရင်း လွှားရင်း သစ်ပင်တစ်ပင်ရဲ့ ဂွဆုံမှာ ခေါင်းနဲ့ငြိနေပြီး ရှေ့လဲတိုးမရ နောက်လဲ ဆုတ်မရ ဖြစ်နေခဲ့တယ်တဲ့။ အဲဒီလို ဖြစ်နေတဲ့အခါမှာ နွားသိုး အုပ်စုလိုက်ကြီး တစ်ကောင်ပြီး တစ်ကောင် ဟ၀ှါ ပြုကြသတဲ့။ နွားသိုးအုပ်စုကလဲ အကောင်ရေ အများကြီးဘဲတဲ့။ အဲဒီ အမျိုးသမီးဟာ အဲဒီ နွားမလေးဘ၀မှာဘဲ ဟ၀ှါပြုခံရတာ အားရကျေနပ်မှု အရှိဆုံးဖြစ်ခဲ့ပါတယ်တဲ့။ အခု မောင်ပြုးတစ်ယောက်လဲ ဆေးလိပ်သောက်ရတာ အဲဒီနေ့ကမှ အာသာအပြေဆုံးဆိုလို့ ကျနော် အဲဒီ ပုံပြင်လေးကို သတိရသွားတာပါ"

"မင်းပြောတဲ့ အမျိုးသမီးက ဟို သောတာပန်အရိယာ ဖြစ်သွားတဲ့ အမျိုးသမီးကို ပြောတာ မဟုတ်လား။ သားသမီး ၂၀၊ မြေး ၄၀၀၊ မြစ် ၈၀၀၀ ရှိတဲ့ အမျိုးသမီး ကျောင်းအမကြီးလေ"

"ဟုတ်ပါတယ် သူကြီးမင်း"

"မင်း ဒါဖြင့် ဒီပုံပြင်ကို ဘယ်က ကြားခဲ့တာလဲ"

"ကျနော့် အဖေ ဥပုသ်စောင့်သွားရင်း ဥပုသ်သည် တစ်ယောက် ပြောတာ ကြားခဲ့တာတဲ့။ အဖေ ပြန်ပြောပြလို့ သိရတာ"

"ဒါဖြင့် အဲဒီ ဥပုသ်သည်ကိုကော ဘယ်သူက ပြောတာတဲ့လဲ"

"အာဂန္တုဘုန်းကြီးဆိုလား၊ မြို့က အသိတစ်ယောက်ဆိုလားဘဲ"

"အေးးး မင်း မသေချာဘဲနဲ့ လူတွေရှေ့ သိပ်မပြောနဲ့နော်။ အပြောခံရတဲ့သူက အရိယာဖြစ်သွားပြီး အခုဆို ဘုံစံနဲ့ နတ်ပြည်မှာ အေးအေးဆေးဆေး ဖြစ်နေပြီ။ ပြီးတော့ မင်းစကားကြောင့် တခြားသူတွေ သူ့ကို အထင်သေး အမြင်သေး ဖြစ်သွားရင် နေရင်း ထိုင်ရင်း အရိယူပ၀ါဒကံ ထိုက်ကုန်ပြန်ကြဦးမယ်"

"အရိယူပ၀ါဒကံဆိုတာ ဘာလဲ သူကြီးမင်း"

"အရိယာပုဂ္ဂိုလ်တွေကို အထင်အမြင်မှားပြီး ပြစ်တင်စွပ်စွဲတဲ့ ကံပေါ့။ အဲဒီကံကို ကျူးလွန်မိရင် အပါယ်ငရဲသွားဖို့ လက်မှတ်ရသွားတာနဲ့ အတူတူဘဲ"

"ဟာ ဒါဖြင့် ကြောက်စရာကြီးပါလား။ မဖြစ်ဖူး မဖြစ်ဖူး။ ကျနော် မပြောခဲ့ဖူးလို့သာ သဘောထားလိုက်ပါနော်။ သူကြီးမင်း။ ပြီးတော့ ကျနော်က သူကြီးမင်းကိုဘဲ ပြောရသေးတာ။ ဘယ်သူ့ကိုမှ မပြောပြရသေးဘူး။ တစ်ခြားသူတွေကို ကျနော် ပြောတာလို့ သွားမပြောပါနဲ့နော် သူကြီးမင်း။ ဘယ့်နှယ် ပုံပြင်လေး ပြောဖို့ အလှည့်တစ်ခါဘဲ ရောက်ခါရှိသေး တော်သေးတယ် ကံကြီးထိုက်တော့မလို့"

"အေးပါ မပြောနဲ့ဆိုလဲ မပြောပါဘူး။ စိတ်ချပါ"

"ဒါနဲ့ အဲဒီ ကံထိုက်ရင် လွတ်ငြိမ်းနိုင်တဲ့ နည်းလမ်း မရှိတော့ဘူးလား"

"ရှိပါတယ်။ အကဲ့ရဲ့ ခံရတဲ့ အရိယာပုဂ္ဂိုလ်ဆီ ကိုယ်တိုင်သွားပြီး တောင်းပန်ရင် ရတယ်။ ကင်းလွတ် ကျေအေးသွားပြီ။ ဒါပေမဲ့ အဲဒီ အရိယာပုဂ္ဂိုလ် ပျံလွန်တော်မူသွားပြီဆိုရင်တော့ သူ့ကို မြှုပ်နှံတဲ့ မြေပုံရှေ့သွားပြီး တောင်းပန်ရမယ်။ အဲဒီ အရိယာပုဂ္ဂိုလ်က ဘယ်နေရာ ဘယ်ဒေသမှာမှန်း မသိရင်တော့ နီးစပ်ရာ သီလသမာဓိရှိတဲ့ ဆရာတော်တစ်ပါးဆီ သွားပြီး အရိယူပ၀ါဒကံ ထိုက်နေကြောင်း ရှင်းပြပြီး (အရိယာပုဂ္ဂိုလ်အစား) ထိုဆရာတော်ကို ဦးသုံးကြိမ်ချ ကန်တော့ရမယ်"

"တော်ပါသေးရဲ့ ကုသဖို့ ဆေးနည်းလေးတွေ ရှိသေးလို့။ နို့မဟုတ်ရင် မြင်ယောင်မိသေးတယ် ငရဲအိုးကြီးတွေကို။ မီးလျံတညီးညီးနဲ့။ ဆီမပါ ဆားမပါ လူကာလသားဟင်း ချက်ခံရတော့မလို့"

"အေးပါ။ ငါလဲ မင်း ငါ့ကို ဒီအကြောင်း မပြောခဲ့ဖူးလို့ဘဲ မှတ်လိုက်ပါ့မယ်။ ဘာမှ မပူပါနဲ့။ မင်းလဲ နောက်ကို ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့တော့ သိလား"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

"ဒါနဲ့ ပုံပြင်က ဘယ်အနား ရောက်သွားပြီလဲ မသိဘူး"

"ကိုရင်ကျောင်းသားတွေ တောထဲကို ဆေးလိပ်တွေ ခိုးသောက်ဖို့ ယူလာတဲ့ဆီ ရောက်နေပါပြီ သူကြီးမင်း"

"အေး ဟုတ်တယ်။ ဆေးလိပ်တွေ တောထဲယူလာကြတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်တာပေါ့လေ။ ဆေးလိပ်လဲ လွတ်လွတ်လပ်လပ် သောက်ရတယ်။ ပြီးတော့ ရှဥ့်တို့ ကြွက်တို့ လိုက်ဖို့လဲ လက်နက်တစ်ခု ဖြစ်သွားတာပေါ့။ သစ်ခေါင်းထဲ ၀င်ပြေးတဲ့ ရှဥ့်တွေကြွက်တွေကို အပြင်ထွက်လာအောင် ဆေးလိပ်မီးခိုးကို အသုံးပြုကြတယ်လေ။ ဆေးလိပ်မီးခိုးကို သစ်ခေါင်းထဲ မှုတ်ထည့်လိုက်ရင် မလွယ်ပေါက် ရှိတဲ့နေရာကလဲ အငွေ့ထွက်တယ် မဟုတ်လား။ အဲဒီ မလွယ်ပေါက်ဝကိုလဲ ကိုရင်ကျောင်းသားတွေက လေးခွနဲ့ အသင့်ချိန်ထားကြတယ်။ ဘယ်ကထွက်လာ ထွက်လာ လွတ်လမ်းမရှိပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ခါမှာတော့ ရှဥ့်ကဘဲ ဆေးလိပ်ကြိုက်သွားလို့လား၊ ဒါမှ မဟုတ် ထွက်ပြေးရင်လဲ လွတ်လမ်းမရှိဘူးဆိုတာ သိလို့လား မသိဘူး။ အထဲမှာဘဲ ပေနေတယ်။ ဘယ်လောက် မီးခိုးနဲ့ မှုတ်မှုတ် မထွက်ဘူး။ အဲဒီလို အခါမျိုးမှာ တုတ်ချောင်း ခပ်ရှည်ရှည်နဲ့ အောက်က နေပြီး သစ်ခေါင်းထဲ ထိုးမွှေရတယ်။ ထိုးမိရင် ထွက်ပြေးလာရောပေါ့။ အဲဒီလိုမှ မရရင် သစ်ခေါင်းကို ခွန်နဲ့ ပေါက်ခွဲပြီး မရရအောင် လုပ်ကြတော့တာဘဲ"

"တော်တော်ဆိုးကြတာဘဲနော်"

"အင်း... သူတို့လဲ သူတို့ စိတ်ကူး ရရာ လုပ်ကြတာပေါ့လေ။ ကြွက်တွင်းတို့၊ ပွေးတွင်းတို့ တွေ့ရင်လဲ ဒီအတိုင်းဘဲ။ ဆေးလိပ်မီးခိုးကို တွင်းထဲ မှုတ်သွင်းလိုက်တယ်။ ထွက်ပေါက်ရှိတဲ့ နေရာက အငွေ့ထွက်လာတယ်။ အဲဒီ အပေါက်တွေ အကုန်လုံး ပိတ်ပြီး အပေါက်တစ်ခုကနေ ရေအပြည့် လောင်းထည့်လိုက်ကြတာပါဘဲ။ အထဲက အကောင်တွေ ရေမွှန်းပြီး သေတဲ့ကောင်က သေ၊ အပြင်ထွက်လာတဲ့ကောင်က ထွက်ပေါ့။ ဒါပေမဲ့လဲ သိတဲ့အတိုင်းဘဲ ခွေးတွေကလဲ လျင်သလား မမေးနဲ့၊ မြေကြီးပေါ် ပြေးနေလို့ကတော့ မလွတ်တမ်းဘဲ"

"ရက်စက်လိုက်ကြတာ။ တွင်းထဲက အကောင်တွေကတော့ တစ်ကြိမ်ထဲနဲ့ (ဆေးလိပ်)မီးဘေးရော ရေဘေးပါ သင့်ကုန်ကြတော့တာပေါ့"

"ဒါလဲ သတ္တ၀ါ တစ်ခု ကံတစ်ခုပေါ့လေ။ ဘယ်တတ်နိုင်ပါ့မလဲ။ နောက်ပိုင်းကျတော့ သစ်ပင်ခေါင်းထဲ ၀င်ပြေးတဲ့ အကောင်ပလောင်တွေကို ဆေးလိပ်မီးခိုးနဲ့ ထွက်လာအောင် လုပ်ရတာ နဲနဲ အချိန်ကြာမှန်း သိလာကြတယ်။ ဒါကြောင့်မို့ ဆေးလိပ်မီးခိုးကို အသုံးမပြုကြတော့ဘဲ သစ်ခေါင်းထဲက အကောင်တွေကို အခေါင်းဝမှာ သစ်ရွက်ခြောက်တွေနဲ့ မီးဖိုပြီး မီးမြှိုက်ကြတော့တာပေါ့။ အထဲက အကောင် ခံနိုင်ရိုးလား။ သေပေါက်တွေ ချည်းဘဲ။ အခုလဲ ကြောင်ဖမ်းဆရာတော် ဦးစီးတဲ့ ကိုရင် ကျောင်းသားတွေဟာ သစ်ပင်ခေါင်းထဲ ၀င်ပြေးသွားတဲ့ ရှဥ့်မီးနီကို အခေါင်းဝကနေပြီး သစ်ရွက်ခြောက်တွေနဲ့ မီးရှို့လိုက်ကြတယ်လေ။ ချက်ချင်းဘဲ ရှဥ့်မွေးမီးလောင်တဲ့ ညှော်နံ့တွေ ထွက်လာတယ်။ ဒါပေမဲ့ ရှဥ့်က အပြင် ထွက်မလာဘူး။ မီးအရှိန် ပိုပြင်းအောင် သစ်ရွက်ခြောက်တွေ ထပ်ထည့်ကြပြန်တယ်။ ဒါပေမဲ့ ရှဥ့်က ထွက်မလာဘူး။ သစ်ပင် အပေါ်ဘက်မှာ မလွယ်ပေါက်များ ရှိသလားဆိုပြီး အောက်ကနေ လေးဘက်လေးတန် လှမ်းရှာကြည့်ကြတယ်။ မတွေ့ဘူး။ ဒါဆို သစ်ခေါင်းထဲမှာဘဲ ဒီ အကောင် သေနေလောက်ပြီ။ ဒါနဲ့ နီးစပ်ရာ ၀ါးပင်ပေါက်စခပ်ရှည်ရှည်လေးကို ခုတ်ဖြတ်ယူပြီး အခေါင်းထဲ ထိုးကြည့်ကြတယ်။ ပျော့အိအိ ထိုးမိတယ်။ အဲဒီ ပျော့အိအိထိုးမိတဲ့ နေရာကို မှန်းဆပြီး သစ်ပင်ပေါ်တက်ကာ ခွန်နဲ့ သစ်ပင်ကို ပေါက်ခွဲကြတယ်။ သစ်ပင်က ကြီးတော့ ကိုရင်ကြီး ကျောင်းသားကြီးတွေ တစ်လှည့်စီ ပေါက်ကြရတယ်။ ကြောင်ဖမ်းဆရာတော်လဲ အပါအ၀င်ပေါ့။ သူ့ အလှည့်ရောက်တော့ ခွန်ပေါက်ရင်း အရှိန်နဲနဲ လွန်သွားတဲ့အတွက် သူ့ခြေထောက်ကို နဲနဲ ရှပ်ထိသွားတယ်။ သွေးတွေဆို ဖျန်းကနဲဘဲ။ သစ်ပင်ပေါ်ကလဲ ကို့ယို့ကားယား ပြုတ်ကျလာတယ်"

"ဟာ... ဒါဆို ကြောင်ဖမ်းဆရာတော် အဲဒီနေရာမှာတင် ပျံတော်မူသွားရောလား"

"မင်းကလဲ တခါထဲ သေတွင်းပို့ချင်နေတော့တာဘဲ။ နဲနဲလေးတော့ သနားတဲ့စိတ် ထားပါဦး"

"မသိဘူးလေ။ ဒီလောက် သူများအသက်တွေကို ဦးစီးပြီး သတ်ဖြတ်ခဲ့တာဆိုတော့ ၀ဋ်လည်ပြီး ပွဲချင်းပြီးများ သေသွားသလားလို့"

"အေးးး... မင်းပြောမယ်ဆိုလဲ ပြောချင်စရာပါ။ အဲဒီ ကြောင်ဖမ်းဆရာတော် သတ်ဖြတ်ခဲ့တဲ့ တောတိရစ္ဆာန်တွေက နဲနဲနှောနှောမှ မဟုတ်ဘဲ။ ဒါကြောင့်မို့ အဲဒီအချိန်ကစပြီး သူ ၀ဋ်လည်တော့တာဘဲ။ မောင်ပေါက်ကျော်ရေ... မှတ်ထားနော်။ ၀ဋ်ဆိုတာ နောက်ဘ၀မှ မဟုတ်ဘူး။ ဒီဘ၀မှာတင် လည်တတ်တယ်။ အတုံ့အလှည့်သဘောပေါ့ကွာ။ ကြောက်စရာ အရမ်းကောင်းတယ်။ လူဖြစ်စေ ဘုန်းကြီးဖြစ်စေ ၀ဋ်က မနေဘူး။ အမြဲ လိုက်လာတတ်တယ်။ ဒီဘ၀ ဒါမှ မဟုတ် နောက်ဘ၀ ဒါမှ မဟုတ် နိဗ္ဗာန်မရမချင်း ဘ၀တစ်ခုခုမှာ ၀ဋ်က နောက်က ကပ်ပါလာမှာပါဘဲ"

"ကြောက်စရာကြီးနော် သူကြီးမင်း"

"ဟုတ်တယ်။ အခု ကြောင်ဖမ်းဆရာတော်ကို ကြည့်လေ။ ခွန်လဲ ရှခဲ့သေးတယ်။ သစ်ပင်ပေါ်ကလဲ လှိမ့်ကျခဲ့ရသေးတယ်။ ပြီးတော့ ရှဥ့်မွေးမီးလောင်တဲ့ ညှော်နံ့ ခံခဲ့ရတဲ့ အတွက်ကြောင့် ခွန်ရှတဲ့အနာက အရမ်းရင်းလာပြီး ခန္ဓာကိုယ်တစ်ခုလုံး ဟိုနားတစ်ကွက် ဒီနားတစ်ကွက် အနာတွေ ပေါ်ပေါက်လာတယ်။ အနာတွေ များလာတော့ ဘယ်အနာက ပိုနာမှန်း သူမသိတော့ဘူး။ အကုန်လုံး နာနေတော့တာကိုး။ မှန်းဆကြည့်ရရင်တော့ သူ့ခန္ဓာကိုယ်ပေါ်မှာ အနာပေါင်း အလုံးတစ်ရာ ကျော်မယ်ထင်တယ်။ ညအိပ်တဲ့အခါလဲ.. ဟေးးး လိုက်ဟ လိုက်ဟ၊ ဟေ့ကောင် ရှေ့က သွားဆီး၊ မလွတ်စေနဲ့ ဆိုပြီး ယောင်ယမ်း အော်ဟစ်တယ်။ နောက်ပြီး အမလေး ကယ်ကြပါ ကယ်ကြပါ၊ နောက်မလုပ်တော့ပါဘူး ဆိုပြီးလဲ ယောင်ယမ်းအော်ဟစ်တယ်"

"သနားစရာကောင်းလိုက်တာ"

"မနက် အိပ်ရာက ထတဲ့အခါလဲ ၀တ်ထားတဲ့ သင်းပိုင် ဧကသီတွေမှာ အနာတွေ ပြည်ပေါက်ပြီး ကပ်နေတယ်။ ဖြုန်းကနဲ ထလိုက်ရင် အနာကို ဆွဲခွါလိုက်သလို ဖြစ်သွားပြီး အရှင်လတ်လတ် ငရဲကျသလို ခံစားနေရရှာတယ်။ သွေးတွေ ပြည်တွေဆိုလဲ သူ့အိပ်ရာမှာ အများကြီး ပေကျံနေတယ်။ နောက်တော့ မနက်အိပ်ရာထတဲ့အခါ ၀တ်ထားတဲ့ သင်္ကန်းတွေကို ရေအရင် ဆွတ်ရတယ်။ ဒါမှ သင်္ကန်းနှင့် ကပ်နေတဲ့ သွေး ပြည်တွေ ပွတက်လာပြီး ဆွဲခွါရ လွယ်ကူမှာ မဟုတ်လား။ ဒီလောက် အနာဝေဒနာတွေ ခံစားနေရတာတောင်မှ ကိုရင်ကျောင်းသားတွေက မညှာမတာ သူ့ကို နာမည် တစ်ခု ထပ်ပေးလိုက်ကြပြန်သေးတယ်။ အနာထပိဏ်သူဋ္ဌေး တဲ့"

"ဒါဆို ငါးမည်ရ မကတော့ဘူး။ ခြောက်မည်ရ ဖြစ်သွားပြီ။ ငါးမည်ရ ပြည်ရွှေဘိုထက် တစ်ခု သာသွားပြီ"

"ဟုတ်ပ ဟုတ်ပ။ မင်းပြောမှဘဲ ရှင်းသွားတော့တယ်"

"ဒါနဲ့.. သူကြီးမင်း။ အဲဒီ ကြောင်ဖမ်းဆရာတော် ခွန်ရှတဲ့ နေ့တုန်းက ရှဥ့်မီးနီကိုကော မရခဲ့တော့ဘူးလား"

"ဘယ်က မရဘဲ နေပါ့မလဲ။ ကျောင်းသားကြီးတစ်ယောက် သစ်ပင်ပေါ်ထပ်တက်ပြီး ခွန်နဲ့ သွားပေါက်ပြန်တယ်လေ။ သစ်ခေါင်းထဲထိ ပေါက်ခွဲပြီး လက်နဲ့ နှိုက်စမ်းကြည့်လိုက်တော့ ရှဥ့်က အထဲမှာ သေနေပြီ။ မီးလောင်တဲ့ ဒဏ်နဲ့ သေသွားတာလေ။ ရှဥ့်ကလဲ စဉ်းစားလောက်ပါတယ်။ ဒီလူတွေ လက်ထဲတော့ အသေမခံနိုင်ဘူး။ ဒီသစ်ခေါင်းထဲမှာဘဲ သေလိုက်တော့မယ် ဆိုပြီးတော့ပေါ့။ သစ်ခေါင်းထဲက သစ်သားစလေးတစ်ခုကို ကျစ်ကျစ်ပါဆုပ်ရင်း မီးလောင်ပြီး သေသွားရှာတယ်"

"ဒါဖြင့်.. ဟို ဒဏ်ရာဒဏ်ချက်တွေ အပြည့်နဲ့ အမြဲအော်ဟစ် မြည်တမ်းနေရတဲ့ ကြောင်ဖမ်းဆရာတော်ကကော နောက်ပိုင်းကျတော့ ဘာဖြစ်သွားသေးလဲ မသိဘူး။ ထန်းလျက်ခွေးလျက်သလို တဖြေးဖြေးလုံးပါးပါးပြီး ဆုံးပါးသွားရှာတော့တာဘဲ မဟုတ်လား"

"မင်းကလဲ... ဇာတ်သိမ်းကို အတော်လေး သိချင်လှသကိုး။ မပူနဲ့ နောက်တစ်နေ့ကျရင် ငါ ဇာတ်သိမ်းတဲ့အထိ ပြောပြမယ်။ ဟုတ်ပြီလား။ ဒီနေ့တော့ ဒီလောက်ဘဲ နားကြဦးစို့"

"သူကြီးမင်းကလဲ ဈေးကိုင်လိုက်တာ။ ဒါကြောင့်မို့လဲ အခုထိ ဂေါ်မစွံဘဲ လူပျိုသိုးကြီး ဖြစ်နေတာ"

.

Tuesday 19 July 2011

လူမြင်ကွင်း၌ ဟ၀ှာပြုကြခြင်း


အခန်းတွင်း အောင်းနေရခြင်းသည် မီးနေသည် ဘ၀နဲ့ တူလှ၏။ လေကောင်း လေသန့် ရှူမရ၊ ပတ်ဝန်းကျင်နဲ့လည်း ထိတွေ့မှု မရှိ။ ပျင်းရိဖွယ်ပင်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ညနေခင်းဘက် ရောက်တိုင်း ရာသီဥတု သာယာပါက အညောင်းပြေအညာပြေ လမ်းလျှောက် ထွက်လေ့ရှိ၏။ ကျွန်ုပ် လမ်းလျှောက်ထွက်နေကျ လမ်းကြောင်းမှာ A4 လမ်းမကြီးဘေးမှ အထက်သို့ ထောင်တက်ရင်း Oysterley Park သို့ ရောက်သည့်အခါ ထို Park ဘက်က လမ်းကြားလေးသို့ ချိုးဝင်ပြီး ထို လမ်းကြားလေး အတိုင်း စုန်ဆင်းလာပြီး ကျွန်ုပ်နေထိုင်ရာသို့ ပြန်လာနေကျ ဖြစ်၏။ အသွားအပြန် တစ်နာရီကျော်ကျော် ကြာ၏။

ညနေခင်းတစ်ခုတွင် A4 လမ်းအတိုင်း လမ်းလျှောက်သွားရင်း Oysterley Park အနီးသို့ ရောက်သောအခါ လူတစ်စု အရာဝတ္ထုတစ်ခုအား ၀ိုင်းကြည့်နေသည်ကို တွေ့ရလေ၏။ ကျွန်ုပ်သည်လည်း ထိုလူအုပ်ထဲသို့ တိုးဝင်ကာ ထို အရာဝတ္ထုအား စိတ်ဝင်စားစွာ ကြည့်ရှုမိလိုက်လေ၏။ ထူးဆန်းဖွယ်ပင်တကား။ ကျွန်ုပ် မျက်လုံး အပြူးသား ဖြစ်သွားရလေ၏။ ကိုယ့်မျက်စိကိုပင် ကိုယ်မယုံချင်။ မြင်ကွင်းက ကြည့်ရှုလို့မှ မတင့်တယ်။ ယိုသူမရှက် မြင်သူရှက်ရမည့် ကိန်းပင်ဖြစ်၏။ လူမြင်ကွင်းမှာ ထိုကဲ့သို့ ပြုလုပ်ရန် လုံးဝ မသင့်တော်ချေ။ သို့သော် ယိုတဲ့သူကလဲ အားရပါးရ ယိုနေပြီး မြင်တဲ့သူကလဲ အားတက်သရော မြင်နေကြလေ၏။ ထိုအရာဝတ္ထုသည်ကား အခြားမဟုတ်ချေ။ မောင်နှံနှစ်သွယ် ချစ်တင်းနှောနေကြခြင်းပင်ဖြစ်၏။

ချစ်တင်းနှောနေသည့် နေရာမှာ လုံခြုံသည့် နေရာတစ်ခု၌လဲ မဟုတ်။ ပန်းခြံထဲ၌လဲ မဟုတ်၊ လမ်းမပေါ်၌လဲ မဟုတ်၊ ဘတ်စ်ကား မှတ်တိုင်၌လဲ မဟုတ်။ အမှန်မှာ လမ်းဘေးရှိ သစ်ပင် ခပ်ကြီးကြီး တစ်ပင်၏ အကိုင်းကြီး တစ်ခုပေါ်၌ ချစ်တင်းနှောနေကြခြင်းပင် ဖြစ်၏။ အတော်လေး အံ့သြဖွယ် ကောင်းလေစွတကား။ အနောက်တိုင်းသားတို့၏ ကလီကမာ ကြံကြံဖန်ဖန် ထိုကဲ့သို့ ပြုခြင်းသည် သူတို့၏ မွေးရာပါ ရောဂါ ဖြစ်လေအံ့ထင့်။ မမြင်ဝံ့ မမြင်သာကြီးပင် ဖြစ်၏။ မတော်တဆ ခြေချော်လက်ချော် ဖြစ်ပြီး အောက်ပြုတ်ကျခဲ့ရင်လဲ မဟာဒုက္ခ။ သဲထိတ်ရင်ဖိုဖွယ်ကြီးပါတကား။

သစ်ပင်အောက်မှ အပေါ်သို့ ၀ိုင်းဝန်းမော့ကြည့်နေကြသည့် လူအုပ်သည်လည်း တစ်စတစ်စ များပြားလာလေ၏။ ကင်မရာထုတ်ပြီး မှတ်တမ်းယူနေသူတွေလည်း ရှိ၏။ ပါးစပ်အဟောင်းသားနဲ့ ကြည့်နေသည့်သူတွေလည်းရှိ၏။ ရှက်ဟန်ရွံ့ဟန်ဖြင့် မကြည့်ရဲ ကြည့်ရဲ ကြည့်နေကြသည့် အမျိုးသမီး တစ်စုလည်းရှိ၏။ မြင်ကွင်းကို သဘောကျပြီး ပြုံးယောင် သန်းနေကြသည့် မျက်နှာ ပိုင်ရှင်တွေလည်း ရှိ၏။ ကျွန်ုပ်သည်မူကား စိတ်မ၀င်စားလေဟန်၊ လမ်းကြုံရင်း ၀င်ကြည့်လေဟန်ဖြင့် ဣနြေ္ဒကြည့် ကြည့်နေမိလေ၏။ အမှန်မှာ ကျွန်ုပ်သည်လည်း ထိုမြင်ကွင်းကို စိတ်ဝင်စားနေသည်ပင် ဖြစ်၏။

ကြည့်နေသည့်သူ ဘယ်လောက်ပင် များများ သစ်ပင်ပေါ်က အတွဲကား ချစ်တင်းနှောနေမြဲပင် ဖြစ်၏။ လောကကြီးထဲမှာ သူတို့သာ ရှိသည်ဟု ထင်မှတ် နေလေရော့လား မသိ။ ဒါမှမဟုတ် အားကစားပွဲတွေမှာကဲ့သို့ အားပေးသူ ပရိသတ်များလေလေ ကစားအား ကောင်းလေလေ ဖြစ်လေရော့လား မသိ။ သူတို့သည်လည်း ကစားအား ကောင်းသထက် ကောင်းနေကြလေ၏။ တခါတလေ သူတို့ကိုယ် သူတို့ သစ်ကိုင်းပေါ်မှာ ရှိနေသည်ကိုပင် မေ့လျော့ဟန် ရှိ၏။ သတိလွတ်ကာ သစ်ကိုင်းပေါ်မှ ခြေချော်ကျ၏။ သို့သော် ချက်ခြင်း သစ်ကိုင်းကို လှမ်းတွယ်ပြီး အကိုင်းပေါ် ထပ်တက်ပြန်၏။ မကြာခဏ ထိုကဲ့သို့ သစ်ကိုင်းပေါ်မှ ချော်ကျလိုက် ပြန်တက်လိုက် ဖြစ်နေ၏။ စတန့်များ ထွင်နေရော့သလား မသိတော့ချေ။ အောက်က ၀ိုင်းကြည့်နေသည့် သူများမှာလည်း ထို စတန့်လုံးများကို ကြည့်ကာ ပိုပြီး အားပေးကြလေတော့၏။

အနည်းငယ်မျှ ကြာသည့်အခါ သူတို့၏ ချစ်တင်းနှောခြင်းကို အဆုံးသတ်လိုက်ကြ၏။ ထို့နောက် ၀ိုင်းကြည့်နေသည့် လူတွေကို အလေးမမူ ဂရုမစိုက်ဘဲ သစ်ပင်ပေါ်မှ နှစ်ဦးသား ခပ်ဖြေးဖြေး ဆင်းပြီး လူအုပ်ကို ကျော်ဖြတ်ကာ မနီးမဝေးရှိ မက်ဒေါ်နယ် စားသောက်ဆိုင်သို့ ချီတက်သွားကြလေတော့၏။ ၀ိုင်းကြည့်နေကြသည့် လူအုပ်ကြီးသည်လည်း သူတို့မောင်နှံနှစ်ဦးကို မျက်စိ တစ်ဆုံး နောက်ပြန်လှည့်ကာ ကြည့်နေကြလေ၏။ ထိုမောင်နှံနှစ်ဦးသည် မက်ဒေါနယ် စားသောက်ဆိုင်သို့ ရောက်သွားသည့်အခါ ဆိုင်ထဲသို့ မ၀င်ဘဲ အနီးအနားရှိ လူတွေ စွန့်ပစ်ထားသည့် စားကြွင်းစားကျန်တို့ကို ကောက်ယူကာ နှစ်ဦးအတူတူ မျှမျှတတ ဝေငှစားသောက် နေကြလေတော့၏။ ထိုအဖြစ်အပျက်ကို အစမှ အဆုံးထိ ကြည့်ရှုနေသည့် အင်္ဂလိပ်နဲ့ကုလား စပ်ကျထားသည့် ကပြားအင်္ဂလိပ်တစ်ယောက်၏ ပါးစပ်မှ ကျိန်ဆဲသလိုလို ပြစ်တင်ဝေဖန်သလိုလို စကားတစ်လုံး ခုန်ထွက်လာလေ၏။ "အတော်နောက်တဲ့ ခိုတွေ"။

.

Sunday 17 July 2011

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင် (ဇာတ်မသိမ်းတသိမ်း)


"သူကြီးမင်း.... မီးရှို့ပစ်မယ်ဗျာ"

"ဟ.. မောင်ပေါက်ကျော်၊ ဘယ်လို ဖြစ်လာတာတုန်း၊ သဲထိတ်ရင်ဖို ရှိလိုက်ပါဘိ"

"အော်.. သူကြီးမင်းကလဲ မေ့တတ်ရန်ကော၊ သစ်ပင်ခေါင်းထဲ ၀င်သွားတဲ့ ရှဥ့်မီးနီ အပြင်ထွက်လာအောင် အခေါင်းဝကို မီးတေ့ရှို့မယ် ပြောတာပါ"

"ဂလိုလား။ သိပါဘူး။ ငါ့ကို ဘာများ မကျေနပ်တာ ရှိလို့ မီးရှို့ချင်တာများလဲလို့"

"သူကြီးမင်းက ဦးပေါ်ဦးလောက် မှတ်ဥာဏ် မကောင်းဘူး"

"ဆိုစမ်းပါဦး"

"ဘိုးတော်ဘုရားလက်ထက်က ဥထဲမှာ ဘာဥ အကောင်းဆုံးလဲ ဆိုတာကို ဖွတ်ဥ အကောင်းဆုံးလို့ ဦးပေါ်ဦး ဖြေခဲ့တယ်။ နောက် လအတော်ကြာမှ ဘာနဲ့ အကောင်းဆုံးလဲဆိုတော့ ဆားနဲ့ပါဘုရားလို့ ဖြေဆိုနိုင်ခဲ့တယ်လေ။ မှတ်ဥာဏ်ကောင်းပုံ ပြောပါတယ်။ အခု သူကြီးမင်းက မနေ့တုန်းကတင် သစ်ခေါင်းထဲ ၀င်သွားတဲ့ ရှဥ့်မီးနီကို ဘယ်လို ရအောင် ဖမ်းမလဲဆိုပြီး ကျနော့်ကို မေးခဲ့တယ်လေ။ အခု အဲဒီမေးခွန်းကို ကျနော်ဖြေလိုက်တာ။ ဒါပေမဲ့ သူကြီးမင်းက မေ့နေပြီ။ အရေးထဲ မီးရှို့ခံရမှာတောင် ကြောက်လိုက်သေး"

"ဟဲ.. ဟဲ.. ဒါကတော့ကွာ၊ ပညာရှိ သတိဖြစ်ခဲ လို့တောင် ဆိုရိုးစကား ရှိတယ်မဟုတ်လား"

"သူကြီးမင်းကတော့ ဆင်ခြေ တွေချည်းဘဲ"

"ရှိစေတော့ကွာ၊ ဦးပေါ်ဦးဆိုလို့ စပ်မိတုန်း နဲနဲ ပြောရဦးမယ်"

"များများပြောလဲ ရပါတယ် သူကြီးမင်း အဟီး"

"မင်းက ငါ စကားရှည်ရှည်ပြောတတ်လွန်းလို့ ရွဲ့ပြောနေတာ မဟုတ်လား"

"မဟုတ်ပါဘူး သူကြီးမင်း အဟီးး"

"မှတ်ထားပေါက်ကျော်၊ ရွဲ့တိုင်း မကောင်းဘူးကွ"

"ဘာဖြစ်လို့လဲ သူကြီးမင်း"

"ရွဲ့တော့ စောင်းသွားရောပေါ့ကွာ၊ စောင်းသွားတော့ ဖိတ်ကျကုန်ရောပေါ့။ ဖိတ်ကျတော့ စားလို့ ဘယ်ရတော့မလဲကွာ၊ ကဲ ရှင်းပြီလား"

"ဟား ဟား သူကြီးမင်းကလဲ ဖိတ်ကျလဲ ဘာဖြစ်လဲ၊ ပြန်ကောက်စားမှာပေါ့"

"စားဗျား၊ စားဗျား၊ ငါ မပြောလိုက်ချင်ဘူး။ ဖိတ်ကျတာက တခြားအပေါ် ဖိတ်ကျတာ မဟုတ်ဘူး။ မစင်တောထဲ ဖိတ်ကျကုန်တာ မောင်ပေါက်ကျော်ရေ့"

"ထွီးးး သူကြီးမင်းကလဲ ဒီမှာ ကော်ဖီ သောက်ကောင်းနေတုန်း"

"အတော်ဘဲပေါ့။ ဖိတ်ကျကုန်တာကို ပြန်ကောက်ပြီး ကော်ဖီလေးနဲ့ မြည်းလိုက်ပေါ့။ ဟာ ဟ"

"သူကြီးမင်းကတော့ မလွယ်ဘူး။ ဒါနဲ့ ဦးပေါ်ဦးအကြောင်း ပြောမယ်ဆို ပြောလေ သူကြီးမင်း"

"အေးပါ။ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ ငါ မန္တလေးမှာ ၁၂ ကြိုး ပညာ၊ အဲ... ဟုတ်သေးပါဘူး။ အဋ္ဌာရသ ပညာတွေ သွားသင်နေစဉ်တုန်းက သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးတယ်။ သူက တန့်ဆည်ဇာတိလေ။ တစ်နေ့တော့ ဆရာတစ်ယောက်က ငါတို့ အတန်းထဲ ၀င်တယ်။ သမိုင်းဆရာပါ။ အဲဒီ သမိုင်းဆရာက ဘာပြောလဲဆိုတော့ ပုဂံခေတ်က အရည်းကြီးဆိုတာ တကယ်မရှိခဲ့ဘူးတဲ့။ ပါးစပ်ရာဇ၀င်သက်သက်ဘဲတဲ့။ နောက်ပြီး ဘိုးတော်ဦးဝိုင်း (ဘိုးတော်ဘုရား) လက်ထက်က ဦးပေါ်ဦးဆိုတာလဲ အမှန်တကယ် မရှိခဲ့ပါဘူးတဲ့။ ဘယ်သမိုင်းစာအုပ်ထဲမှာမှ အတိအကျ ဖော်ပြထားတာ မရှိဘူးတဲ့။ အဲဒါတွေဟာ ပါးစပ်ရာဇ၀င်သက်သက် ညအိပ်ရာဝင် ရွှေယုန်ရွှေကျား ပုံပြင်မျှသာ ဖြစ်တယ်တဲ့"

"ဟ.. တကယ်ကြီးလား သူကြီးမင်း"

"တကယ်ဟုတ်မဟုတ်တော့ ဘယ်သိပါ့မလဲကွာ။ ဒါပေမဲ့ အဲဒီတန့်ဆည်သား သူငယ်ချင်းကတော့ အဲဒီ သမိုင်းဆရာကို စောဒက သွားတက်ပါရောလား"

"ဘယ်လို သွားတက်တာလဲ သူကြီးမင်း"

"ဆရာရယ်။ ပုဂံခေတ်က အရည်းကြီးတွေ မရှိခဲ့ဘူးဆိုတာကတော့ ထားပါတော့။ ယုံဆို ယုံလိုက်ပါ့မယ်။ ဒါပေမဲ့ ဦးပေါ်ဦးဆိုတာ သမိုင်းမှာ တကယ် မရှိခဲ့ဘူးလို့တော့ မပြောပါနဲ့၊ ရှိပေးလိုက်ပါ ဆရာရယ် လို့ အဲဒီသမိုင်းဆရာကို စောဒက သွားတက်တယ်။ ဆရာကလဲ ပြန်မေးတယ်။ ဘာဖြစ်လို့လဲတဲ့။ သူငယ်ချင်း ပြန်ဖြေလိုက်တာကတော့.. ဆရာရယ်.. ကျနော်တို့ တန့်ဆည်က လူရိုသေရှင်ရိုသေ သမိုင်းမှာ ပေါ်ပေါက်ခဲ့ဖူးတာဆိုလို့ ဦးပေါ်ဦး တစ်ယောက်ထဲသာ ရှိခဲ့လို့ပါတဲ့"

"ဒါဖြင့် ဦးပေါ်ဦးက တန့်ဆည်ဇာတိပေါ့"

"ဘယ်ဟုတ်ပါ့မလဲ မောင်ပေါက်ကျော်ရ"

"ဒါဖြင့် ဘယ်ဇာတိလဲ သူကြီးမင်း"

"တုံးဖလားဇာတိလေကွာ၊ တုံးဖလားဇာတိ"

"ဟား ဟား ဟား သူကြီးမင်းက အတည်ပေါက်ကြီးနဲ့ နောက်နေပြန်ပြီ"

"ကဲ... အဲဒါတွေ ထားလိုက်ပါတော့။ ပုံပြင်ဘက် ဆက်ကြဦးစို့။ မင်းပြောတဲ့ ရှဥ့်မီးနီ သစ်ခေါင်းထဲက ထွက်လာအောင် မီးနဲ့ရှို့မယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ မီးရှို့တဲ့ အဆင့်ထိ ရောက်အောင် တစတစ ပြောင်းလဲ လာခဲ့ရတာပါ။ ပထမတော့ တောထဲ တောင်ထဲသွားရင် ကိုရင် ကျောင်းသားတွေက ဆေးလိပ်နဲ့ မီးခြစ် ယူခဲ့ကြလေ့ရှိတယ်။ ကိုရင် ကျောင်းသားမှန်ရင် ဆေးလိပ် မသောက်ရဘူး။ သောက်ရင် ဘုန်းကြီးက ရိုက်တယ်လေ။ ဒါကြောင့် တောထဲမှာ လွတ်လွတ်လပ်လပ် သောက်ရအောင် ယူခဲ့ကြတာပေါ့။ ရှဥ့်တို့ ကြွက်တို့ လိုက်ရင်း သစ်ခေါင်းထဲ ၀င်ပြေးသွားတဲ့အခါ အဲဒီ ဆေးလိပ်က ပို အသုံးဝင်ပြန်တယ်။ သစ်ခေါင်းထဲ ၀င်သွားတဲ့ ရှဥ့်ကို အပြင်ထွက်လာအောင် ဆေးလိပ်မီးညှိပြီး မီးတောက်တဲ့ဖက်ကို ပါးစပ်နဲ့ ငုံပြီး ဖင်စည်က အငွေ့ထွက်လာအောင် မှုတ်ထုတ်လိုက်တယ်။ ပြီးတော့ သစ်ခေါင်းထဲ မှုတ်ထည့်လိုက်ကြတယ်လေ။ အထဲက အကောင်လဲ ဆေးလိပ်မီးခို မွန်ပြီး အခေါင်းထဲက ထွက်ပြေးတော့တာပေါ့။ အဲဒီအခါမှာ အသင့်စောင့်နေကြတဲ့ ကိုရင်ကျောင်းသားတွေ ခွေးတွေက ၀ိုင်းသမလိုက်ကြတော့တာပါဘဲ"

"အတော်ပိုင်တဲ့ ကိုရင် ကျောင်းသားတွေ"

"ဒါကတော့ အလုပ်က သင်သွားတာပေါ့လေ"

"ဒါနဲ့ သူကြီးမင်း။ မသိလို့ မေးပါရစေ။ ဆေးလိပ်သောက်တာက အပါယ်ကျလောက်တဲ့အထိ အပြစ်ကြီးလို့ ဘုန်းကြီးက ဆေးလိပ်သောက်တဲ့ ကိုရင်ကျောင်းသားတွေကို ရိုက်တာလား"

"အပြစ်ကြီးလား မကြီးလားဆိုတာ ဘကြီးတော် မင်းလက်ထက်က အဖြစ်အပျက်ကလေး တစ်ခု ပြောပြမယ်။ အဲဒီ မင်းလက်ထက်က ထင်ရှားကျော်ကြားခဲ့တဲ့ ဆရာတော်တစ်ပါး ရှိခဲ့တယ်။ ဆရာတော်ဦးဗုဓ်တဲ့။ လူတိုင်းနီးပါး သူ့ကို သိကြပါတယ်။ ဗုဓ်စ ဗုဓ်လယ် ဗုဓ်ဆုံးလို့တောင် ဆိုရိုးပြုခဲ့ကြတယ်လေ။ ဗုဓ်စ ဆိုတာ ဗုဒ္ဓဘုရားရှင်ကို ဆိုလိုတာပါ။ ဗုဓ်လယ်ဆိုတာကတော့ အဋ္ဌကထာကျမ်းပြု ရှင်မဟာဗုဒ္ဓဃောသကို ဆိုလိုတာပါ။ ဗုဓ်ဆုံးကတော့ ဆရာတော် ဦးဗုဓ်ဘဲပေါ့။ အဲဒီလောက်ထိ နာမည်ကျော်ကြားခဲ့တဲ့ စာတတ်အကျော်အမော်တစ်ပါးပါ"

"သူကြီးမင်းကတော့ မသိတာ မရှိသလောက် ဖြစ်နေပြီ။ စပ်မိရင် ပုံပြင်တွေ ထွက်လာတာချည်းဘဲ"

"ဒါကလဲ ဟိုစပ်စပ် ဒီစပ်စပ် ဖတ်ထားလို့ပါကွာ။ အဲဒီ ဆရာတော်ဦးဗုဓ်ကျောင်းက ကိုရင် ဦးဇင်းအချို့က ဆရာတော် မသိခင်မှာ ဆေးလိပ်ခိုးသောက်ကြသတဲ့။ အဲဒီ သတင်းကို သာသနာပိုင်ဆရာတော် သိသွားတယ်။ ဒါနဲ့ တစ်နေ့မှာ သာသနာပိုင်ဆရာတော်က ဆရာတော်ဦးဗုဓ်ဆီ သူ့ကျောင်းက ဦးဇင်းတွေ လွတ်ပြီး လျှောက်တင်ခိုင်းလိုက်သတဲ့။ ဆရာတော် ကျောင်းက ကိုယ်တော်တွေ ဆေးလိပ်ခိုးသောက်ကြတယ်။ ကြည့်လဲ ဆုံးမဦးပေါ့။ အဲဒီလိုလဲ ဆရာတော်ဦးဗုဓ်ကို လျှောက်တင်လိုက်ရော ဆရာတော် ဦးဗုဓ်က ဘာပြောတယ်မှတ်လဲ။ မင်းတို့ သာသနာပိုင်ဆရာတော်ကို လျှောက်လိုက်၊ ငါ့ကျောင်းက ကိုယ်တော်တွေ ဆေးလိပ်သောက်တာက မင်းတို့ သာသနာပိုင်ဆရာတော် ဘုရားတည်သလောက် အပြစ်မကြီးဘူးလို့"

"အမ်... ဘယ်လိုကြီးလဲ သူကြီးမင်း။ ဘုရားတည်တာက ပိုအပြစ်ကြီးသလိုလို"

"အေးကွ။ ဒါက ၀ိနည်းကြောင်းနဲ့လဲ နဲနဲဆိုင်ပုံရပါတယ်။ ပြီးတော့ မင်း စဉ်းစားကြည့်လေ။ ဆေးလိပ်သောက်တာ ဘာခက်တာမှတ်လို့။ ဆေးလိပ်ကို မီးညှိပြီး ပါးစပ်ထဲထည့် ဖွာလိုက် ရှူထုတ်လိုက် လုပ်လိုက်ရုံဘဲ မဟုတ်လား။ မခက်ပါဘူး။ ဒါပေမဲ့ ဘုရားတည်တာက စည်းကမ်းတွေ အများကြီးရှိတယ်။ ဥပမာ ဖိနပ်တော်က ဘယ်နှစ်ပေရှိရင် ဥာဏ်တော်အမြင့်က ဘယ်နှစ်ပေရှိရမယ်ဆိုတာမျိုးပေါ့။ နောက်ပြီး ဖောင်းရစ်တို့၊ ပန်းဆွဲတို့၊ ကြာမှောက်ကြာလှန်တို့၊ ငှက်ပျောဖူးတို့၊ ထီးတော်တို့၊ စိန်ဖူးတော်တို့၊ စုံနေတာဘဲ။ အဲဒါတွေကို စည်းကမ်းဥပဒေသ အတိုင်း လိုက်မလုပ်နိုင်ရင် အပြစ်ကြီးရောပေါ့။ တခြားမကြည့်ပါနဲ့။ လူတစ်ယောက် ပုံစံကိုဘဲ မှန်းကြည့်လိုက်ပါဦး။ ဘောင်းဘီတိုဝတ်၊ တိုက်ပုံအကျီ င်္ဝတ်၊ နေကာမျက်မှန်ထူထူတပ်၊ ဆံပင်နီကျင်ကျင်တွေ ကျစ်လိမ်ထားတဲ့ ယောကျာ်းတစ်ယောက်ကို မင်းဘယ်လို မြင်မလဲ"

"သူကြီးမင်း ပြောမှဘဲ ဘုရားတည်ရမှာတောင် ကြောက်လာပြီ။ တော်ကြာ ဘုရားတည်မှ အပါယ်ကျနေပါဦးမယ်။ ဒါနဲ့.. အဲဒီအချိန်က သာသနာပိုင်ဆရာတော်က တကယ် ဘုရားတည်နေတာလား"

"အင်း.. တိုက်ဆိုင်ချင်တော့ သာသနာပိုင်ဆရာတော်က မြေစိုက်ဘုရားတစ်ဆူ တည်နေခိုက်နဲ့ ကြုံသွားတာတဲ့"

"ဖြစ်ရလေ သာသနာပိုင်ဆရာတော်ရယ်"

"တကယ်စဉ်းစား ကြည့်တော့လဲ ကိုရင်ကျောင်းသားတွေကို ဆေးလိပ်သောက်တာ တားမြစ်တာက အပြစ်ရှိလို့ထက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျန်းမာရေးပျက်၊ ဆေးလိပ်စွဲပြီး အကျင့်ပျက်၊ ပိုက်ဆံကုန်။ အဲဒါမျိုးတွေ ဖြစ်မှာစိုးလို့ တားမြစ်တာ ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုရင် ဦးဇင်းတွေ ဆေးလိပ်သောက်နေတဲ့ ပုံက ကြည့်လို့ သိပ်မကောင်းဘူးလေ"

"ဘာဖြစ်လို့လဲ သူကြီးမင်း"

"ငါပြောပြမယ်လေ။ တခါက ကိုရင်တစ်ပါး ဆေးလိပ်သောက်နေတာကို ရွာထဲက အပျိုကြီး မတင်လှိုင် မြင်သွားတယ်။ ဆေးလိပ်က စီးကရက်မဟုတ်ဘူး။ ဆေးပေါ့လိပ်ကြီးလေ။ မတင်လှိုင်က အဲဒီ ကိုရင်ကို ဘာပြောတယ် မှတ်လဲ။ ကိုရင် ကတုံးနဲ့ ဆေးလိပ်ပါးစပ်ထဲ ထည့်ထားတဲ့ပုံနဲ့ မလိုက်ဖက်ပါဘူး။ မသောက်ပါနဲ့။ ကြည့်ရဆိုးတယ်။ အုန်းမှုတ်ခွက်ကို အရိုးတပ်ထားသလိုကြီးဘဲတဲ့"

"ဟား ဟား ဟား။ သူကြီးမင်းပြောမှဘဲ မျက်စိထဲ တကယ်မြင်ယောင်လာပြီ။ ဟုတ်ပ။ အုန်းမှုတ်ခွက်ကို အရိုးတပ်ထားသလိုကြီး။ ဟီး ဟီး ဟီး"

"ငါတို့ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ စာသင်စဉ်က အဖြစ်အပျက်ကလေး တစ်ခု ပြောပြဦးမယ်။ အဲဒီ အချိန်တုန်းက ကျောင်းသားကြီးတစ်ယောက်ရှိတယ်။ နာမည်က မောင်ပြူးတဲ့။ ဆေးလိပ်ကတော့ သောက်သလား မမေးနဲ့။ တကယ့် မီးခေါင်းတိုင်လိုဘဲ။ အမြဲတမ်း သူ့ပါးစပ်က မီးခိုးငွေ့တွေ ထွက်နေတယ်။ တခါတလေ သူက ပါးစပ်က ရှူပြီး နှာခေါင်းက အငွေ့တွေ ထုတ်ပြတတ်တယ်။ ငါတို့လဲ အားကျပြီး စမ်းသပ်ကြည့်ကြတာပေါ့။ ဒါပေမဲ့ မရပါဘူး။ ချောင်းဆိုးတာဘဲ အဖတ်တင်တယ်"

"ဒါဖြင့် သူကြီးမင်းက ဆေးလိပ် အခုထက်ထိ မသောက်တတ်ဘူးပေါ့"

"အင်း ဆိုပါတော့။ ပြောရရင်တော့ ဆေးလိပ်နဲ့ ကွမ်းယာဟာ ငါ အမုန်းဆုံးဘဲ"

"သူကြီးမင်းက ဟို အရက်မုန်းတယ်ဆိုတဲ့ လူ တစ်ယောက် ပြောသလို ဖြစ်နေဦးမယ်"

"ဆိုစမ်းပါဦး"

"အရက်ကို စိတ်ကုန်တဲ့ ပုံစံမျိုးနဲ့.... ပူက ပူသေး၊ နံက နံသေး၊ အ၀င်က ဆိုးသေး၊ မူးက မူးသေး။ ဒါများ သောက်ချင်နေကြသေးတယ်၊... ပေးစမ်း နောက်တစ်ခွက် တဲ့။ အစကတော့ ဟုတ်မလိုလိုနဲ့ အဖျားရှူးသွားတာလေ"

"ဟား ဟား။ မောင်ပေါက်ကျော် မင်းလဲ စကားတတ်လာပြီ"

"ဒါကတော့ သူကြီးမင်းနဲ့ ပေါင်းနေတာကိုး။ ဒီလောက်တော့ တတ်လာမှာပေါ့"

"ဒါပေမဲ့ ငါက အဖျားမရှူးပါဘူးကွာ။ တကယ်ကို ဆေးလိပ် ကွမ်းယာကို မုန်းတာပါ"

"ဘာဖြစ်လို့လဲ သူကြီးမင်း"

"အဲဒီ ဆေးလိပ်သမား ကွမ်းယာသမားတွေဟာ များသောအားဖြင့် စည်းကမ်းမရှိတတ်ကြဘူးလေ။ ပြီးတော့ ပတ်ဝန်းကျင်ကိုလဲ ညစ်ပတ်စေသေးတယ်။ သူတို့ ခန္ဓာကိုယ်မှာလဲ ဆေးလိပ်နံ့တွေ စွဲနေတယ်။ ပါးစပ်မှာလဲ ကွမ်းတံတွေးတွေ ပေကျံနေတယ်။ ဘာမှ ကောင်းကျိုးမပေးပါဘူး"

"အင်း ဟုတ်တယ်နော်"

"ဒါနဲ့.. စကားက ဘယ်နား ရောက်သွားပြီလဲ မသိဘူး"

"မောင်ပြူးဆေးလိပ်ခိုးသောက်တဲ့ ဆီ ရောက်နေပြီ သူကြီးမင်း"

"အင်း.. ဖြစ်ချင်တော့ တစ်နေ့မှာ အဲဒီ ဘုန်းကြီးကျောင်းသား မောင်ပြူးဆေးလိပ် ခိုးသောက်နေတာကို ဘုန်းကြီး မြင်သွားတယ်။ ဒါနဲ့ သူ့ကို ဒဏ်ပေးတော့တာပါဘဲ။ ဘယ်လို ဒဏ်လဲ ဆိုတော့ ကိုရင်ကျောင်းသားတွေ အားလုံးကို ကျောင်းဝင်းတစ်လျှောက် ဆေးလိပ်တိုတွေ တစ်ယောက် ငါးခုစီ လိုက်ရှာခိုင်းတယ်။ ကိုရင်ကျောင်းသားတွေကလဲ စုစုပေါင်း ငါးဆယ်လောက် ရှိတော့ ဆေးလိပ်တိုပေါင်း ၂၅၀ လောက် ရတာပေါ့။ အလှူအတန်းလုပ်ရင် ဘုန်းကြီးကျောင်းဝင်းထဲမှာဘဲ လုပ်ကြတာဆိုတော့ အလှူလုပ်တုန်းက ဆေးလိပ်သောက်ပြီး ဘုန်းကြီးကျောင်းဝင်းထဲက အမှိုက်ပုံထဲကို ဆေးလိပ်တိုတွေ လွှင့်ပစ်ထားတတ်ကြတယ်လေ။ ကျောင်းဝင်းကြီးကလဲ အကျယ်ကြီးဆိုတော့ ဆေးလိပ်တိုတွေ အများကြီး ရတာပေါ့။ နောက်ပြီး ကုလားအော် ငရုပ်သီး တစ်ယောက် ငါးတောင့်စီ ရှာခိုင်းတယ်။ အဲဒီ ငရုပ်သီးတွေကို ထောင်းပြီး ဆေးလိပ်တို ဖင်စည်မှာ သုတ်လိမ်းပေးရတယ်။ အဲဒီ မောင်ပြူးကို ကွပ်ပစ်ကလေး တစ်ခုပေါ်မှာ တစ်နေကုန်ထိုင်ခိုင်းပြီး တစ်နေ့လုံး ဆေးလိပ်တိုတွေ မကုန်မချင်း သောက်ခိုင်းတယ်။ ဆေးလိပ်တိုတွေ မလွှင့်ပစ်နိုင်အောင် ကိုရင်ကျောင်းသားတွေကို အလှည့်ကျ စောင့်ကြည့်ခိုင်းထားတယ်။ ဆေးလိပ်တိုတစ်ခု ကုန်လိုက်၊ နောက်တစ်ခု မီးညှိလိုက်နဲ့ မောင်ပြူးတစ်ယောက် နှုတ်ခမ်းတွေပူ မျက်ရည်တွေ ကျကုန်တော့တာပေါ့"

"မောင်ပြူးတော့ ဒုက္ခရောက်ရောပေါ့"

"ဒုက္ခရောက်မရောက်တော့ မသိဘူး။ အဲဒီနေ့က သူပြောတဲ့ စကားလေးကို အခုထိ ကြားယောင်နေမိသေးတယ်"

"ဘယ်လို စကားမျိုးလဲ သူကြီးမင်း"

"ဆေးလိပ်သောက်ခဲ့တဲ့ ရက်တွေထဲမှာ ဒီနေ့ဟာ အရသာအရှိဆုံး အာသာအပြေဆုံးဘဲ တဲ့"

"ဟား ဟား ဟား။ သူကြီးမင်းပြောမှ ကျနော်လဲ ဟို ပုံပြင်ကို သွားသတိရမိတယ်"

"ဘာပုံပြင်တုန်း မောင်ပေါက်ကျော်ရ"

"ဟို.. ဘုရားရှင်လက်ထက် ဟ၀ှါအားကြီးတဲ့ သူတော်ကောင်းမလေး အကြောင်းပါ သူကြီးမင်း"

"အလဲ့... မင်းကလဲ ပုံပြင်ကောင်းတွေ တွေ့ထားပြီထင်တယ်။ ဆိုစမ်းပါဦး။ စိတ်ဝင်စားစရာဘဲ"

"နောက်နေ့မှ ဆက်ပြောကြတာပေါ့ သူကြီးမင်း။ အခု ဗိုက်ဆာနေပြီ။ အိမ်ပြန်လိုက်ဦးမယ်"

"ခွေးကောင် ပေါက်ကျော်။ ဒါ... မင်း သက်သက်မဲ့ ငါ့ကို ရွဲ့တာ"



Thursday 7 July 2011

သူနှင့် သူ၏ ရှားရှားပါးပါး သန္နိဋ္ဌာန်


တစ်ခါတစ်ခါ သူပျင်းသည်။ မကြာမကြာ သူပျင်းသည်။ အခါခါ သူပျင်းသည်။ တအာအာ သူပျင်းသည်။ သို့သော် ပျင်းသည်ကို ပျင်းသည်ဟု ပြောလျှင် သူမကြိုက်။ ဟိုဟို ဒီဒီ ဆင်ခြေ ပေးတတ်သည်။ ထိုထို ဤဤ အထင်တွေ ပေးတတ်သည်။ ပျင်းလိုက် တင်းလိုက် ဆင်ခြေပေးလိုက် အထင်တွေ ပေးလိုက်ဖြင့် သူ့ နေ့တဓူဝကို လွယ်လင့်တကူ ဖြတ်သန်းစေတတ်သည်။ ဖောဖောသီသီ နေ၀င်နေထွက်ခြင်းကို ခွင့်ပြုတတ်သည်။ တစ်နေကုန်တိုင်း စာရင်းချုပ်ကြည့်လိုက်တော့ ဘာအမြတ်ကျန်သနည်း။ ကုသိုလ် ဥစ္စာ ပညာ တန်ခိုး။ နိုး နိုး နိုး။ ဒီပုံစံနဲ့ဆို ဂိုးပြတ်သွင်း ခံရချေသေးတော့သည်။ ချမ်းသာလိုက်သည့် အချိန်တွေပါတကား။

ဒီပုံစံနဲ့တော့ မဖြစ်ချေသေး။ ကဲ... သူကြီးမင်း လိုက်ဆိုစမ်း (သူ့ဖာသာ သူပြောခြင်းဖြစ်သည်)။ ဟုတ်ကဲ့။ သုံးခေါက် တိတိ လိုက်ဆို။ ဟုတ်ကဲ့။ နေ့တိုင်း ကိုယ်ပိုင် မိုတို အနေနဲ့ ရွတ်ဆို။ ဟုတ်ကဲ့။ ပြီးရင် ရွတ်ဆိုတဲ့ အတိုင်း လိုက်နာ ကျင့်သုံး၊ ဟုတ်ပြီလား။ ဟုတ်ကဲ့။


"ငါသည်"

"ငါသည်"

"ဘိလပ်သို့ ပညာသင်ဖို့ ရောက်လာသည်"

"ဘိလပ်သို့ ပညာသင်ဖို့ ရောက်လာသည်"

"ပျင်းနေ၍ မဖြစ်"

"ပျင်းနေ၍ မဖြစ်"

"ပျင်းရင် ဖျင်းလိမ့်မည်"

"ပျင်းရင် ဖျင်းလိမ့်မည်"

"အလကား နေ၍ မဖြစ်"

"အလကား နေ၍ မဖြစ်"

"အလကားနေရင် အလကား လူ ဖြစ်လိမ့်မည်"

"အလကားနေရင် အလကား လူ ဖြစ်လိမ့်မည်"

"ထို့ကြောင့် ပညာကို မနားမနေ ကြိုးစားသင်ယူမည်"

"ထို့ကြောင့် ပညာကို မနားမနေ ကြိုးစားသင်ယူမည်"

("သန္နိဋ္ဌာန်")

("သန္နိဋ္ဌာန်")


ဤသို့ဤနှယ် သူ့ကိုယ်သူ နှစ်ကိုယ်ခွဲကာ ကိုယ်ပိုင် မိုတိုလေးကို သုံးခေါက်တိတိ သံန္နိဋ္ဌာန်ချ ကြွေးကြော်ပြီးနောက် သူ့ဝသီအတိုင်း ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ တနေကွယ် အစချီ ဒွေးဆစ်ကလေးအား သူ့ရင်တွင်းဖြစ်သို့ ဆွဲငင်ယူလိုက်လေတော့သတည်း။

ကုဋေကြွယ်*
မြေ*၀ယ်*ဖို့ လာကာ မြူး။

တွေ့တော့ကာ ၀ယ်ဘူးပြင်ပါနဲ့
ကုဋေကြွယ်တာ အသာထားရင်ဖြင့်
(မြေ၀ယ်တာ အခါခါမှားပါလိမ့်)

မြေယာဝယ် တကယ်မှားပါလိမ့်
အား မကျဘူး*။

(ကိုကိုမောင်၊ ၀၇၊၀၇၊၂၀၁၁ ဗုဒ္ဓဟူး)

ခက်ဆစ်
*ကုဋေကြွယ် = အချိန်ပေါကြွယ်ဝခြင်း

*မြေ = ရည်မှန်းချက်
*၀ယ် = ကြိုးစားခြင်း

*အားမကျဘူး = အတုမယူသင့်ဘူး။



တနေကွယ်
သေနယ်သို့ တခါကူး။

မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အခါများရင်ဖြင့်
(သေနယ်ရွာ တခါသွားပါလိမ့်)

သေရွာကွယ် တကယ်သွားပါလိမ့်
တားမရဘူး။

(လယ်တီဆရာတော်)


မှတ်ချက်။
ဆရာတော်ဘုရားကြီး၏ ဒွေးဆစ်ကလေးသည် အချိန်နှင့်နေရာအချို့၏ တိုက်စားမှုကြောင့် အသွင်သဏ္ဍာန် အနည်းငယ် ပြောင်းနေသော်လည်း မူရင်းအဓိပ္ပါယ် မပျောက်ပျက်သေးသည်မှာ ၀မ်းသာရမည်ဖြစ်၏။ သေရွာကွယ် တကယ်သွားပါလိမ့်။ သေနယ်ရွာ တစ်ခါသွားပါလိမ့်။သနယ်ရွာ တစ်ကြိမ်သွားပါလိမ့် တဲ့။ ဒုတိယအပိုဒ်ရဲ့ တတိယ အကြောင်းမှာ။ ။

.

Tuesday 5 July 2011

ငြမ်းဆင်လျက် နွှဲ

စိတ်ဓါတ်တွေ စုပြုံကျနေခိုက်မို့ စိတ်ဓါတ်ငြိမ်းချမ်းစရာ တရားတော်များ၊ စိတ်ဓါတ်အင်အား တက်စရာ ဟောပြောမှုများကို မကြာခဏ အချိန်ပေး နားထောင်ဖြစ်သည်။ စိတ်ဓါတ်အင်အားမြှင့် စာအုပ်များကို မကြာခဏ ဖတ်ဖြစ် မှတ်ဖြစ်သည်။ ဖတ်စရာ မှတ်စရာ နားထောင်စရာများကို ညအခါ၌သာ သူ ပြုလုပ်လေ့ရှိသည်။ အသံကြောင့် စိတ်ဓါတ်ပျံ့လွယ်တတ်သည့် သူ့အတွက် သမာဓိထူထောင်ဖို့ ညအခါသမယသည် အဆင်ပြေဆုံး ဖြစ်သည်။ အင်္ဂလန်၏ နွေညများသည် တိုတောင်းလှသည်။ ည ၁၀ နာရီလောက်မှ အလင်းရောင် စကွယ်သည်။ သို့သော် နံနက် ၃ နာရီခွဲခန့်၌ အလင်းရောင် စပေါ်ထွက်လာပြန်သည်။ ထို့ကြောင့် မအိပ်လိုက်ရဘဲ မိုးလင်းသည်များ သူ ခဏခဏ ကြုံဖူးသည်။

မနေ့ညက ဆရာတော် ဦးဃောသိတ တရားတော်များ နာယူပြီး အိပ်ချင်စိတ် မရှိသေးသည့်အတွက် ဆရာဦးအောင်သင်း၏ ဟောပြောချက်များကို ကျကျနန အာရုံစိုက်ပြီး နားထောင်ဖြစ်သည်။ ဟောပြောချက် ပြီးဆုံးသွားသည့်အခါ နာရီကို မော့ကြည့်လိုက်မိသည်။ နံနက် ၃ နာရီခွဲ။ မကြာမီ ရောင်နီလာတော့မည်။ အိပ်ပျက်ညများ များလာသည့်အတွက် သူ အိပ်စက် အနားယူဖို့ လိုအပ်နေသည်။ အသက် ဥာဏ်စောင့်၊ ဥစ္စာ ကံစောင့် ဟု ဆိုရိုးစကား ရှိသည် မဟုတ်ပါလား။

နွေကာလမို့ ညအပူချိန်သည် ဒီဂရီ ၂၀ ခန့်ရှိသည်။ ပုံမှန်ချမ်းအေးသည့် နိုင်ငံ၌ ထို အပူချိန် ၂၀ သည် ပူစပ်စပ် နိုင်လှသည်။ ထို့ကြောင့် Ventilator ကို ပါဝါ မြင့်မြင့် ဖွင့်ပြီး အိပ်စက်ဖို့ ပြင်ဆင်လိုက်သည်။ မျက်စိမှိတ်ပြီး အိပ်ပျော်ဖို့ ကြိုးစားလိုက်သည်။ ပတ်ဝန်းကျင်မှ ကျေးငှက်မြည်သံများ၊ လူတစ်ချို့ စကားပြောသံများ တိုးတိုးသဲ့သဲ့ ကြားနေရသည်။ အိမ်နဘေးမှ ဖြတ်သန်းသွားသည့် ကားသံများကိုလည်း ကြားနေရသည်။ ကောင်းကင်ထက် သုံးမိနစ် နှစ်စီးကျ ပျံသန်းနေသည့် လေယာဉ်ပျံသံတို့ကိုလဲ ကြားနေရသည်။ မိုးလင်းခါ နီးနေပြီကော။

သူ မှိတ်ကနဲ အိပ်ပျော်သွားသည်။ ထို့နောက် အိပ်မက်ကို ရသလောက် သူ မက်လိုက်သေးသည်။ အိပ်မက်ထဲ၌ သူ့ထံသို့ သူ့အမေ ရောက်ရှိလာသည်။ လေယာဉ်ပျံစီးပြီး လာခြင်း ဖြစ်သည်။ အမေ့မျက်နှာ ပြုံးနေသည်။ ကျက်သရေ အရမ်းရှိသည်။ အမေသည် သူ့အနား ခဏထိုင်ပြီး သူ့ကို အားပေးစကား တတွတ်တွတ် ပြောနေသည်။ ဘ၀ဇာတ်ခုံပေါ်က လူသားတိုင်း အခက်အခဲ အထုအနှက် အစောင်းအမြှောင်း အဆဲအဆို အကဲ့အရဲ့ ခံရတတ်ကြောင်း၊ သူ တစ်ယောက်ထဲ ခံနေရတာ မဟုတ်ကြောင်း၊ မြတ်စွာဗုဒ္ဓတောင်မှ အစွပ်အစွဲ အနှောင့်အယှက်တွေ မကြာခဏ ခံရသေးကြောင်း၊ လျောက်လှမ်းတဲ့ ဘ၀မှာ စိတ်ဓါတ်မကျဖို့ လိုကြောင်း၊ ပညာကိုသာ တစ်စိုက်မတ်မတ် သင်ယူသင့်ကြောင်း၊ ပတ်ဝန်းကျင်ကို အရမ်း ဂရုစိုက်ဖို့ မလိုကြောင်း၊ ပညာတတ်မှ အများအကျိုး သယ်ပိုးနိုင်မှာ ဖြစ်ကြောင်း စသဖြင့် အားတက်စရာ အားရစရာ အားပေးစကားများကို သူ့အား စိတ်ပါလက်ပါ ပြောကြားနေလေသည်။ ထို့နောက် ဆရာဇော်ဂျီ၏ ဗေဒါလမ်း ကဗျာထဲမှ "ပန်းပန်လျက်ဘဲ" ဆိုသည့် ကဗျာလေးအား သံနေသံထားလေးဖြင့် အေးအေးလေး ဆိုပြသည်။ ဘယ်က ပျံ့လွင့်လာသည့်မသိသည့် တီးလုံးလေးကလည်း အမေသီဆိုနေသည့် ကဗျာလေးအား စည်းချက်မှန်မှန် လိုက်တီးပေးနေသည်။ ထိုကဗျာလေးအား ရွတ်ဆိုပြီးနောက် ဖြုတ်ကနဲ အမေ ပျောက်ကွယ်သွားလေသည်။

သူ့ရင်ထဲမှာ ၀မ်းနည်းသလိုလို၊ ၀မ်းသာကြည်နူးသလိုလို ခံစားနေရသည်။ အမေ သူ့ကို ရာသက်ပန် ခွဲခွါသွားခဲ့သည်မှာ ဆယ်စုနှစ်ပင် ကျော်ခဲ့လေပြီ။ သို့သော် အမေသည် သူပျော်ရွှင်စဉ်၊ သူ အဆင်ပြေနေစဉ် သူ့ထံ ရောက်မလာတတ်ပေမယ့် သူ စိတ်ဓါတ်ကျနေသည့်အခါတိုင်း၊ စိတ်ဆင်းရဲမှုတွေ ရောပြွမ်းနေသည့်အခါတိုင်း သူ့ဆီ ရောက်လာတတ်ပြီး အားပေးစကား ပြောပေးလေ့ရှိသည်။ ထိုသည်ပင်လျှင် အမေ့မေတ္တာ ဖြစ်မည်။

နံနက် ၉ နာရီခန့်၌ ဧည့်သည် သူငယ်ချင်းတစ်ယောက် ရောက်လာသည့်အတွက် အိပ်ရာမှ ထလိုက်သည်။ ခဏ စကားပြောပြီး ဧည့်သည် ပြန်သွားသည်။ ထို့နောက် သူ အိပ်မက်ကို ဆက်စဉ်းစားနေဖြစ်သည်။ "စိတ်ဓါတ်ကျမှု၊ အိပ်မက်၊ အမေ"။ သူ့ဘ၀ကို သူ့အမေသည် တမလွန်မှ စောင့်ရှောက်နေသည်ဟု သူခံစားနေရသည်။ သူသွားလေရာ သူ့အမေ လိုက်ပါနေသည်ဟုလည်း သူခံစားနေရသည်။ သူ ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် အမေက အမြဲ မြင်တွေ့နေမည်ဖြစ်သည်။ သူပျော်သည်ဖြစ်စေ စိတ်ညစ်နေသည်ဖြစ်စေ အမေ အမြဲရှိနေမည်။ သို့သော် အမေသည် သူစိတ်ဓါတ်ကျနေသည့်အခါမှသာ သူ့ဆီလာပြီး အားပေးစကား ပြောပေးလေ့ရှိသည်။ အော်.... အမေ... အမေ။

အိပ်မက်ထဲ၌ အမေရွတ်ဆိုခဲ့သည့် ဆရာဇော်ဂျီ၏ "ပန်းပန်လျက်ဘဲ" ကဗျာလေးအား သူ ကြားယောင်နေမိသည်။ ပြုံးတစ်ဝက် ညိုးငယ်တစ်ဝက်ဖြင့် ထိုကဗျာလေးအား သူ တွတ်တိုးဆိုနေမိသည်။ ထို့နောက် သူ့ ကဗျာဥာဏ်အတိုင်း ထိုကဗျာလေးအား ကာရန်အလိုက် ယူကာ သူကိုယ်ပိုင် ကဗျာလေး အဖြစ် ဖန်တီးလိုက်မိသည်။ ထို ကဗျာလေးသည်ပင်လျင် သူ့အတွက် သူ့အမေ ပေးခဲ့သည့် အားဆေး တစ်ခွက် ဖြစ်ကောင်း ဖြစ်နိုင်လေသည်။ "ငြမ်းဆင်လျက်နွှဲ" တဲ့။


ငြမ်းဆင်လျက် နွှဲ

ယောင်ချာချာ၊ ပညာသင်ထွက်ရင်း
ဝိုင်းဖျက်ရာ ပညာပျက်၊ ၀ိုင်းနှက်ရာ ညှဉ်း။
ညှဉ်းကြလဲ တစ်သက်သာ
မုန်းချက်တွေ ရေလို ပေါ၊ နှောစုံလို့ပါ။

အတင်းနဲ့ မာယာ၊ ပညာက ခလေး
မုန်းချက်ပွေ လူ့အတွေး၊ ကြောက်ခဲ့ရသေး။
ကြောက်ရလဲ တစ်သက်သာ
အောက်အကျေ၊ ပြေ* အလုံးက
မုန်းလိုက်ပြန်ရာ။

ယုတ်*လေပေါ့ တော် မရာ*၊ ဘ၀စေရာ ခဏ
ပြန်တစ်ရာ ရိုင်းသမှ၊ ဆော်လိုက်ပြန်ကြ။
ဆော်ပြန်လဲ တစ်သက်သာ
စောင်း*တစ်သွယ်၊ မြှောင်း*မယ်ထဲက
ဆဲချက်က နာ။

သဲလှုပ်ကာ တစ်နာ နှစ်နာ၊ ပညာက ရွှေရင်ထဲ
အနှက် အမာန်* ခံလို့
ပညာထံ မာန်ကိုစွဲ*၊ ငြမ်းဆင်လျက် နွှဲ။ ။

{ကိုကိုမောင် (၀၅၊၀၇၊၂၀၁၁၊ အင်္ဂါနေ့) }



ခက်ဆစ်
*ပြေ = ပြည်
*ယုတ် = ယုတ်မာခြင်း

*တော် မရာ = မတော်မရာ

*စောင်း = စောင်းမြှောင်းခြင်း

*မြှောင်း = စောင်းမြှောင်းခြင်း

*အမာန် = မာန်မဲကြိမ်းမောင်းခြင်း

*မာန်ကိုစွဲ = အားမာန်တင်းခြင်း


.

မှတ်ချက်။

ဆရာဇော်ဂျီ၏ မူရင်း "ပန်းပန်လျက်ဘဲ" ကဗျာလေးကိုပါ တစ်ပါတည်း ဖော်ပြပေးလိုက်ပါသည်။




ပန်းပန်လျက်ဘဲ

ညိုပြာပြာ၊ လတာပြင် ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း။
ဆင်းရလဲမသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့သာ။

အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ။

မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။

ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ မဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ဘဲ။

[ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)]


ဝန်ခံချက်။
ဆရာဇော်ဂျီ၏ မူရင်း ကဗျာကာရန် အတော်များများအား လိုက်တုထားပါသည်။ တမလွန်မှ ဆရာဇော်ဂျီ ခွင့်လွတ်နားလည်နိုင်မည်ဟု ယူဆပါသည်။ ကဗျာကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက် လုံးဝ မပါဘဲ မိမိ၏ ခံစားချက်အတိုင်း ရေးစပ်လိုက်မိခြင်း ဖြစ်သည်။ (ကိုကိုမောင်၊ ပန်းရနံ့)။

.


Friday 1 July 2011

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင် (ဇာတ်စက)


"သူကြီးမင်း.. မန်းမှုတ်တဲ့ဟာလေး လုပ်ပါဦးဗျ"

"ဘာကြီးလဲဟ ပေါက်ကျော်ရ၊ မင့်ဟာက အရင်းမရှိ အဖျားမရှိနဲ့"

"သူကြီးမင်းဘဲ ဟိုတစ်နေ့က ပြောခဲ့တယ်လေ၊ မန်းမှုတ်သားကို တစ်ဝါတွင်းလုံး ဘုဉ်းပေးသွားရရှာတယ်ဆိုတာ"

"အော်.... အဲဒီ အကြောင်းကို မင်းက သိချင်နေတာကိုး"

"သူကြီးမင်းကလဲ သိရဲ့သားနဲ့"

"ကြားချင်သပဆိုရင်လဲ ပြောပြရတာပေါ့ကွာ။ တစ်ခါတုန်းက အမျိုးသမီးကြီးတစ်ယောက်ဟာ မြို့တက်ဘုရားဖူးရင်း ရဟန်းငယ်တစ်ပါးနဲ့ အသိမိတ်ဆွေ ဖြစ်လာတယ်တဲ့။ ရဟန်းလေးက အသားက ၀င်းဝင်း နေပုံထိုင်ပုံကလဲ တည်ကြည်ဆိုတော့ အဲဒီ အမျိုးသမီးကြီးဟာ ရဟန်းငယ်အပေါ် အတော်လေး ကြည်ညိုသွားသတဲ့။ တစ်နှစ်မှာ အဲဒီ အမျိုးသမီးကြီးက အဲဒီ ရဟန်းငယ်ကို ရွာမှာ တစ်ဝါလောက် လာပြီး ၀ါဆိုဝါကပ်ဖို့ လျှောက်ထားသတဲ့။ ရဟန်းငယ်ကလဲ သဘောတူလိုက်သတဲ့။ လိုရင်းပြောရရင်တော့ အဲဒီ ရဟန်းငယ်ဟာ အမျိုးသမီးကြီးရွာမှာ တစ်ဝါ သွားဆိုလိုက်သတဲ့"

"အဲဒီရွာက တုံးဖလားရွာ မဟုတ်လား သူကြီးမင်း"

"မင်းကတော့ လုပ်ပြီ။ တုံးဖလားတစ်ရွာထဲနဲ့ ဒီလောက် ပုံပြင်ပေါများပါ့မလားကွာ။ တစ်ခြားရွာတစ်ရွာလို့သာ မှတ်လိုက်ပေါ့။ အဲဒီ ရဟန်းငယ်ဟာ အသီးအရွက်ထက် အသားဟင်း အသားခြောက်ကို ပို ကြိုက်သတဲ့။ အကြိုက်ဆုံးကတော့ အမဲသား ဖြစ်သတဲ့။ အမျိုးသမီးကြီးလဲ သူ ကြည်ညိုလို့ ပင့်ထားတာဆိုတော့ နေ့စဉ်ဘဲ အဲဒီ ရဟန်းငယ်ကို အမဲသားခြောက်ဖုတ်၊ အမဲသားဟင်း၊ အမဲသားကြော် အစရှိသဖြင့် အမဲသားဖြစ် ဟင်းတို့ကို တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ပြုတ် ကြော်လှော် ဆက်ကပ်သတဲ့"

"သူကြီးမင်း ပြောတာ ကြားရတာနဲ့တင် ကျနော်တောင် သွားရည်ကျနေပြီ။ ကော်ဖီလေးနဲ့ အမဲသားခြောက်ဖုတ်ကလေးနဲ့ မြည်းလိုက်ရလို့ကတော့..."

"ပုံပြင်ကိုသာ နားထောင်စမ်းပါ။ မင့်ဟာက ပုံပြင်လဲပြောရ၊ ကော်ဖီလဲ တိုက်ရ၊ ပြီးတော့ အမြည်းကိုတောင် တမ်းတလိုက်သေး"

"ဟဲ ဟဲ။ အဲဒီ ရဟန်းငယ်နေရာမှာ ခဏ နေလိုက်ချင်တယ်။ တရားကျင့်ချင်လို့တော့ မဟုတ်ဘူး။ အမဲသားကြော်လေး ဘာလေး စားရမလားလို့"

"အေး... မင်း စားချင်ရင် အဲဒီ အမျိုးသမီးကြီးဆီ မင့်ကို လွတ်လိုက်မယ်။ နေ့တိုင်း မရိုးစေရဘူး။ မင့်ကို ပြုစုလိမ့်မယ်။ သူ့လက်ဖြစ် အမဲသားဟင်းနဲ့"

"ဘယ်လို ဘယ်လို သူကြီးမင်း"

"ဘယ်လိုမှ မဟုတ်ဘူး။ ဆက်သာ နားထောင်။ အဲဒီ ရဟန်းငယ်လဲ ၀ါတွင်းတစ်တွင်းလုံး လျောင်း ထိုင် ရပ် သွား လေးပါဣရိယာ မျှကာရွှင်ပြုံး သီတင်းသုံးပြီးတဲ့အခါကျတာ့ မြို့ ပြန်ချင်တော့တာပေါ့။ ဒါနဲ့ ၀ါကျွတ်ပြီး ပ၀ါရဏာကံဆောင်ပြီးတဲ့အခါ အဲဒီ အမျိုးသမီးကြီးကို နှုတ်ဆက်စကား ဆိုသတဲ့"

"သူကြီးမင်း.. ကြားဖြတ် မေးလိုက်ဦးမယ်။ အဲဒီ ပ၀ါရဏာကံဆောင်တယ်ဆိုတာ ဘာကို ပြောတာလဲ မသိဘူး"

"အေး... မေးတော့လဲ ပြောပြရတာပေါ့ကွာ။ ပ၀ါရဏာဆို ပါဠိစကားလုံးလေးပါ။ ဖိတ်ကြားခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ ဘာအတွက် ဖိတ်ကြားတာလဲ ဆိုတော့ သံဃာအချင်းချင်း အပြစ်ကြီးအပြစ်ငယ် အသွယ်သွယ်တွေ ရှိခဲ့ရင် ထောက်ပြပြောဆို ဆုံးမဖို့ သံဃာကို ဖိတ်ကြားတာပါ။ အပြစ်ကျူးလွန်နေတာကို မြင်ခြင်း ကြားခြင်း ယုံမှားသံသယရှိခြင်း တစ်စုံတစ်ရာ ရှိခဲ့ရင် သနားသောအားဖြင့် ပြောဆို ဆုံးမတော်မူပါလို့ သိမ်အတွင်း သံဃာ့ပရိသတ်အလယ်မှာ ဖိတ်မန္တက ပြုတာကို ပ၀ါရဏာပြုတယ်၊ ပ၀ါရဏာ ကံဆောင်တယ်လို့ ခေါ်ပါတယ်။ ရဟန်းတော်တွေဟာ ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ ၀ါဆို ၀ါကပ်ကြတယ်။ သီတင်းကျွတ်လပြည့်နေ့မှာ ပ၀ါရဏာပြုရပါတယ်။ ပ၀ါရဏာ ပြုပြီးရင် ၀ါကျွတ်သွားပါပြီ။ မြို့နယ်အလိုက်၊ ဒါမှမဟုတ် အုပ်စုအလိုက် စသဖြင့် သံဃာတွေအားလုံး တစ်ကျောင်းထဲမှာစုပြီး ပ၀ါရဏာ ပြုကြရပါတယ်"

"ဗုဒ္ဓချမှတ်ထားခဲ့တဲ့ စနစ်က အရမ်းကောင်းတယ်နော် သူကြီးမင်း"

"စနစ်ကတော့ အရမ်းကောင်းပါတယ်"

"စနစ်ကတော့ ဆိုတော့ သူကြီးမင်းက နဲနဲ မဟုတ်တာ ပြောချင်နေပြီ ထင်တယ်"

"အဲလိုလဲ မဟုတ်ပါဘူး။ မနှစ်က ပ၀ါရဏာပွဲတုန်းက အဖြစ်အပျက်ကလေးကို အမှတ်ရသွားလို့ပါ"

"အဲဒီ ပ၀ါရဏာ ပြုပွဲမှာ ဘာဖြစ်ခဲ့လို့လဲ သူကြီးမင်း"

"အင်း.. မနှစ်က ပ၀ါရဏာပြုပွဲကို ပေါက်ပင်ရွာဦးကျောင်းမှာ ပြုလုပ်ခဲ့တယ်။ ထုံးစံအတိုင်း တိုက်နယ်မှာရှိကြတဲ့ သံဃာအားလုံး ကြွကြရတာပေါ့။ ပေါက်ပင်ရွာသူ ရွာသားတွေလဲ ဆွမ်းကပ်ပြုစု လုပ်ကျွေးကြတာပေါ့။ နေ့ဆွမ်း ဘုဉ်းပေးပြီး သံဃာတော်တွေအားလုံး သိမ်ကျောင်းထဲမှာ ပ၀ါရဏာ ပြုကြတယ်။ ရွာသူရွာသားတွေကလဲ ကြည်ညိုနေကြတာပေါ့။ ၀ါစဉ်အလိုက် ပ၀ါရဏာပြုပြီးတဲ့အခါကျတော့ ဆရာတော်တစ်ပါးက ပေါက်ပင်ဆရာတော်ကို ဆုံးမစကားဆိုတယ်။ ပေါက်ပင်ဆရာတော် ဘုန်းကြီး ဖြစ်ရဲ့သားနဲ့ နွားမွေးထားတာတော့ မသင့်တော်ပါဘူး ဆိုပြီးတော့ပေါ့။ အဲဒီ ပေါက်ပင်ဆရာတော်လဲ ဟိုနားဒီနားသွားတဲ့အခါ ရွာထဲက နွားလှည်း ခဏခဏ ခေါ်ရတာ အားနာတာနဲ့ ကိုယ်ပိုင် နွားမွေးထားပြီး ကျောင်းသားတွေကို နွားလှည်းမောင်းခိုင်းတယ်လေ။ တောရွာဆိုတော့လဲ မော်တော်ကား အစားထိုး နွားလှည်းပေါ့ကွာ။ အဲဒီလိုလဲ ဆရာတော်တစ်ပါးက ပေါက်ပင်ဆရာတော်ကို ပြောဆိုဆုံးမလိုက်ရော ဘာပြောကောင်းမလဲ သူ့ကို လူပရိသတ် သံဃာ့ပရိသတ်ရှေ့မှာ စော်ကားရမလားဆိုပြီး လက်သီးလက်မောင်း တန်းကာ စိန်ခေါ်တော့တာဘဲ"

"သူကြီးမင်းကတော့ ကြုံလဲ ကြုံတတ်တယ်"

"ကြုံဆို ငါက ပ၀ါရဏာပြုပွဲကို နှစ်စဉ် သွားနေကျလေကွာ။ တစ်နေ့ထဲနဲ့ တိုက်နယ် သံဃာကုန် ဖူးမြင်ရလို့လေ"

"အင်း... တော်ပါသေးရဲ့။ တစ်နှစ်မှ တစ်ခါ ပ၀ါရဏာပြုပွဲလုပ်လို့။ နို့မို့ဆို စိတ်ဆတ်တဲ့ ဘုန်းကြီးတွေ လုပ်ပုံနဲ့တော့ ပ၀ါရဏာဆိုတဲ့ ပါဠိစကားနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားလိမ့်မယ်"

"ကြုံတုန်း တစ်ခု ပြောပြရဦးမယ်။ တခြားတော့ မဟုတ်ပါဘူး။ ဥပုသ်အကြောင်းလေးပါ။ ပ၀ါရဏာပြုတာကို တစ်နှစ်မှ တစ်ခါ လုပ်ပေမဲ့ ဥပုသ်ပြုတာကိုတော့ လပြည့် လကွယ်တိုင်း ပြုလုပ်ကြရတယ်။ တစ်လကို နှစ်ကြိမ်ပေါ့။ သီတင်းကျွတ်လပြည့်နေ့ကလွဲရင် ကျန်တဲ့ လပြည့် လကွယ်နေ့တိုင်း ဥပုသ်ပြုကြရတယ်"

"သီတင်းကျွတ်လပြည့်နေ့က ဘာဖြစ်လို့လဲ သူကြီးမင်း"

"မင်းကလဲ တုံးနေပြန်ပါပြီ။ သီတင်းကျွတ်လပြည့်နေ့မှာ ဥပုသ်အစား ပ၀ါရဏာပြုကြတယ်လေ။ ဒါကြောင့် သီတင်းကျွတ်လပြည့်နေ့ကို ပ၀ါရဏာနေ့ဆိုပြီး ခေါ်တွင်တယ်။ တစ်ခြားတစ်ဘက်က အဘိဓမ္မာအခါတော်နေ့လို့လဲ ခေါ်ကြတယ်။ နှစ်မည်ရ လပြည့်နေ့ပေါ့"

"ဥပုသ်ပြုခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ သူကြီးမင်း"

"အဓိကကတော့ သီလစင်ကြယ်ရေးနှင့် စည်းလုံးညီညွတ်ရေးဘဲ ဆိုကြပါတော့။ ဥပုသ်မပြုခင်မှာ ကျူးလွန်ထားတဲ့ အပြစ်လေးတွေ ပျောက်ကင်းဖို့ ဒေသနာပြောကြားကြရတယ်။ ဒေသနာကြားတယ်ဆိုတာ အချင်းချင်း အပြစ်ကို ၀န်ခံကြတာပါဘဲ။ နောင်ကို မကျူးလွန်ဖို့ကိုလဲ ကတိပေးကြရတယ်။ အာပတ်ဖြေတယ်လို့လဲ ခေါ်ဝေါ်တယ်။ အာပတ် (အပြစ်) တန်းလန်းကြီးနဲ့ ဥပုသ် မပြုကောင်းဘူး။ ပြုရင် အပြစ်ထပ်ရတယ်။ နောက်ပြီး ရဟန်းအချင်းချင်း နှစ်တောင့်ထွာအတွင်း နီးနီးကပ်ကပ် ထိုင်ကြရတဲ့အတွက် ညီညွတ်မှုကိုလဲ သဘောဆောင်တယ်။ သံဃာ့ကိစ္စ တစ်ခုခု ပေါ်ပေါက်ခဲ့ရင်လဲ ဥပုသ်ပြုပြီးတဲ့အခါ သံဃာ့ဆန္ဒခံယူလို့ရတယ်"

"ရဟန်းတွေ ဥပုသ်ပြုတာကလဲ လူတွေလို ရှစ်ပါးသီလ ခံယူရတာလား သူကြီးမင်း"

"တစ်ခြားစီပါ။ ဘာမှ မဆိုင်ပါဘူး။ ရဟန်းတော်တွေ ဥပုသ်ပြုတယ်ဆိုတာက လွယ်လွယ်ပြောရရင် ပါတိမောက်ရွတ်ဆို နာကြားကြတာပါ။ ပါတိမောက်ဆိုတာ ရဟန်းတော်အတွက် ဗုဒ္ဓကိုယ်တိုင် ချမှတ်ထားခဲ့တဲ့ စည်းကမ်းဥပဒေသတွေပါဘဲ။ အကျယ်သိချင်ရင်တော့ မဟာဂန္ဓာရုံဆရာတော်ရဲ့ ပါတိမောက်ဘာသာဋီကာကိုသာ ရှာဖတ်ပေတော့"

"သူကြီးမင်း.... ချော်ထွက်သွားလို့ ဥပုသ်အထိတောင် ရောက်လာပြီ။ ဒါနဲ့ ဟို ရဟန်းငယ် ပြန်ကြွခါနီးမှာ အဲဒီ အမျိုးသမီးကြီးကို နှုတ်ဆက်စကားဆိုတော့ ဘာတွေ အထူးအဆန်း ဖြစ်ခဲ့သေးလဲ သူကြီးမင်း"

"အဲဒီ အမျိုးသမီးကြီးက ရဟန်းငယ်လေးကို စကားတစ်ခွန်းဘဲ လျောက်လိုက်တယ်"

"ဘယ်လို စကားမျိုးလဲ သူကြီးမင်း"

"ရဟန်းငယ်လေးက " ဒကာမကြီး ဦးဇင်း မြို့ပြန်ကြွတော့မယ်။ ဒီရွာမှာ ၀ါဆိုစဉ်အတွင်း နေ့စဉ် အမဲသားချက် ကြော် လှော် ဖုတ် စတာတွေ ကပ်လှူတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်သတဲ့။ ဒါနဲ့ အဲဒီ အမျိုးသမီးကြီးက ပြန်လျောက်လိုက်တယ် "အရှင်ဘုရား ပြန်ကြွရင်လဲ ကြွပါတော့ တပည့်တော် အိမ်နောက်က ထန်းပင်ကြီးလဲ ကုန်ခါနီးပြီ" တဲ့"

"ဘာအဓိပ္ပါယ်ကြီးလဲ သူကြီးမင်း"

"ဘာအဓိပ္ပါယ်မှ မဟုတ်ဘူး မောင်ပေါက်ကျော်။ အဲဒီ အမျိုးသမီးကြီးက စုန်းမကြီးလေ။ သူပင့်လာတဲ့ ရဟန်းငယ်လေးကို ကြည်ညိုလွန်းလို့ နေ့စဉ် အမဲသားဖြစ် ဟင်းတွေကို ဆက်ကပ်တယ်။ ဒါပေမဲ့ မင်းဘဲ စဉ်းစားကြည့်လေ။ အဲဒီလို နေ့စဉ်ဆက်ကပ်နိုင်ဖို့ သူ ဘယ်မှာ အမဲသား ရနိုင်ပါ့မလဲ။ ရွာကလဲ အမဲပေါ်တဲ့ ရွာ မဟုတ်ဘူးလေ။ ဒါနဲ့ဘဲ သူ့အိမ်နောက်ဘက်မှာ ရှိတဲ့ ထန်းပင်ကြီးကို ရန်ရှာကြတော့တာပေါ့။ ထန်းလက်ခြောက်၊ ထန်းခေါင်း၊ ထန်းပင်စည်တွေကနေ သင့်တော်ရာ အစိတ်အပိုင်းကို ဖြတ်တောက်ပြီး အမဲသားအဖြစ် မန်းမှုတ်ပြီး ချက်ပြုတ်ကြော်လှော်တယ်။ ပြီးတော့ ရဟန်းငယ်လေးကို အမဲသားဟင်းအဖြစ် ကပ်လှူတယ်လေ။ အဲဒီလိုနဲ့ ကြာလာတော့လဲ ထန်းပင်ကြီး လုံးပါး ပါးလာတော့တာပေါ့"

"ကြောက်စရာကြီးပါလား သူကြီးမင်းရယ်။ လာမဲ့ သင်္ကြန်မှာ ကျနော် ဒုလ္လဘ၀တ်မယ်လို့ စိတ်ကူးထားတာ။ အခု မ၀တ်ချင်တော့ဘူး။ တော်ကြာ အဲဒီလို အမျိုးသမီးကြီး တစ်ယောက်ယောက်က အမဲသားဟင်း လာကပ်နေရင် ဒုက္ခ"

"မင်းက ဒါမျိုးကျတော့ ကြောက်တတ်သားဘဲ"

"သူကြီးမင်း... ဒါနဲ့ အဲဒီ ရဟန်းမှာ အဆိပ်အတောက် မဖြစ်ဖူးလား။ ကျနော်ကြားဖူးတာ အပင်းဆိုလား ဘာဆိုလား"

"ဒါကတော့ အစားအစာကျွေးတဲ့သူရဲ့ စိတ်နဲ့ဘဲ သက်ဆိုင်ပါတယ်။ သူက စေတနာနဲ့ စားစေချင်လို့ ကျွေးတာဆိုတော့ ဘာမှ မဖြစ်ပါဘူး။ ပြီးတော့ ထန်းခြောက်တွေမှာလဲ အာဟာရဓါတ်က ပါသင့်သလောက်ပါတယ်လေ။ ဒါကြောင့် ဘာအန္တရာယ်မှ မရှိပါဘူး။ အဲဒီ အမျိုးသမီးက စေတနာဆိုးနဲ့ တစ်ခုခု ဖြစ်စေချင်လို့ ကျွေးတာဆိုရင်တော့ အဆိပ်အတောက်တို့ အပင်းတို့ ဖြစ်မှာပေါ့"

"တစ်ချိန်တုန်းက တောရွာတွေ အတော်များများမှာ စုန်းမတွေ အတော်ရှိခဲ့ကြပုံရတယ်နော် သူကြီးမင်း"

"အင်း ဆိုပါတော့။ ဒါကြောင့် အဲဒီ ခေတ်တုန်းက ဘုန်းကြီးတွေ အတော်များများ စားခွက်နှိုက်ဆေးတို့ ကိုယ်လုံဆေးတို့ ထိုးကြရတယ်တဲ့။ စားခွက်နှိုက်ဆေးဆိုတာကတော့ ဥပမာ ထန်းလက်ခြောက်ကြီးကို ထုချေပြီး အမဲသားဟင်းအဖြစ် လာကပ်ရင် ခွက်ထဲ နှိုက်လိုက်တာနဲ့ အမဲသားကနေ ထန်းလက်ခြောက်အဖြစ် ချက်ချင်း ပြောင်းသွားတဲ့ ဆေးမျိုးပေါ့"

"ဒါဖြင့် ကိုယ်လုံဆေးဆိုတာကကော သူကြီးမင်း"

"ကိုယ်လုံးဆေးဆိုတာကတော့ ခွက်ထဲနှိုက်လိုက်ရင် ဘာမှ မပြောင်းလဲသွားပေမဲ့ အဲဒီလို မန်းမှုတ်သားတွေကို ဘယ်လောက်စားစား ဘာမှ မဖြစ်ဘူး။ တကယ့်ဟင်းစားရသလိုဘဲတဲ့"

"ထူးဆန်းတယ်နော်"

"အင်း... အဲဒီခေတ်တုန်းက စားခွက်နှိုက်ဆေး ထိုးထားတဲ့ ဘုန်းကြီးတစ်ပါးဆီ အမျိုးသမီးတစ်ယောက် အသုပ်တစ်ပွဲ လာပို့တယ်တဲ့။ မြင်းခွါရွက်သုပ်တဲ့။ ဘုန်းကြီးလဲ အဲဒီ အမျိုးသမီး ပြန်သွားပြီး ဆွမ်းစားချိန်ရောက်တော့ မြင်းခွါရွက်သုပ်ကို နှိုက်လိုက်တော့ ကျောင်းစိမ်းထမီ အဟောင်းတွေကို လှီးဖြတ်ပြီး အဆာပလာထည့် သုပ်ထားတာကို တွေ့လိုက်ရတယ်တဲ့"

"ဟင်းးးးး ကြောက်လာပြီ သူကြီးမင်းရေ့..... ပြီးတော့ စုန်းမဆိုတာကလဲ ဦးချိုပေါက်နေတာ မဟုတ်တော့ ဘယ်သူက စုန်းတတ်တယ် မတတ်ဘူးဆိုတာကိုလဲ သိခွင့်ရတာ မဟုတ်ဘူး"

"ငါကြားဖူးတာတစ်ခုတော့ ရှိတယ်ကွ။ စုန်းတွေဟာ သူတို့ရဲ့ မျက်စိကို အကြည့်မခံဘူးတဲ့။ ကြည့်လိုက်ရင် မျက်နှာ လွဲသွားကြတယ်တဲ့။ မရမက ကြည့်ပြန်ရင်လဲ အငြိုးအတေး ထားတတ်ကြတယ်တဲ့"

"ဘာဖြစ်လို့ သူတို့မျက်နှာကို အကြည့်မခံတာလဲ သူကြီးမင်း"

"သူတို့ မျက်စိထဲမှာ လူတွေရဲ့ အရိပ်ဟာ ဇောက်ထိုးကြီး ဖြစ်နေလို့တဲ့။ မင်းလဲ သတိထားဦး။ ကောင်မလေးတွေကို ပိုးပန်းတော့မယ်ဆိုရင် မသိမသာ သူတို့ မျက်စိကို ကြည့်လိုက်ဦး။ သူတို့ မျက်စိထဲမှာ မင့်အရိပ်က ပြောင်းပြန်ဇောက်ထိုးကြီး ဖြစ်နေရင် သေချာပြီ။ အဲဒီ ကောင်မလေးဟာ စုန်းမဘဲ"

"သူကြီးမင်း အကြံပေးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျနော်က စုန်းမနဲ့ အိမ်ထောင် ကျမယ်ထင်တယ်"

"ဟေ.. ဘာဖြစ်လို့လဲကွ"

"ကျနော့်ခေါင်းမှာ ဗွေနှစ်လုံး ပါလို့လေ"

"ဗွေနှစ်လုံးပါတိုင်း စုန်းမ လင် ဖြစ်ရမလားကွ"

"ရွာဦးကျောင်း ဆရာတော်က ပြောတယ်။ ကျနော် ကိုရင်ဝတ်ဖို့ ခေါင်းရိတ်ချိန်တုန်းကပေါ့။ မင်းခေါင်းက ဗွေနှစ်လုံး ကြီးပါလားကွတဲ့။ မှတ်ထား။ ဗွေနှစ်လုံး စုန်းမ လင် တဲ့"

"ဟေ.. ဆရာတော်က အဲဒီလို ပြောလား။ ဒါဖြင့် ငါ့ခေါင်းမှာလဲ ဗွေနှစ်လုံးပါတယ်။ ဒုက္ခဘဲ။ ဒီဘ၀တော့ အိမ်ထောင် မပြုဘဲ နေမှ ဖြစ်တော့မယ် ထင်တယ်"

"ဟာ.. သူကြီးမင်းလဲ ဗွေနှစ်လုံးဘဲလား။ ဒါဆို ကျနော်တို့က အတူတူဘဲ။ အဖော်ရသွားပြီ။ သူကြီးမင်းလဲ ဗွေနှစ်လုံးဆိုရင် ကျနော် မကြောက်တော့ဘူး"

"ဘာဖြစ်လို့လဲ"

"သူကြီးမင်းဆီမှာ စုန်းမကို နိုင်တဲ့ နည်းလမ်း ရှိကောင်း ရှိနိုင်တယ်လေ"

" အော်... အဲဒီလိုလား။ ငါတို့ ငယ်ငယ်တုန်းကတော့ ကြားဖူးတာဘဲ။ ငါကိုယ်တိုင်လဲ လုပ်ခဲ့ဖူးတယ်။ အစားအစာတစ်ခုခုကို သံသယရှိတဲ့အခါ မတ်တပ်ရပ်ပြီး ခြေထောက်တစ်ချောင်းကို အပေါ် နဲနဲကားပြီး မြှောက်လိုက်တယ်။ ပြီးရင် အစားအစာကို ဘယ်ဘက်လက်က ကိုင်ပြီး ကားထားတဲ့ ပေါင်အောက် လျိုးပြီး ထိုးပေးလိုက်တယ်။ ဒီဘက်ကနေ ညာဘက်လက်နဲ့ လှမ်းယူလိုက်တယ်။ ပြီးရင် ဘယ်လက်ကို ပြန်ပေးလိုက်တယ်။ ဘယ်လက်ကယူပြီး နောက်တစ်ခါ ပေါင်အောက် ထိုးပေးလိုက်ပြန်တယ်။ ညာဘက်လက်နဲ့ လှမ်းယူပြန်တယ်။ အဲဒီ အဲဒီလို သုံးခါတိတိလုပ်ပြီးမှ စားလေ့ရှိကြတယ်။ အဲဒါ အပင်းအဆို့ မဖြစ်တဲ့နည်းတဲ့။ မန်းမှုတ်ထားတဲ့ အစားအစာကို ပြန်ပြီး အဲဒီနည်းနဲ့ တုန့်ပြန်လိုက်တာလေ"

"ဒါဆို ကျနော်လဲ နောက်ဆို အဲဒီလို လုပ်ပြီး စားမှ ဖြစ်မယ်။ တော်ကြာ အပင်းအဆို့တွေ ဖြစ်မှာ ကြောက်ရတယ်"

"ဒါကလဲ တန်ခိုးသိပ်မကြီးတဲ့ စုန်းမက ကျွေးတဲ့ အစားအစာမှ အဲဒီနည်းက အစွမ်းထက်တာတဲ့။ တန်ခိုးကြီးတဲ့ စုန်းဆို မင်းအဲဒီလို သုံးခါတိတိ လုပ်လိုက်ရင် မင့်ပေါင်ကို စတီးကြိုးနဲ့ ခပ်တင်းတင်း သုံးပတ် ပတ်ပြီးသား ဖြစ်သွားရောပေါ့။ ဘယ်လိုမှ ဖြေလို့ မရတော့ဘူးတဲ့"

"အမလေးးးး သူကြီးမင်းရယ်... ပြောရင်းနဲ့ ပေါင်တစ်ခုလုံး တင်းကြပ်လာသလား ခံစားရတယ်"

"ကဲပါ. ကဲပါ။ ဒါတွေ ထားပြီး ကြောင်ဖမ်းဆရာတော်ဘက် လှည့်ကြဦးစို့ရဲ့"

"ဟုတ်ကဲ့ သူကြီးမင်း"
...

"ကြောင်ဖမ်းဆရာတော်ဟာ အဲဒီရွာနား တစ်လျောက်က ကျေးငှက် တိရစ္ဆာန်တွေကို ပစ်သတ်ဖမ်းယူလိုက်တာ တောကောင်တွေတောင် ပြုန်းသွားတော့သတဲ့။ တစ်နေ့မှာ ကြောင်ဖမ်းဆရာတော် ဦးဆောင်တဲ့ ကိုရင် ကျောင်းသားအဖွဲ့ဟာ ထုံးစံအတိုင်း တောလိုက် ထွက်ပြန်ကြတာပေါ့။ တောလိုက်ထွက်ပေမဲ့လဲ ဘာကောင်ကို လိုက်မယ်ဆိုတာတော့ ရည်ရွယ်ချက် မရှိပါဘူး။ တွေ့တဲ့အကောင် ၀ိုင်းလိုက်ပြီး သမကြတာပါဘဲ။ ရွာဦးကျောင်းက ထွက်ပြီဆိုကထဲက ကိုရင်ကျောင်းသားတွေကလဲ ပျော်၊ ခွေးတွေကလဲ ပျော်နဲ့။ နတ်ဒိုးသီချင်းလိုလို ဘာလိုလို သီချင်းကိုလဲ သံပြိုင် ဟစ်အော်နေကြလေရဲ့"


"ကျောင်းပေါ်မှာ မပျော်
တောထဲမှာ ပျော်
ခွေးတွေကို ခေါ်
(ကိုရင်တွေလဲ ပါသနော်..)
(ကျောင်းသားတွေလဲ ပါသနော်..)
တို့ကျောင်းတော်က
ကြောင်ဖမ်း ဆရာတော်ာ်ာ်ာ်...."

"အဝေးက မြင်သော်..
အတွေး မမှားနဲ့နော်
ပြေးမှ လွတ်မနော်..
တို့ကျောင်းတော်က
ကြောင်ဖမ်း ဆရာတော်ာ်ာ်ာ်...."

"အမြေးလေးကို မျှော်
တေးလေး တကျော်ကျော်
လာပြီနော်.. လာပြီနော်...
တို့ကျောင်းတော်က
ကြောင်ဖမ်းဆရာတော်ာ်ာ်ာ်ာ်ာ်......"

"ဟေးးး ၀ါးးးးးးးးး ၀ါးးးးးးးးးးး
ဝူးးးးးး ၀ူးးးးးးးးး ၀ူးးးးးးးးးးးးး"

"ကိုရင်ကျောင်းသားတွေလဲ ဟေးဝါးဝါးဆိုပြီး ပျော်မြူး ခွေးတွေလဲ ၀ူးးးးးအူးးးအူးးး ဆိုပြီး အူမြူး အထူးထူးသော လက်နက် ပစ္စည်း စုံလင်စွာနဲ့ ၀နာတောတစ်ခွင်မှာ ကျွတ်ထိုက်တဲ့ သတ္တ၀ါတွေကို ချေချွတ်ဖို့ အက္ခောဘိနီတပ်ကြီးဖြန့်ကာ ဘယ်ညာ ဘယ်ညာ တန်းညှိပြီး တစ်စီတစ်တန်းကြီး ထွက်ခွါသွားကြတော့တာပေါ့။ တောထဲ ၀င်ဝင်ချင်းဘဲ ခွေးဟောင်သံတွေ ကြားလို့ သွားကြည့်လိုက်တော့ ရှဥ့်မီးနီ တစ်ကောင်ကို တွေ့လိုက်ကြတယ်။ အားလုံး လိုက်...လိုက်.. လိုက်...ဆိုပြီး ညာသံပေးကာ ရှဥ့်မီးနီနောက် ကိုရင်ကျောင်းသားတွေရာ ခွေးတွေရော ကြောင်ဖမ်းဆရာတော်ရော ၀ိုင်းပြီး လိုက်ကြတော့တာပေါ့။ ရှဥ့်မီးနီလေးလဲ အသက်အန္တရာယ် ကြောက်လွန်းတဲ့အတွက် နီးစပ်ရာ သစ်ပင်အိုကြီးတစ်ပင်ရဲ့ သစ်ခေါင်းထဲ ၀င်ပြေးတော့တာပေါ့။ သစ်ပင်ရဲ့ အောက်ခြေကစပြီး အထက်ထိ သစ်ခေါင်းပေါက်ကြီးက အရှည်ကြီးဘဲ။ ကဲ... မောင်ပေါက်ကျော်... မင်းစဉ်းစားစမ်း။ သစ်ခေါင်းထဲ ၀င်ပြေးတဲ့ ရှဥ့်မီးနီကို ဘယ်လို ရအောင် ဖမ်းယူမလဲ။ အဲဒါ မင်းအတွက် ပဟေဠိဘဲ။ နောက်တစ်နေ့ ငါ့ဆီလာရင် မင်း စဉ်းစားထားတဲ့အတိုင်း ငါ့ကို ပြောပြ။ ပြီးမှ ငါပုံပြင်ကို ဆက်ပြောမယ်။ ဒီနေ့တော့ ဒီလောက်ဘဲ"

"သူကြီးမင်းကလဲ ဆုံးအောင် ပြောပြတာ မဟုတ်ဘူး။ လူတွေကို ကသိကအောက် ဖြစ်အောင် အမြဲလုပ်တယ်"

.