Monday 29 June 2009

ကြယ်တွေ ကြွေတာကို ရေတွက်ကြည့်ခြင်း


ဗုဒ္ဓ
မသိမှုတွေကို သိမှုတွေနဲ့အစားထိုး
သုံးလူတို့ရဲ့  အားကိုးစရာဖြစ်ခဲ့တယ်။


ဗုဒ္ဓဃောသ
စာပေအကျဉ်းကို အကျယ်ချဲ့ ပြ
လူသားများစွာ သဘောကျခဲ့ကြတယ်။


ဦးဗုဒ်
ဗုဒ်စ ဗုဒ်လယ် ဗုဒ်ဆုံး
ဗုဒ္ဓဘာသာဝင်အားလုံး ဦးညွတ်လို့ မဆုံးခဲ့ပါဘူး။


ဦးဝိစိတ္တသာရာဘိဝံသ
တိပိဋကရဲ့  ပထမဆုံး ဥသျှောင်
လွမ်းတောင် လွမ်းမိပါရဲ့ ။


ဗိုလ်ချုပ်အောင်ဆန်း
မမောမပန်း တောစခန်းတွေကြား
မားမားရပ်တည်ခဲ့လို့
ပြည်သူတို့၏ အလင်းရောင်
တပ်မတော်တို့၏ ရှေ့ ဆောင်
နိုင်ငံ့ဂုဏ်ဆောင် ဖြစ်ခဲ့တယ်။


ဦးသန့်
ကမ္ဘာ့ကုလသမဂ္ဂ အထူးအဖွဲ့မှာ
အတွင်းရေးမှူး နေရာယူပြခဲ့လို့
မြန်မာတွေ (ဇာတိ)သွေးကြွခဲ့ကြရတယ်။


ဒိုင်ယာနာ
နိုင်ငံတကာမှာ ရည်ပန်းစား
ဆင်းရဲသူတွေနှင့်တစ်သွေးသားထဲ ဖြစ်ခဲ့လို့
ကမ္ဘာ့အချစ်တုံးကြီးဖြစ်ခဲ့တယ်။


မာသာထရေဇာ
မေတ္တာတရားကို ရင်မှာပိုက်
မောဟိုက်မှုကြားတွေထဲက
လူသားတွေအားလုံးအတွက်
သူ့အသက်ကိုတောင် ဂရုမစိုက်ခဲ့ဘူး။


မိုက်ကယ်ဂျက်ဆင်
အသက်ငယ်ငယ်ကပင် ထင်ရှား
(တစ်ကမ္ဘာလုံးရဲ့ )
စတား တစ်ယောက်ဖြစ်ခဲ့တယ်။
...............................................


ဘီစီတွေ အေဒီတွေကြားထဲ
မားမားရပ်ခဲ့ကြတဲ့ သူရဲကောင်းတွေ သူတော်ကောင်းတွေ
အမှည့်ကြွေ အနုကြွေ မြေခလို့
(တစ်ဖြုတ်ဖြုတ်နဲ့)
ကြွေကျသွားခဲ့ကြရရှာပြီ။


လွမ်းစိတ်တွေ ဝေလို့မို့
ကြယ်တွေကြွေတာ ရေတွက်ရင်း
(ကျနော်လဲ)
သက်ပြင်းတွေ အလီလီ ချနေမိခဲ့တယ်။ ။


မှတ်ချက်။
ကြယ်ကြွေပေါင်း များစွာ ကျန်ရှိနေပါဦးမည်။
ကျနော် အနေခက်၍ မရေတွက်မိခြင်းဘဲ ဖြစ်ပါသည်။ ။

...

Saturday 27 June 2009

ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည် (၄)

ကျွန်ုပ်၌မိဘနှစ်ပါးရှိခဲ့သည်။
အဖေမရှိတော့သည့်နောက်ပိုင်း အဘိုးအဘွားအိမ်၌ အမေ ပို၍အနေကျုံ့ ခဲ့သည်။ အားကိုးအားထားစရာလင်ယောက်ျား မရှိတော့သည့်အတွက် နေ့စဉ်နှင့်အမျှ အမေစိတ်ပင်ပန်းခဲ့သည်။ လူမမယ် သားယောက်ျားငါးယောက်နှင့် အသက် ၃၀ အရွယ် မိခင်တစ်ယောက်။ ပြန်စဉ်းစားမိတိုင်း အမေ့ကို ပို၍ပို၍ သနားမိသည်။

စက်ခေါင်းပျက်စီးသွားသည့် မီးရထားတွဲကြီးကဲ့သို့ ကျွန်ုပ်တို့ မိသားစု ယောင်ချာချာဖြစ်ခဲ့သည်။ သို့သော် အမေသည် စက်ခေါင်းပျက်သွားပေမဲ့ လက်ကောင်းကောင်းနှင့် အပြင်းအထန်မောင်းနှင်ခဲ့သည်။ လူတစ်ယောက်စာအတွက်ပင် အတော်လေးရုန်းကန်ရသည့် ခေတ်ကာလ၌ လူခြောက်ယောက်(အမေအပါအ၀င်)အတွက် မည်သို့ရုန်းကန်ခဲ့ရသည်ကို ကျွန်ုပ် သဘောပေါက်ပါသည်။
သို့ပေမဲ့ အမေ့မျက်နှာ၌ ပင်ပန်းသည့် အမူအရာကို လုံးဝ မတွေ့ခဲ့ရ။ သားငါးယောက်ကို မြင်နေရလျှင်ပင် အမေ စိတ်ချမ်းသာပုံရသည်။ စိတ်အာဟာရ သဘောပင်ဖြစ်သည်။

အဘိုးအဘွားများက အဖေဆုံးပြီးနောက် နှစ်နှစ်ခန့် သူတို့အိမ်ပေါ်တင်ထားသောကြောင့် ကျွန်ုပ်တို့ အသက်ရှူချောင်ခဲ့သည်။ သို့သော် ဘယ်အရာမှ အလကားမရဆိုသကဲ့သို့ နိုင်ရာအလုပ်များကို လုပ်ကူပေးရသည်။ အထူးသဖြင့် ပထမအကိုနှင့်ဒုတိယအကိုတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ပိုလုပ်ရသည်။ မကြာမကြာ အဆူခံရသည်။ တစ်ခါတစ်ခါ အိမ်ပေါ်တင်ထားမိတာ အလကားဘဲ ဆိုသည့် စကားများကို ကြားရတတ်သည်။

အဖေမရှိတော့ အဖေ့အိမ်ဟာ အမေ့အိမ် မဟုတ်တော့ပါ။ အိမ်ဆင်း(ပြောင်း)ဖို့ သင့်ပြီ။ အမေ မည်သို့ စီစဉ်မည်နည်း။ အဖေ့အိမ်မှာ နေထိုင်ရတာလဲ အဆင်မပြေ။ အိမ်ဆင်းမယ်လုပ်ပြန်တော့လဲ အိမ်တစ်လုံးတန်ဖိုးငွေ အမေ့မှာ မရှိ။ ဒါပေမဲ့ အမေအိမ်ဆင်းခဲ့ပါသည်။ အမေ့အိမ်ကို ပြန်လာခဲ့ခြင်းပင်ဖြစ်သည်။ အမေ့အိမ်သည် အမေ့မိဘများအိမ်ဖြစ်သည်။ အမေ့မိဘများသည် အမေ့ကို နွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။ ကျွန်ုပ်တို့အားလုံးကိုလဲ လှိုက်လှဲစွာ လက်ကမ်းခဲ့ပါသည်။ နွေးထွေးသော လက်တစ်စုံသည် လူသားများအတွက် အားအင်ဖြစ်စေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စိတ်ထဲ၌ ရောဂါတစ်ခုရသွားသည်။ အမေ့ဆွေမျိုးများကို အဖေ့ဆွေမျိုးများထက် ပိုချစ်သည့် ရောဂါပင်တည်း။

အဖေနှင့်အမေဆိုရင် အမေ့ကို ပိုချစ်သည်။ အဖေ့ဆွေမျိုးနှင့်အမေ့ဆွေမျိုးဆိုရင် အမေ့ဆွေမျိုးများကို ပိုချစ်သည်။ ဒါကလည်း အဆန်းတော့မဟုတ်။ အဖေ့မိဘအိမ်၌ အဆူခံရပြီးမှ ထမင်းစားရသည်။ အမေ့မိဘအိမ်၌ ထမင်းစားနေတုန်း အဘွားက ယပ်ခတ်ပေးသည်။ အဖေ့မိဘအိမ်၌ ကျွန်ုပ်တို့ အရိုက်ခံရသည်။ အမေ့မိဘအိမ်၌ ကျွန်ုပ်တို့၏ ကျောပြင်ကို အဘိုးအဘွားများက လက်ဖြင့် ပွတ်သပ်ချော့တိတ်ပေးသည်။
အဖေ့မိဘအိမ်၌ ညအခါ အဆူအဆဲစကားသံများ မကြာမကြာ ကြားရတတ်သည်။ အမေ့မိဘအိမ်၌ ညအိပ်ရာဝင်ခါနီး အဘွားပြောသော ရာဇ၀င် ပုံပြင်များကို နားထောင်ရသည်။

အမေ့မိဘများအိမ်၌ နေထိုင်ရတာ အဆင်ပြေပေမဲ့ ပြုံးနေတုန်းခွဲရတာ ကောင်းသည် ဆိုသည့် ဆိုထုံးကို အမေကောင်းကောင်းသိသည်။ ထို့ကြောင့် အမေ့မိဘအိမ်၌ နှစ်နှစ်ခန့်ထပ်နေပြီး အိမ်ခွဲခဲ့ပါသည်။ အမေ့ကိုယ်ပိုင် အိမ်ကလေးကိုပင်။

အမေ ဆင်းရဲသည်။ သို့သော် အမေ မငြီးငြူခဲ့ပါ။ ကျောင်းသားအရွယ်ကလေးတွေမို့ ကျောင်းထားပေးရသည်။ သို့သော် အမေ အပြုံးမပျက်ခဲ့ပါ။ ထမင်းကောင်းကောင်း နှပ်မှန်အောင် အမေ ပင်ပင်ပန်းပန်းကြိုးစားခဲ့ရသည်။ သို့သော် အမေ ကျေနပ်နေခဲ့သည်ပင်။

သို့သော် သို့သော်...
လူပင်ပန်းမှု စိတ်ပင်ပန်းမှုကို အမေ့မျက်နှာပေါ်တွင် မတွေ့ရပေမဲ့ သဘာဝတရားက သက်သေပြလေပြီ။ အသက် ၃၀ ကျော်မျှသာ ရှိသေးသည့် အမေ့ ခေါင်းပေါ်၌ ဆံပင်ဖြူများ နေရာယူကုန်ကြသည်။ အမေ့မျက်နှာပေါ်၌ အရေးအကြောင်းလေးတွေပေါ်လာသည်။ အိုချိန်မတန်ဘဲ အမေအိုခဲ့ရသည်။

ကျွန်ုပ်၌ မိဘနှစ်ပါး ရှိခဲ့သည်။ ။


အမှတ် က ဒီမှာပါ။

........

Sunday 21 June 2009

အဖေသို့ပေးစာ (အဖေများနေ့ အမှတ်တရ)


လူတိုင်း မိဘရှိကြပါတယ်။ မိဘရှိသူတိုင်း မိဘကျေးဇူးသိသင့်ပါတယ်။ မိဘကျေးဇူးသိတဲ့သူတိုင်း မိဘနှင့်ပတ်သက်တဲ့ နေ့ရက်တွေမှာ တစ်ခုခုနဲ့ အမှတ်အသားပြုသင့်ပါတယ်။ အခု ကျနော်လဲ ဒီကဗျာလေးနဲ့ဘဲ အဖေများနေ့ကို အမှတ်အသားပြုလိုက်ပါတယ်။

၂၀၀၈၊အောက်တိုဘာလ ၃၁ နေ့က စပ်ဆိုထားခဲ့တဲ့ ကဗျာလေးကို ဒီနေ့အဖေများနေ့အမှတ်တရအဖြစ် ပြန်တင်ပေးလိုက်ခြင်းရယ်ပါ။
........

ခုနစ်နှစ်သားအရွယ်
အတော်လေးငယ်သေးပေမဲ့
ကျနော် ကောင်းကောင်းမှတ်မိတယ်။

ညတစ်ညရဲ့ ညဥ့်ဦးယာမ်မှာ
အမေ့ရဲ့ အော်သံ အမေ့ရဲ့ ငိုသံ
အမေ့ရဲ့ ကြေကွဲသံ မိုးထက်ထက်ညံသွားလောက်ရဲ့ 
"မင်းတို့ အဖေ မရှိတော့ဘူး" တဲ့။
........................

ရင့်ကျက်မှုအပြည့်မရှိသေးတဲ့ အမေတစ်ယောက်
အရွယ်မရောက်သေးတဲ့ သားငါးယောက်နှင့်
ခရီးဘယ်လိုဆက်လျောက်ရမလဲ...အဖေ

အကြီးဆုံးအကိုက ၁၁ နှစ်
အငယ်ဆုံးညီက ၃နှစ်
အဖြစ်ကရင်နာစရာ
အဖေထွက်ခွါသွားတာစောလွန်းတယ်.. အဖေ။

အဖေမရှိတော့ပေမဲ့
အဖေရှိခဲ့တယ်ဆိုတဲ့အသိနဲ့
အဖြေမသိသေးတဲ့ အနာဂါတ်အတွက်
အမေနှင့်အတူလျောက်လှမ်းခဲ့ပါတယ်... အဖေ။

ရတက်တွေပွေလျက်နဲ့
အသက်ပင်သေသေ ကြိုးစားရုန်းကန်ခဲ့ရပေမဲ့
အဖေမမုန်းရအောင်ဆိုပြီး
အမေကတော့ အပြုံးမပျက် ပြုံးလျက်ပါဘဲလေ
အဲဒါ... အဖေပေးခဲ့တဲ့ အင်အားတွေတဲ့.. အဖေ။

အမေနေ့တိုင်းလုပ်နေတဲ့အလုပ်တစ်ခု
ငုတ်တုတ်မေ့လောက်အောင် အဖေအံ့သြသွားလိမ့်မယ်
အဖေ့အုတ်ဂူကိုနေ့တိုင်းသွား
တမလွန်ကအဖေကြားနိုင်လောက်အောင်
နာကြားဖူးသမျှတရား ပါးစပ်ဖျားကထွက်ပေါ်
အမေ့ အမျှဝေသံအဆုံးမှာ သာဓုခေါ် ဖြစ်ရဲ့ လား...အဖေ။

အမရာ ကိန္နရီ မဒ္ဒီ သမ္ဘူ တော်လေးဝအမျိုးသမီးတွေလောက်
ချစ်ခရီးမှာ အချစ်မကြီးခဲ့နိုင်ပေမဲ့
အဖေ့ချစ်ဇနီးကို စိတ်သာချ
သူ့ဘ၀ တမလွန်ပြောင်းသွားတဲ့ထိ
တုမရတဲ့ အချစ်တွေနဲ့ အဖေဟာ အမေ့ရဲ့ အဖေပါဘဲ... အဖေ။

"ငါ့သားတို့ ပညာတတ်ကြီးဖြစ်အောင် ကြိုးစားကြပါ"တဲ့
အဖေမသေခင် မှားထားခဲ့တဲ့စကား
သား နားဝက မထွက်ခဲ့ပါဘူး
ရည်မှန်းချက်ကြီးတဲ့ အဖေ့မှာကြားချက်
သား တစ်သက်လုံးဂုဏ်ယူနေမယ်... အဖေ။

အဖေထားခဲ့တဲ့ ဆန်စပါး
အဖေပေးခဲ့တဲ့ အင်အား
အဖေဆုံးမခဲ့တဲ့စကားတွေကြောင့်
အခုဆို
အဖေ့သား... အင်္ဂလန်ရောက်ခဲ့ပြီ... အဖေ။

ငယ်ငယ်ဘ၀ မောဟအဖုံးတွေကြောင့်
အဖေဆုံးသွားတဲ့ရက်မသိခဲ့ပေမဲ့
ဒီနေ့ဆို
အမေဆုံးသွားတာ ၈ နှစ်တိတိပြည့်ခဲ့ပြီ...အဖေ။

အဖေနေတတ် အမေလဲကျေနပ်အောင်
သားတို့ တတ်နိုင်သမျှကြိုးစားရင်း
အဖေ့အုတ်ဂူနား နောက်ထပ်အုတ်ဂူတစ်ခုတိုးခဲ့ပြီ
အဲဒါ.. အမေ့အုတ်ဂူဘဲ....အဖေ။

တကယ်လို့များ.....
ဆုတောင်းလို့ ရကြစတမ်းဆိုရင်
တစ်ခုတည်းသောဆုကို သားတောင်းပါတယ်။

ရောက်ရာဘ၀ ဖြစ်ရာဘ၀မှာ
အဖေနှင့်အမေဟာ
သားရဲ့ အဖေနှင့်အမေဘဲ ပြန်ဖြစ်လာကြပါစေသား။

(ကွယ်လွန်သူ ဖခင်ကြီး ဦးကျော်လှိုင်အား ဦးညွတ်လျက်)

.....

Friday 19 June 2009

ရွတ်ဖတ်ပါကြ သုတ်မောရ


ရာဟုအသူရိန်
အကြိမ်ကြိမ်လှည့်ပတ်
နေကြတ်လကြတ်။


မုဆိုးကျော့ကွင်းကို
သားကောင်ဆင်းတိုးတော့
မုဆိုးဝမ်းမြောက်
သားကောင်ကြောက်
ထောင်ချောက် ထောင်ချောက်။


ဈာန်ရ ရဟန်း
ကောင်းကင်ပျံသန်းစဉ်
ညှို့မျက်ဝန်း မဒီကညာ
ဝတ်ရုံလွှာ ပြေအကျမှာ
မြေခဈာန်လျော
သို့လော သို့လော။


တာနောအကြိုက်
သမ္ဘူ မလိုက်ခဲ့ပေမဲ့
သောတ္ထိငမိုက်
သူ မကြိုက် သူ မကြိုက်။


ယထာဝါဒီ တထာကာရီ
အပြောညီမှ သဘောအတည်ဖြစ်မယ်
ဒါကြောင့်
မလုပ်မပြော လုပ်မှပြော
မောရသုတ်လေး ရွတ်ဖို့သင့်ပြီ။


မှတ်ချက်။
ဤကဗျာဖြင့် ဂုဏ်ပြုထိုက်သူအား ဂုဏ်ပြုပါ၏။ ။

..........

Monday 15 June 2009

ဝန္ဒာမိ


သက်ထားပျို
ရှက်အားပို
ဖက်ထားလို။

ချစ်မိရင်
အပြစ်မထင်
အသစ်မခင်။

အသက်ကလေးက
အမျက်လေးရှ
တစ်သက်ဆွေးရ။

အပြုံးသက်သေ
အမုန်းမျက်ရည်
အရှုံးခက်ချေ။

လွန်တာရှိ
မှန်စွာသိ
ဝန္ဒာမိ။ ။

....

Sunday 14 June 2009

ခွင့်လွတ်ပါ အဖေ (အဖေများနေ့အမှတ်တရ)

ဟုတ်သားဘဲ။
ဒီနေ့ အဖေများနေ့။ သတိရနေပေမဲ့ သတိမေ့သလို ဖြစ်နေခဲ့တယ်။ စီဘောက်ထဲ ကိုရီနိုမာန်လာရောက်သတိပေးမှဘဲ အော်... ဟုတ်ပေသားဘဲ၊ ဒီနေ့ဟာ အဖေများနေ့ပါလားလို့ အသက်ဝင်လာခဲ့မိတယ်။

အမှန်ဆို ကျနော်လဲ အများတကာလိုပါဘဲ။ အမေကို ပိုချစ်တဲ့သူပါ။ အမေဟာ ကျနော့်ဘ၀ဆိုရင် မမှားပါဘူး။ ဘ၀ကို အမေနှင့်ဖြတ်သန်းခဲ့ရတာ များခဲ့တာကိုး။
အဖေက ကျနော့်အသက် ၇ နှစ်အရွယ်ကထဲက ဆုံးပါးသွားလေတော့ အဖေဟာ ဖြူလားမဲလားတောင် ကောင်းကောင်းမသိလိုက်ရပါဘူး။

ကျနော့်ကို သဘာဝတရားက အဖေနှင့်နေခွင့် ၇ နှစ်ဘဲ ပေးခဲ့တာပါ။ ဒါပေမဲ့ အဲဒီ ၇ နှစ်ဟာ ကြည်နူးမှုတွေဖြစ်ခဲ့ကြလားဆိုရင်... ကျနော် ဘယ်လို ဖြေရမှန်းတောင် မသိတော့ပါဘူး။ ကျနော်မှတ်မိစ အရွယ်မှာ အဖေက ကျနော်ထွားကျိုင်းလာတာကို ကြည့်ဖို့ အမြင်စွမ်းအား မရှိရှာတော့ဘူးလေ။
ဆီးချိုရောဂါနှင့် မျက်စိနှစ်ကွင်းလုံး အလင်းမရတော့တာပါ။

အဖေဟာ သားသမီးဇနီးတွေအပေါ် မေတ္တာအပြည့်အ၀ရှိခဲ့ပေမဲ့ သူ့ရဲ့ မေတ္တာတရားတွေကို ရဲရဲရင့်ရင့် ဖော်ပြမသွားခဲ့ရှာပါဘူး။ ဖော်ပြနိုင်စွမ်းမရှိခဲ့တာလဲ ပါမှာပေါ့လေ။ သားသမီးတွေကိုယ်တိုင်ကလဲ မေတ္တာတရားကို တစ်လွဲပေတံနဲ့ တိုင်းတာတတ်ကြလေတော့ သားသမီးတွေရဲ့  အမြင်မှာတော့ အဖေ့မေတ္တာဟာ အမေ့မေတ္တာအောက် စုန်းစုန်းမြုပ်သွားခဲ့ရရှာပါတယ်။

မေတ္တာတရားကို မုန့်ဖိုးများများပေးတာနဲ့ တိုင်းတာမလား။ အ၀တ်အစားဆင်ပေးတာနဲ့ တိုင်းတာမလား။ အစားအသောက် များများကျွေးတာနဲ့တိုင်းတာမလား။ အလိုလိုက် အကြိုက်ဆောင်တာနဲ့ တိုင်းတာမလား။
အဲဒီလို တိုင်းတာနေမယ်ဆိုရင် အဲဒီပေတံဟာ လုံးဝဥဿုံမှားယွင်းသွားပြီသာ မှတ်ပေတော့။

ဒါပေမဲ့ ကျနော်တို့ အဲဒီလိုဘဲ တိုင်းတာခဲ့ကြတယ်။ အဖေဟာ လူမမာ မျက်မမြင်။ ကျနော်တို့ကို ဘာမှမလုပ်ပေးနိုင်ဘူး။ ခိုင်းဖို့ဘဲတတ်တယ်။ ဆဲဆိုငေါက်ငမ်းဖို့လောက်ဘဲ သိတယ်။ အမေ့လို မုန့်ဖိုးမပေးဘူး။ ကျန်တာတွေဝယ်မပေးဘူး။ ထမင်းမကျွေးဘူး။ ဒါကြောင့် အဖေ့ကို အမေ့လောက် မချစ်ဘူး။
အဲဒီလို ကျနော်တို့ ကောက်ချက်ချခဲ့မိကြတယ်။

အဖေ့မှာ ကျနော်တို့ကို ချစ်တဲ့ အချစ်တွေ ပြည့်နှက်နေခဲ့တယ်ဆိုတာ ကျနော်တို့ နားမလည်ခဲ့ကြဘူး။ အလွန်ဝမ်းနည်းမိပါတယ်။ ပြည့်ဝတဲ့အဖေ့မေတ္တာဟာ ကျနော်တို့ ရင်ထဲ ပျော်ဝင်မနေခဲ့ပါဘူး။ ကျနော်တို့ဘ၀ပြဇာတ်မှာ အမေသာ ဇာတ်လိုက်ဖြစ်ခဲ့ပြီး အဖေကတော့ အရံသမားသက်သက်သာဖြစ်ခဲ့တယ်။ အရံသမားလို့ သဘောထားခံရတဲ့အတွက်လဲ အဖေဟာ အလွန်သနားစရာကောင်းသွားပါတယ်။

အမေဆုံးပြီးတစ်နှစ်ပြည့်တဲ့အချိန်မှာ အမေ့နှစ်ပတ်လည် အလှူကို ကျနော်လုပ်ပါတယ်။ ဒါပေမဲ့ အဖေ့ကို လုံးဝ သတိမရခဲ့ပါဘူး။ နောက်ပြီး နှစ်စဉ်နှစ်ပတ်လည်လုပ်တဲ့အခါမှာ အမေဘက်က ဆွေမျိုးတွေက လာပြောပါတယ်။ အမေအတွက်ချည်း ကုသိုလ်ပြုလုပ်ပေးနေရင် အဖေဘက်က ဆွေမျိုးတွေတစ်မျိုးထင်နေဦးမယ်တဲ့။ အဲဒီလောက်အထိ အဖေ့ကို မေ့နေခဲ့တာပါ။ အခုဆိုရင် နှစ်စဉ်မိဘနှစ်ပါးကို ရည်စူးပြီး ကုသိုလ်လုပ်တာ ရှစ်နှစ်တိတိရှိခဲ့ပါပြီ။

ဇာတ်လိုက်ဖြစ်ချင်ပေမဲ့လဲ ဘ၀ဇာတ်ခုံမှာ မျက်မမြင်အတွက် နေရာသိပ်မရှိခဲ့လေတော့ အဖေ့ဘ၀က ရင်နာစရာပါ။
ရင်နာပေမဲ့လဲ သားသမီးဇနီးတွေရဲ့ ရှေ့ ရေးကို အဖေလုံးဝ မမေ့ခဲ့ပါဘူး။ ကျနော်တို့ဘ၀ ရပ်တည်နိုင်အောင် သူတတ်နိုင်သလောက် လုပ်ပေးထားခဲ့ပါတယ်။

အဖေ့ကို အမေ့လောက် မချစ်မိတာ ခွင့်လွတ်ပါလို့ဘဲ တမလွန်က အဖေကို ကျနော်တောင်းပန်ချင်မိပါတော့တယ်။

"ခွင့်လွတ်ပါ... အဖေ... အဖေ့ကို အမေ့လောက် မချစ်ပေမဲ့
အဖေ့ရဲ့  တုမနှိုင်းနိုင်တဲ့ ဖခင်မေတ္တာစစ်စစ်ကိုတော့ သားဦးထိပ်ပန်ဆင်ထားပါ့မယ်"

မှတ်ချက်။
အဖေများနေ့ဟာ နှစ်စဉ် ဇွန်လ တတိယပတ် တနင်္ဂနွေမှာ ကျရောက်ပါတယ်။ ကိုရီနိုမာန် ကြိုတင်အသိပေးတာကို ကျေးဇူးတင်ပါတယ်။ တစ်ပတ်စောပြီး အမှတ်မှား အသိပေးပေမဲ့ ကျနော် တကယ်ကို ကျေးဇူးတင်ပါတယ်။ အမှန်ဆို ဒီနေ့ဟာ အဖေများနေ့ မဟုတ်သေးပါဘူး။ လာမဲ့ ၂၁ ရက်နေ့မှ အဖေများနေ့ပါ။
ကျနော်ကိုယ်တိုင်လဲ ဒီနေ့ကို အဖေများနေ့လို့ မှတ်ထင်ပြီး ဒီပို့စ်လေးကို ရေးလိုက်တာပါ။ ဘာဘဲဖြစ်ဖြစ် ကျနော်ကတော့ ဒီပို့စ်လေးနဲ့ဘဲ အဖေများနေ့ကို ကြိုတင်ဂုဏ်ပြုလိုက်ပါတယ်။

.....

ချစ်မျက်ပြေ

ချစ်သူ
ကမ္ဘာပျက်လောက်တဲ့ ရန်ကို မကြောက်ပေမဲ့
ချစ်သူကို ပစ်ရလောက်အောင်တော့ ကို သတ္တိမရှိသေးပါဘူး။

ချစ်သူ
ချစ်သူအတွက် ဘ၀ကို စွန့်လွတ်နိုင်ပေမဲ့
ချစ်သူကို စွန့်လောက်ရအောင်တော့ ကို မမိုက်သေးပါဘူး။

ချစ်သူ
သန်းပေါင်း ၆ ထောင်ကျော် ကမ္ဘာ့လူထုတွေရဲ့ 
မုန်းတီးမှုကို ကို ရဲရဲရင့်ရင့် ခံယူရဲပါတယ်
ဒါပေမဲ့
ချစ်သူ့ဥပေက္ခာကိုတော့ ကို မခံယူပါရစေနဲ့။

ချစ်သူ
ကို့ရဲ့ စကားလုံးတွေက
ချစ်သူကို
အပြုံးတွေဘဲပေးချင်တဲ့
ချစ်တဲ့ အချစ်စကားလုံးတွေရယ်ပါ
အမုန်းတွေ တစ်စက်မှမပါပါဘူး။

ချစ်သူ
ချစ်သူရဲ့ အချစ်က
ကို့ကို အင်အားဖြစ်စေသလို
ကို့ရဲ့ အချစ်တွေကလဲ
ချစ်သူအတွက်
အာယုဒီဃအားဆေးဖြစ်စေချင်တယ်။

ချစ်သူ
မုန်းဖို့စကားတွေ လာမပြောပါနဲ့
အိပ်မက်ထဲမှာ လမ်းခွဲရတာတောင်
မျက်ရည်စစ်တွေ အကြိမ်ကြိမ်ကျခဲ့ဖူးလို့ပါ။

ချစ်သူ
အချစ်တွေမပြိုင်ချင်ပါဘူး
ပြိုင်တယ်ဆိုတာ
အနိုင်အရှုံးလိုချင်သူတွေအတွက်
လက်နက်တစ်မျိုးဘဲ မဟုတ်လား
ကို့အချစ်တွေက
ကြည်နူးမှု ရေစင်သက်သက်လေးရယ်ပါ။

ချစ်သူ
ချစ်သူရဲ့  ချစ်တတ်တဲ့ အချစ်ကို
ကိုက
ချစ်မြတ်နိုးစွာ
တန်ဖိုးထားနေလျှက်ပါ။

ချစ်သူ
ချစ်သူ့အမျက်က
ဓါးထက်ထက်နဲ့ မွှေလိုက်သလို
အခက်ပွေစေလှပါတယ်
သက်သေပမာ မျက်ရည်စီးကျသမို့
ကို့ကို အမျက်တော် ပြေပေးပါလား။

....

Wednesday 10 June 2009

ပေါင်မုန့်ကြွက်သား စားကြမလား


ကြားဖူးကြမှာပါ။
ပုံပြင်ခပ်ဆင်ဆင်လေးတွေကိုပေါ့။ ကျနော်လဲ အလားတူ ကြားခဲ့ဖူးပြီးသားပါ။
တစ်ခြားတော့မဟုတ်ပါဘူး။ အဖွဲ့အစည်းခပ်ကြီးကြီးတစ်ခုမှာ အစားအသောက်ပါ တာဝန်ယူရရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာလေးတစ်ခုပါ။

အထူးသဖြင့် ဟင်းချက်စီမံရတဲ့အခါမှာ အသား(သို့)အသီးအရွက် ကီလိုပေါင်းများစွာ ချက်ပြုတ်ရတဲ့အတွက် ကာလကြာရှည်လာတာနဲ့အမျှ ဖြစ်ပျက်တတ်တဲ့ကိစ္စလေးပါဘဲ။

ဥပမာ။
မနက်စောစော ကျွေးမွေးရမဲ့ မနက်စာ စားသောက်ပွဲကြီးအတွက် ညပိုင်းကတည်းက အသီးအရွက် စတဲ့ဟင်းလျာတွေကို စီမံထားကြရပါတယ်။ မနက်ခပ်စောစောထပြီး ချက်ပြုတ်တဲ့အခါ လွယ်ကူအောင်ပေါ့။
အသီးအရွက်တွေက အရမ်းများတဲ့အတွက် ဇလားကြီးထဲ (သို့) ခြင်းတွေထဲမှာ ထည့်ပြီးသိမ်းထားလေ့ရှိကြပါတယ်။ ပြီးရင် စိတ်ချလက်ချ အိပ်ပြီပေါ့။

ဒီမှာတင်ပြဿနာတက်တော့တာပါဘဲ။ ကိုယ်ဝန်နေ့စေ့လစေ့ ခွေးမကြီးတစ်ကောင်က မွေးဖို့နေရာရှာရင်း လွယ်လင့်တကူ အသီးအရွက်ထည့်ထားတဲ့ ခြင်းထဲ ၀င်မွေးလိုက်တယ်။ မနက်ခပ်စောစောရောက်တော့ ခွေးမကြီးက အလေးအပေါ့သွားဖို့ ခဏအပြင်ထွက် ဟင်းချက်တဲ့သူတွေကလဲ ရောက်လာ၊ အိပ်ချင်မူးတူးနဲ့ ရေနွေးပွက်ပွက်ဆူတည်ပြီး ဟင်းသီးဟင်းရွက်ခြင်းအလိုက် ဟင်းချိုအိုးထဲသွန်ချပြီး ချက်ပြုတ်လိုက်တော့ အရသာထူးတဲ့ ဟင်းချိုဟင်း ဖြစ်သွားတော့တာပေါ့ဗျာ။ မြေမကျခွေးဟင်းချိုပေါ့။

ကြားဖူးတာပါ။ လက်တွေ့တော့ မကြုံဖူးပါဘူး။ အဖွဲ့အစည်းခပ်ကြီးကြီးမှာ နေကြတဲ့သူတွေ အတော်များများ သူတို့ကိုယ်တိုင်ဖြစ်ပျက်ခဲ့သလို ပြောလေ့ပြောထရှိတဲ့ ပုံပြင်လေးတစ်ပုဒ်ပါဘဲ။
....

အခု အင်္ဂလန်မှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်ကတော့ ပုံပြင်မဟုတ်ဘူးဗျို့ ။ လက်တွေ့။ လက်တွေ့မှ အင်တာနက်ထဲတောင် ပါလာရတဲ့အထိ လက်တွေ့ကျနေတာ။

အနောက်တိုင်းက လူတွေအတွက် ပေါင်မုန့်က မိန်းအစားအစာပါဘဲ။ ဒါကြောင့်လဲ အချစ်နှင့်ပေါင်မုန့်ဟာ သူတို့အတွက် အရေးအကြီးဆုံးလို့ ဆိုထားခဲ့ကြဟန်တူပါရဲ့ ။

လူတစ်ယောက်က ပေါင်မုန့်ထွက်ဝယ်တယ်။ စူပါမားကက်တစ်ခုမှာ ၀ယ်လိုက်တာပါ။ အိမ်ပြန်ရောက်ပြီး ပေါင်မုန့်ကို သေချာသိမ်းဆည်းထားလိုက်ပါတယ်။

နောက် စားဖို့ ပေါင်မုန့်ထုပ်ကို ဖောက်ကြည့်လိုက်တဲ့အခါမှာတော့ ကြွက်သေကောင်လေးတစ်ခု ပေါင်မုန့်အောက်ခြေမှာ ကပ်ဝင်နေတာ တွေ့လိုက်ရပါသတဲ့။ ကြွက်သားပေါင်မုန့်ပေါ့ဗျာ။ သူက ထိတ်လန့်ပြီး ဟိုဖွဒီဖွ ဖွလိုက်တယ်။ လူ့အခွင့်အရေးရှိတဲ့ နိုင်ငံဆိုတော့ ပေါင်မုန့်ထုတ်လုပ်တဲ့ ကုမ္ပဏီဟာ ဒဏ်ရိုက်ခံလိုက်ပါတယ်။ ပေါင်ငွေတစ်ထောင်နှင့်ဈေးကွက်ထဲစိတ်မချရတဲ့ကုန်ပစ္စည်းရောင်းချမှုအတွက် တရားစီရင်စရိတ် ပေါင်းပေးစေ ပေါ့။

ပေါင်မုန့်ထုတ်လုပ်တဲ့ကုမ္ပဏီကတော့ D Hyndman and Son Ltd, Maghera တဲ့။

ကြွက်သားပေါင်မုန့်လေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီမှာ ဆက်ဖတ်ပါ။

......

အမေသို့ပေးစာ (၅)

အမေ
သံသရာဆိုတာ တကယ်ရှိသလား
သားကတော့
သံသရာဆိုတဲ့အသိ နှိပ်စက်လို့
ထိပ်ကွက်လာတာကိုတောင် လျစ်လျူရှုနေမိခဲ့တယ်။


အမေ
ဥတုသုံးလီလုံး
ထစ်ခြုန်းပြီး မိုးသည်းထန်စွာ ရွာသွန်းနေရင်
သားရဲ့  ကောက်ပင်နုနုလေးတွေ ပျက်စီးကုန်မှာစိုးမိတယ်
ဒါကြောင့်
သား ၀ရဇိန်မိုးကြိုးဖြစ်ချင်တယ်။


အမေ
ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုတဲ့စကားက
သားရဲ့  တက်ကြွမှုတွေကို နှေးကွေးစေသလိုပါဘဲ
အမှန်ဆို
နျူတန်ရဲ့  နိယာမတွေ
ရေစီးကမ်းပြို မလိုက်စေချင်တာ
သားရဲ့  အဇ္ဈတ္တမီးအိမ်လေးပါ။


အမေ
ဖြစ်နိုင်ရင်
မနက်ခင်းပေါင်းများစွာရဲ့ 
တောက်ပနေတဲ့
မျက်လုံးစိမ်းစိမ်းကြီးတွေကို
အရဟတ္တမဂ် ခပ်ထက်ထက်နဲ့
သားခြေဖျက်ပစ်လိုက်ချင်တယ်။


အမေ
မုဟုတ္တဘ၀လေးထဲမှာ
အပုပ်ချစရာတွေ မအံထုတ်ချင်ပါဘူး
ဒုက္ခဆိုတဲ့စကားကို
နှုတ်က သက်သက်ထွက်ခဲ့တာ မဟုတ်ကြဘူးဆိုရင်
ရုပ်ဘ၀ နာမ်ခဏလေးတွေ
အမှန်လှပနေမယ်ဆိုတာ သားယုံကြည်တယ်။


အမေ
စီးနင်းရင်းလှော်ခတ်၊ လှော်ခတ်ရင်း စီး
ဘယ်ခရီး ဘယ်သွား
ဘယ်မှာ အပြီးနားရမယ်ဆိုတာ
သားဘယ်လို သိနိုင်ပါ့မလဲ။


အမေ
သားအတွက် မပူပန်ပါနဲ့
အယူသန်ပေမဲ့ အယူခံမ၀င်ချင်သေးပါဘူး
ဥပေက္ခာအပိုင်းအစလေးတွေကို
တံဆိပ်ခေါင်းစုသလို ထုပ်ပိုးပြီး
ဟုတ်နိုးနိုးဘ၀လေးမှာ
သား.. အဟုတ်ကြိုးစားနေမှာပါ။
စိတ်ချပါ အမေ။ ။

.....

Monday 8 June 2009

အမေသို့ပေးစာ (၄)

အမေ
သားတို့လို
ဝေလေလေဘ၀နဲ့ ရှင်သန်နေရတာထက်
အမေ့လို
အမွန်မြတ်ဆုံးသေခြင်းနဲ့
တမလွန်မှာ
ပျော်ရွှင်နေရတာဘဲ ကောင်းပါတယ် အမေ။


မြို့ပြရဲ့  မိုးမျှော်တိုက်ကြီးတွေကို
သား လုံးဝအားမကျပါဘူး
သူတို့က
နေကာမျက်မှန်ထူထူကြီး တပ်ထားကြတယ် အမေ။


ကိုယ့်အပေါ်ဖီလင်မရှိတဲ့သူတွေ
ကိုယ်ကဖီလင်မရှိတဲ့သူတွေ
ဓါးပါးပါးပေါ်က ပျားရည်စက်အပြုံးတွေနဲ့
တစ်နေ့လုံး
ငရဲကျနေသလိုပါဘဲ အမေ။


မြို့မှာနေခဲ့တဲ့ သက်တမ်းကိုနှုတ်ပြီး
အသက်ထပ်ငယ်သွားမယ်ဆိုရင်
မြို့ကြီးသားတွေရဲ့  အတတ်ပညာတွေ အသိပညာတွေ
အားလုံးကို
သား ပြန်အမ်းလိုက်ချင်ပါတယ် အမေ။


ခေတ်ပညာတွေ များစွာလွှမ်းခြုံထားပေမဲ့
အားမနာတမ်းပြောရရင်
အပြုံးတုတွေ အမုန်းတုတွေ အချစ်တုတွေနဲ့
ထုဆစ်ခံထားရတဲ့ မနုဿတွေအားလုံး
ဒဏ်ရာ အတုတွေနဲ့
ကျေနပ်မှုနောက် လိုက်နေကြတယ် အမေ။


အက်ရှရှ ရယ်မောသံရဲ့ နောက်မှာ
ခပ်ညစ်ညစ် အယူအဆတွေပါလာတတ်တယ်ဆိုတာ
အထူးသင်ယူစရာမလိုဘဲ
သား တတ်မြောက်နားလည်ခဲ့ပြီ အမေ။


နောက်ဆုံးတော့
အမေ့ရင်ခွင် အမေ့ရိပ်မြုံ
အမေ့ရဲ့  ဘုံနန်း အမေ့ရဲ့  ရပ်ဝန်း
အမေ့အရပ်ဒေသနှင့်အမေကိုယ်တိုင် ကပြခဲ့တဲ့
ဘ၀ပြဇာတ်စစ်စစ်ကလေးတွေသာ
ပျော်ရွှင်ကြည်နူးဖွယ်ဖြစ်ပါတော့တယ် အမေ။ ။


07amayayee.mp3 -

....

Sunday 7 June 2009

ပဋိပက္ခ

ဗီလုံးငှက် သိမ်းငှက်
ဘယ်ငှက်ဖြစ်ဖြစ်
ပိုင်နက်ဆိုတာ ရှိကြတယ်။

ကောင်းကင်အမြင့်မှာ
လာမရင့်နဲ့
ကျိန်စာသင့်သွားမယ်
အဲဒါ သိမ်းငှက်နယ်မြေ။

မြေကွက်ယာကွက်
ပတ်ကြားအက်လေးတွေထဲမှာ
စစ်ရေးလာမဆိုနဲ့
အသက်ပေးဆပ်ရလိမ့်မယ်
အဲဒါ ဗီလုံးငှက် ပိုင်နက်။

ပဋိပက္ခဆိုတာ
အဲဒီ ပိုင်နက်တွေက စတာပေါ့။

သူ့ပိုင်နက် ကိုယ့်ပိုင်နက်
ပြိုင်တူဖက်တွယ်ကြရင်း
အမှားမကင်းကြတဲ့ ပြိုင်ဘက်တွေ
ပိုင်နက်ကို ကျူးကျော်မိကြတဲ့အခါ။

အဲဒါ...
ပဋိပက္ခဘဲပေါ့။ ။

...