Wednesday 31 December 2008

ထမင်းစားဖို့မေ့သွားခြင်း

ပန်းတစ်ပွင့်ရဲ့ လုံခြုံရေးအတွက်
ဆူးတံတိုင်းတွေကာရံထားတာဆိုရင်
သဲတရှပ်ရှပ်နဲ့ အသားတုံးလေး
လုံခြုံရေးအတွက်ပေဘဲလား။

အလင်းဓါတ်များများမြင်နိုင်အောင်
အိပ်စက်အနားယူပြီး မျက်လုံးမှိတ်ထားရတာဆိုရင်
လကွယ်ညရဲ့  မှောင်နက်မဲမဲတွေဟာ
အလင်းများများပေးနိုင်ဖို့
လမင်းရဲ့  အိပ်စက်အနားယူခြင်းဘဲလား။

ခဲလုံးလေး ရေကန်ထဲ ပစ်ချလိုက်တဲ့အခါ
ရေပြင်ကျယ်လေး နာကျင်လို့ တွန့်လိမ်သွားတာဆိုရင်
ကွမ်းယာကို ၀ါးရင်း အနီရောင်တွေ ထွက်လာတာဟာ
ဒဏ်ရာကြောင့်ကျတဲ့ သွေးတွေများလား။

ကြေးစည်ကို ထုလိုက်တဲ့အခါ
ကျယ်လောင်စွာ မြည်ဟီးသံဟာ မူးဝေသွားလို့ဆိုရင်
လေပြင်းလေးဝှေ့အတိုက်မှာ သစ်ပင်တွေရဲ့ တရှဲရှဲအော်သံဟာ
ယားကျိကျိဖြစ်လို့ ရယ်မောနေတာများလား။

တစ်ယောက်ထဲ ငုတ်တုတ်ထိုင်
မစပ်မဆိုင် စဉ်းစားရင်း
ထမင်းစားဖို့မေ့သွားခဲ့တယ်။



Tuesday 30 December 2008

Usage of English 9 (အင်္ဂလိပ်စာအသုံးအနှုန်း ၉)

"တစ်စတစ်စ၊ စွန့်ဝံ့မှလျှင်၊ ဘ၀နောက်နှောင်း၊ ဆက်တိုင်းကောင်း၏"
အပျော်အပါးတွေကို တစ်စတစ်စွန့်ပြီး ပိုလာတဲ့အချိန်လေးတွေကို အင်္ဂလိပ်စာအတွက် အသုံးချလိုက်ရင်
အနာဂါတ်ဘ၀အတွက် တစ်နည်းနည်းနဲ့တော့ အထောက်အကူပြုလာမှာပါ။

လေ့ကျင့်လိုက်ကြရအောင်လား
......................................



*If you'll just bear with me for a moment, I'll find you a copy of the drawings.

မင်းခဏလောက်သည်းခံနိုင်ရင် ငါမင်းကို ပုံတူ ရှာပေးမယ်။

*She was brought up by her grandmother.
သူမကို သူမရဲ့ အဘွားက မွေးမြူခဲ့တယ်။

*Leaving aside the question of cost, how many people do we need on the job?
တန်ဖိုး(အကုန်အကျ)အကြောင်းအသာထားပြီး ဘယ်နှစ်ယောက် အလုပ်မှာ လိုအပ်သလဲ။

*The woman alleges that her employer passed her over for promotion because she was pregnant.
ဒီအမျိုးသမီးက သူမကိုယ်ဝန်ရှိလို့ အလုပ်ရှင်က သူမကို ရာထူးမတက်ပေးတာဆိုပြီး စောဒကတက်တယ်။

*We were ordered to hand over our passports.
ငါတို့ရဲ့  နိုင်ငံကူးလက်မှတ်ကို လှမ်းပေးဖို့ ငါတို့ကို အမိန့်ပေးတယ်။

*If you'll hold the line a moment, I'll hand you over to someone who might be able to help.
(ဖုန်း)ခဏလေးကိုင်ထားရင် ငါ မင်းကိုကူညီနိုင်မဲ့သူကို လွှဲပြောင်းပေးလိုက်မယ်။

*Who turned the TV on?
တီဗီကို ဘယ်သူဖွင့်ထားတာလဲ။

*Turn off the light.
(လျပ်စစ်)မီးကို ပိတ်လိုက်ပါ။

*Please turn the bowl over.
ခွက်ကို လှန်လိုက်ပါ။

*This programme's boring- Shall I turn over to BBC?
ဒီအစီအစဉ်က ပျင်းစရာကောင်းတယ်။ ငါ ဘီဘီကို ပြောင်းလိုက်မယ်နော်။

*I asked him to turn down the heating.
ငါသူ့ကို အပူပေးစက် (ဒီဂရီ)လျော့ဖို့ပြောလိုက်တယ်။

*Turn the sound up- I cann't hear what they are saying.
အသံကို တင်လိုက်ပါ။ ငါသူတို့ပြောနေတာ မကြားရဘူး။

*Switch the TV on.
တီဗီကို ဖွင့်လိုက်ပါ။

*Switch the TV off.
တီဗီကို ပိတ်လိုက်ပါ။

*Every now and again/then, they'll have a beer together.
အခါအားလျော်စွာ သူတို့ ဘီယာ သောက်ကြလိမ့်မယ်။

*Education should be relevant to the child's needs.
ပညာရေးဟာ ကလေးတွေရဲ့ လိုအပ်ချက်နဲ့ ဆက်နွယ်နေသင့်တယ်။

*She has an impressive command of the English language.
သူမဟာ အင်္ဂလိပ်စာ အရမ်းတော်တယ်။


မီးနင်းများ
----------
bear with
=သည်းခံသည်။
bring up=မွေးမြူသည်။
leave aside=ချန်ထားသည်။
pass over=ဂရုမစိုက်ဘဲနေသည်။ ကျော်သွားသည်။
hand over=လက်ဆင့်ကမ်းသည်။ လွှဲပြောင်းပေးသည်။
turn on=ဖွင့်သည်။
turn off=ပိတ်သည်။
turn over=လှန်သည်။ ပြောင်းသည်။
turn down= (အသံ အပူစသည်) လျော့ချသည်။ ပယ်ချသည်။
turn up=(အသံ အပူစသည်) တင်သည်။
switch on=(ခလုပ်)ဖွင့်သည်။
switch off=(ခလုပ်)ပိတ်သည်။
every now and again/then=အခါအားလျော်စွာ။
relevant to=ဆက်နွယ်သော။ဆီလျော်သော။
command of=စွမ်းရည်။ ကျွမ်းကျင်မှု။

အနတ္တရှာပုံတော်

ဒုက္ခကို ရေလုံပြုတ်သောက်ပြီး
သုခတွေကို ချောင်ထိုး
မရိုးနိုင်တဲ့ အတ္တတွေနဲ့
အနိစ္စတရားကို သုတေသနပြုနေမိခဲ့တယ်။

အသုဘကို သုဘရာဇာတွေ
လောင်တိုက်သွင်းခိုက်
သုဘတရားတွေက
လောကအပြင်ဘက် ပြေးထွက်သွားကြတယ်။

ဥပေက္ခာဝတ်ရုံလွှာကို ခြုံပြီး
မေတ္တာတရားကို ဒေါသဆီပူအိုးထဲ ထိုးထည့်
ငဲ့ကွက်စရာ ကရုဏာမျက်ဝန်းတစ်စုံက မဟာဒုက်အသွင်ဆောင်လေတော့
သူများအောင်မြင်ရင် ပျော်ရွှင်တတ်တဲ့ မုဒိတာလေး
ဟိုး အဝေးတစ်နေရာမှာ
ဆွေးလို့ ဆွေးလို့။

နိစ္စပဉ္စလက်နောက် လိုက်ကစားရင်း
ဒဏ္ဍာရီတွေေ၀၀ါးနေခိုက်မှာ
အလမ္ပါယ်ဆရာရဲ့  လှည့်ကွက်အောက်က မြွေဟောက်လို
အတ္တတွေတစ်ဖွားဖွား မွေးထုတ်ရင်း
အနတ္တတရားကို ရှာဖွေထွက်ခဲ့တယ်။


Monday 29 December 2008

ဖာထေးရာများနဲ့ တမ်းတခြင်း

ကန္တာရထဲ ပေါက်ရောက်ရှင်သန်နေတဲ့
ထိကရုံးပင်လေးတစ်ပင်ဟာ
ရွှေနန်းဥယျာဉ်ထဲ ပွင့်နေတဲ့
တော်ဝင်ပန်းတွေထက် အသုံးဝင်တယ်။

ဝတိံထက်ဖျားက နတ်ရေကန်ထက်
အပူပိုင်းဒေသက ရေတွင်းငယ်လေးက
အဆတစ်ရာ တန်ဖိုးရှိတယ်။

ဘီလျံနာတွေ သန်းပေါင်းများစွာ အရှုံးပေါ်တာဟာ
ငါတို့ ငါးပြားစေ့တစ်စေ့ပျောက်သလောက်
ကြေကွဲစရာမကောင်းဘူး။

ခြစ်ခြစ်တောက်ပူလောင်နေတဲ့
လွင်ပြင်ကြီးထဲလျောက်သွားရင်း
ရေငတ်ပြီး မေ့မျောသွားတဲ့သူတွေထက်
ပင်လယ်ပြင်ထဲ သင်္ဘောပျက်ပြီး
ရေရှာမရတဲ့ ဒုက္ခက ပိုကြီးမားတယ်။

ဓူဝံကြယ်ကို ဆွတ်ခူးလို့ မရနိုင်မှန်း သိပေမဲ့
ပိုးစုန်းကြူးအလင်းရောင်လေးကိုတော့
ကျနော် တမ်းတနေမိခဲ့တယ်။


သမိုင်းကောင်း

ခဲဖျက်တုံးလေးက
မည်းမည်းညစ်ညစ် ခဲခြစ်ရာတွေကိုဖျက်ရင်း
သူကိုယ်တိုင် မည်းညစ်စွာ စုပ်ပြတ်သွားခဲ့ရတယ်။

ဖယောင်းတိုင်လေးက
လောကကြီးကို အလင်းရောင်ပေးရင်း
သူကိုယ်တိုင် အရည်ပျော်ပြီး အမှောင်ထဲ ရောက်ခဲ့ရတယ်။

ဓါးသွေးကျောက်ကလေးက
ဓါးတွေကို မြိမြိထက်အောင် ကူညီဖေးမပေးရင်း
သူကိုယ်တိုင် လုံးပါး ပါးပြီး အကူအညီမဲ့နေခဲ့ရတယ်။

ပန်းပွင့်လေးတွေက
ရနံ့သင်းထုံစွာ လောကကို အလှဆင်ခဲ့ပေမဲ့
သူတို့ကိုယ်တိုင် ရနံ့မဲ့ ခြေစာမှုံ့လေး ဖြစ်ခဲ့ရတယ်။

ရေစင်ရေပေါက်ကလေးတွေက
အညစ်အကြေးတွေကို ဖယ်ထုတ်ရှင်းပစ်ရင်း
သူတို့ကိုယ်တိုင် အညစ်ကြေးဗွက်အိုင်လေးဖြစ်ခဲ့ရတယ်။

များစွာ...များစွာ.. များစွာ
အားနာ....အားနာတတ်ကြရင်
ခဲဖျက်တုံးကလေးအကြောင်း
ဖယောင်းတိုင်လေးအကြောင်း
ဓါးသွေးကျောက်ကလေးအကြောင်း
ပန်းပွင့်လေးတွေအကြောင်း
ရေစင်ရေပေါက်ကလေးတွေအကြောင်း
ဘယ်တော့မှ မဟောင်းနိုင်တဲ့
သမိုင်းကောင်းတစ်ခုအဖြစ် မှတ်တမ်းတင်သင့်တယ်။


အမှောင်ကိုဝတ်ဆင်ကြသူများ


အချစ်ကလေးရေ......

ကော်ဖီကောင်းတစ်ခွက်က
မျက်နှာပေါ်လောင်းချဖို့မဟုတ်ဘူး။

ယုန်တွေရေသောက်တဲ့နေ့က
တော်ပေါ်မှာ ပဒုမ္မာကြာပန်းတွေ ငွါးငွါးစွင့်စွင့်ပွင့်လို့။

ထုံးမပါတဲ့ကွမ်းယာကိုဝါးရင်း
ဆားမပါတဲ့ဟင်းအကြောင်းစဉ်းစားနေမိခဲ့တယ်။

ချစ်ကြည်နူးလို့ မျက်ရည်လည်ရင်း
မုန်းလို့ကျခဲ့တဲ့မျက်ရည်အကြောင်း ခေါင်းထဲပြည့်နေဆဲ။

ရယ်မောသံတွေကို မဟူရာညက ၀ါးစားနေခိုက်
ငိုရှိုက်သံတွေ မိုးရေထဲ စီးမျောနေလေရဲ့ ။

ဝံပုလွေတစ်ကောင်ရဲ့  မေတ္တာတေးသီချင်းက
ဖျံတစ်ကောင်အတွက် လွမ်းဆွတ်စေတယ်။

အချစ်ကလေးရေ.....
မင်းလေးသောက်သုံးနေတဲ့
မိုးရေအေးအေးတစ်စက်ဟာ
တိမ်မဲညိုတွေရဲ့  ကြေကွဲမှုကြောင့်ကျတဲ့
မျက်ရည်တွေဆိုရင်
ခေါင်းလောင်းထိုးသံကြားတိုင်း
သာဓုခေါ်နိုင်ပါ့မလား။ ။



Sunday 28 December 2008

ဒေါက်ဖိနပ်လေးဖက် နှင့် ဟူလီယာ နန်စီဆိုတဲ့ သူစိမ်းအမျိုးသမီးနှစ်ဦး (၄)

ကိုရင်မာနိတက ဆရာတော်ပစ်ပေးလိုက်တဲ့ အာမခံသော့တံကို ဖမ်းယူလိုက်ပြီး သေတ္တာဟောင်းကြီးကို ခတ်ထားတဲ့ အာမခံသော့ကို ဖွင့်လိုက်သည်။ ဖွင့်ခိုင်းလို့သာ ဖွင့်လိုက်ရသည်။ ဘာ့ကြောင့် ဆရာတော်က ဒီသေတ္တာဟောင်းကြီးကို ဖွင့်ခိုင်းမှန်း ကိုရင်ကျောင်းသားတွေ သဘောမပေါက်ကြ။

"ဆရာတော်... သေတ္တာရဲ့  အပေါ်ဆုံးမှာ အထုပ်ကြီးတစ်ထုပ်တွေ့တယ်ဘုရား။
စာစောင်အဟောင်းတွေနှင့်ထုပ်ထားတယ်"

ကိုရင်မာနိတက ဆရာတော်ကို လျောက်လိုက်သည်။

"အေးကွာ။ အဲဒီ အထုပ်ကြီးကို သေတ္တာအပြင်ဘက်ထုတ်ပြီး ဖြေကြည့်ကြစမ်းကွာ"

ကိုရင်မာနိတက အထုပ်ကြီးကို အပြင်ထုတ်လိုက်သည်။ ပြီးတော့ ကိုရင်ဝဇီရက ရစ်ပတ်ထုပ်ပိုးထားတဲ့ စာစောင်အဟောင်းတွေကို တစ်ထပ်ချင်း ဖြေလိုက်သည်။

""ဟာ... မိန်းမ ဖိနပ်တွေ""

ကိုရင် ကျောင်းသားတွေအားလုံး အံ့အားသင့်ပြီး ပြိုင်တူအော်ဟစ်လိုက်ကြသည်။

"အဲဒီ ဖိနပ်တွေကို တစ်ခုချင်းစီသေချာကြည့်ကြစမ်းကွာ"

ဆရာတော်စကားအဆုံးမှာ ကိုရင်ကျောင်းသားတွေ ဖိနပ်ကို တစ်ဖက်ချင်းစီ သေသေချာချာ လိုက်ကြည့်ကြသည်။

"ဒေါက်ဖိနပ်"
"လေးဖက်ကြီးများတောင်"
"ညိုပုပ်ပုပ်အရောင်"
"ဟောင်းနွမ်းနေပြီ"
"ဒီတစ်ခုက အစုပ်ဆုံး"

ကိုရင်ကျောင်းသားများ တစ်ယောက်တစ်ခွန်းစီ ပြောနေကြသည်။

"အေး အဲဒီ အစုပ်ဆုံးဖိနပ်ကို ကျကျနန စစ်ဆေးကြည့်ကြစမ်း"

အစုပ်ဆုံး အဟောင်းဆုံးဖိနပ်ကို ၀ိုင်းကြည့်လိုက်ကြသည်။

ဖိနပ်အောက်ခြေမှာ ပေါက်ပြဲနေပြီ။ အလည်တည့်တည့်မှာ အခေါင်းလေးဖြစ်နေတယ်။
တမင်သက်သက် အခေါင်းဖြစ်အောင်ဖောက်ထားတာများလား။ မှန်းစမ်း..... အခေါင်းထဲမှာ ဘာရှိပါလိမ့်။
ဟာ စာရွက်ခေါက်ကလေးပါလား။ ဆရာတော်...... ဆရာတော်.... စာရွက်ခေါက်ကလေး ဖိနပ်အောက်ခြေက အပေါက်ကလေးထဲမှာ တွေ့တယ်ဘုရား"

ကိုရင်မာနိတရဲ့ လျောက်ထားချက်အရ ဖိနပ်အောက်ခြေက အခေါင်းလေးထဲကို ဆရာတော် လှမ်းကြည့်လိုက်သည်။ စာရွက်ခေါက်သေးသေးလေးကို တွေ့ရသည်။
အခေါင်းကျဉ်းကျဉ်းလေးထဲ စာရွက်ခေါက်အလိပ်သေးသေးလေးကို သေချာ ထိုးထည့်ထားခြင်းဖြစ်၏။

"ကဲ ကဲ ကိုရင်တို့ မောင်ကျောင်းသားတို့ ... အဲဒီစာရွက်လိပ်ကလေးကို ဒီအတိုင်းဘဲ ထားလိုက်ကြပါကွာ။ အပြင်ကို မထုတ်လိုက်ကြပါနဲ့။
သူများလျှို့ ဝှက်ချက်တွေကို မစပ်စုတာဘဲ ကောင်းပါတယ်။

အဲဒီ ဖိနပ်လေးဖက်ကို ခုနက မောင်သောင်းဥာဏ်မြင်လိုက်တဲ့ မိန်းခလေးနှစ်ယောက် ငါ့ဆီမှာ ရောင်းထားခဲ့တာကွ။ အဲဒီဖိနပ်တွေ အားလုံးအတွက် ငါးထောင်ပေးလိုက်တယ်။ ဒါပေမဲ့ ဒီဖိနပ်တွေကို သူတို့ပြန်လာယူမယ်မဲ့ပုံ စကားပြောထားခဲ့သေးတယ်။ အဲဒီတော့ ဒီအတိုင်းဘဲ လုံလုံခြုံခြုံသိမ်းထားလိုက်ကြတာပေါ့။ ဘယ်သူ့ကိုမှတော့ လျောက်မပြောကြနဲ့ပေါ့ကွာ။ ကြားကြလား"

"တင်ပါ့ဘုရား"

ဖိနပ်တွေကို သေချာပြန်ထုပ် သေတ္တာထဲပြန်ထည့်ပြီး သော့ခတ်ထားလိုက်ကြသည်။

"ဆရာတော်.. ညတုန်းက တပည့်တော်မက်တဲ့ အိပ်မက်နဲ့ ဒီဖိနပ်လေးဖက်နှင့်ဆက်စပ်နေမလားမသိဘူးဘုရား"

ကိုရင်ဝဇီရရဲ့  ထူးဆန်းတဲ့စကားကြောင့် ဆရာတော် မျက်လုံးပြူးသွားသည်။

"ဟေ... ဆိုစမ်းပါဦး ကိုရင်ဝဇီရရဲ့ ။ ဘာတွေ အိပ်မက်မက်ခဲ့လို့လဲ"

"ညတုန်းက တပည့်တော် တရေးနိုးတော့ ည ၁ နာရီလောက်ရှိပြီ ဘုရား။ တပည့်တော် အပေါ့စွန့်ထပါတယ်။ လဆန်းပိုင်းဆိုတော့ လရောင်နဲနဲရှိပါတယ်ဘုရား။
ကုဋီအိမ်က အပြန်မှာ တပည့်တော်ရဲ့ ရှေ့ က ကြောင်နက်ကြီး တစ်ကောင်ဖြတ်ပြေးသွားတာကို တွေ့ခဲ့ရပါတယ်။
အပေါ့စွန့်ပြီး ပြန်အိပ်ဖို့ ကြိုးစားပေမဲ့ တပည့်တော် အိပ်လို့ ကောင်းကောင်းမရပါဘူးဘုရား။ ကြောင်နက်ကြီးကိုဘဲ မျက်စိထဲ မြင်ယောင်နေမိလို့ပါ။ ကြောင်မျက်စိက ညမှာ လင်းလက်နေတာဘဲဘုရား။
ကြောင်နက်ကြီးအကြောင်းစဉ်းစားရင်း ဘယ်လိုကဘယ်လို တပည့်တော်အိပ်ပျော်သွားမှန်းမသိလိုက်တော့ပါဘူးဘုရား"

(ဆက်မယ်)

ရေကန်နှင့်ကြာ

ရေကန်သာစွ ကြာမခသော်
သာစွရေကန် အကျည်းတန်၏။

ကြာမျိုးစုံပကတိ ရေကန်မရှိသော်
ပကတိကြာမျိုး အရုပ်ဆိုး၏။

သာစွရေကန် ကြာဝန်းရံသော်
ရေကန်သာစွ အလွန်လှ၏။

ကြာမျိုးငါးမည် ရေကန်မီသော်
ငါးမည်ကြာမျိုး အလှတိုး၏။
******

အပျိုချောလှ လင်မရသော်
ချောလှအပျို အခက်ပို၏။

အခက်မပို အရှက်ဖိုသော်
မပိုအခက် အပျိုရှက်၏။

အရှက်မဖို အခက်ပိုသော်
မဖိုအရှက် အပျိုခက်၏။

ရေကန်လှပ နှိုင်းယှဉ်ရသော်
လှပရေကန် မိန်းမဟန်။

ကြာကိုပကတိ နှိုင်းယှဉ်ကြည့်သော်
ပကတိကြာကို ယောက်ျားလို။

မင်းကရေကန် ငါက ကြာသဏ္ဍာန်။
ငါကကြာဟန် မင်းက ရေသဏ္ဍာန်။

ကြာနှင့်ရေကန် ရေကန်နှင့်ကြာ
မင်္ဂလာယူသော်
သူတော်သူမြတ်ချစ်လတ္တံ့။
*******



Saturday 27 December 2008

စိတ်ကောက်တတ်ရင်.......

စကား အကျအနကောက်
စိတ်ကောက်တတ်သလား
ကိုယ်က
သိပ်ကြောက်တတ်တယ်နော်။

အကြည့်တစ်ချက်ကြောင့်
စိတ်ကွက်တတ်သလား
ကိုယ်က
အိပ်ပျက်တတ်တယ်နော်။

အပြောမကောင်းလို့
စိတ်ပြောင်းတတ်သလား
ကိုယ်က
စိတ်မကောင်းဖြစ်တတ်တယ်နော်။

အသွားမတော်လို့
တစ်ခြားမျှော်တယ်ထင်နေလား
ကိုယ်က
အကြွားမပိုတတ်ဘူးနော်။

မယားလိုတယ်ဆိုရင်တောင်
တစ်ခြားအပိုမရှာဘဲ
မင်းလေးအနားကိုလာပြီး
တအားပိုပစ်လိုက်မယ်နော်။



Friday 26 December 2008

English usage 8 (အင်္ဂလိပ်စာအသုံးအနှုံန်း ၈)

အင်္ဂလိပ်စာဟာ
တိမ်သယောင်နဲ့နက်
လွယ်သယောင်နဲ့ခက်ပါတယ်။

"စိန်ကဲ ရွှေကဲ၊ ဤနှစ်ကဲထက်၊
အင်္ဂလိပ်စာ ကဲခတ်၊ လွန်ခဲကတ်၏"
လို့ ဆိုရမလိုတောင်ဖြစ်နေပြီ။

ဒါပေမဲ့ တနေ့တလံ ပုဂံဘယ်ပြေး (One day one lan where Bagan move?) ပေါ့ဗျာ။

ကြိုးစားကြတာပေါ့။
..............................


*Mg Mya and Ma Hla are getting married on Saturday.
မောင်မြနှင့်မလှတို့ စနေနေ့မှာ ဆက်ထပ်ကြမယ်။

*He died from the wounds he had received to his chest.
သူ ရင်ဘတ်ဒဏ်ရာကြောင့်သေဆုံးသွားခဲ့တယ်။

*U Hla died of diabetes.
ဦးလှ ဆီးချိုရောဂါနှင့်ဆုံးသွားခဲ့တယ်။

*When you are done, perhaps I can say something.
မင်းပြီးရင် ငါ တစ်ခုခုပြောကောင်းပြောနိုင်မယ်။

*The meat isn't quite done yet.
အသားက သိပ်မကျက်သေးဘူး။

*Where's the coffee? It's all gone.
ကော်ဖီဘယ်မှာလဲ။ အကုန် ကုန်သွားပြီ။

*Is Kyaw Kyaw here? No, he was gone before I arrived.
ကျော်ကျော် ဒီမှာလား။ မဟုတ်ဘူး။ ငါမရောက်ခင်ကထဲက သူထွက်သွားတာ။

*The days are gone when you could leave your door unlocked at night.
ညမှာ တံခါးသော့မခတ်ဘဲထားခဲ့နိုင်တဲ့ခေတ်က ကုန်သွားပြီ။

*It's gone six o'clock already.
ခြောက်နာရီထိုးပြီးသွားပြီ။

*I won't be finished with it for another four hours.
နောက်ထပ်လေးနာရီကြာအထိ ငါပြီးဦးမှာ မဟုတ်ဘူး။

*Be quiet and get on with your work.
တိတ်တိတ်ကလေးနေပါ။ ပြီးရင် မင့်အလုပ် ဆက်လုပ်။

*We managed to get the airport in time.
လေဆိပ်ကို အချိန်မီရောက်နိုင်ခဲ့တယ်။

*Have you got any milk? Sorry, I've run out.
နို့ရှိလား။ ၀မ်းနည်းပါတယ်။ ကုန်သွားပြီ။

*The water is running over- quick, turn the taps off.
ရေတွေလျှံကျနေတယ်။ မြန်မြန်လေး။ ရေပိုက်ခေါင်းကို ပိတ်လိုက်။

*She had always longed for a brother.
သူမဟာ အမြဲတမ်း မောင်လေးတစ်ယောက် လိုချင်နေခဲ့တယ်။



မီးနင်းများ

-----------
get married
= လက်ထပ်သည်။
die from= ဒဏ်ရာကြောင့်သေသည်။
die of= ရောဂါကြောင့်သေသည်။
be done with= ပြီးစီးပြည့်စုံသည်။
be done (of food)= ချက်၍ကျက်သည်။
be gone (of a thing)= အကုန်သုံးပစ်သည်။
be gone (of a person)= ထွက်သွားပြီ။
be gone (formal)= ကုန်သွားပြီ။
be gone (informal)= ဖော်ပြချိန်ထက်နောက်ကျသည်။
be finished with sb/sth= ပြီးစီးသွားသည်။ ရပ်လိုက်သည်။
get on with= ဆက်လက်လုပ်သည်။
managed to= အောင်မြင်မှုရရှိသည်။
run out= ကုန်သွားသည်။
run over= လျှံကျသည်။
long for= လိုချင်သည်။ မျှော်လင့်သည်။

Thursday 25 December 2008

ခရစ်စမတ်မှာ......



ခရစ်စမတ်နေ့ကြီးရောက်လာပါပြီ။

လူတော်တော်များများကတော့ ဒီနေ့ကိုရောက်ဖို့ တစ်နှစ်လုံးလုံးစောင့်နေကြတာ။ ခရစ်စမတ်နေ့ဆိုရင် ရုံးပိတ်ရက်လေ။
ရုံးတင်ပိတ်တာမဟုတ်ပါဘူး။ စတိုးဆိုင် ကုန်တိုက် အလုပ်ရုံ ဈေး ကျောင်း စတာတွေ အကုန်လုံးပိတ်တာပါ။
ပျော်မယ်ဆိုရင်လဲ ပျော်စရာကြီးပေါ့။ လျောက်လည်ကြမယ်။ သောက်စားမူးယစ်ကြမယ်။ ချစ်သူတွေနှင့်ကြည်နူးကြမယ်။ ကပွဲတွေသွားကြမယ်။ ကလပ်တွေတက်ကြမယ်။ ဆိုကြမယ်။ ပျော်ကြမယ်။
ပျော်စရာအတိပြည့်လျှံလို့ပေါ့။

ပျော်တတ်တဲ့သူတွေနှင့်ပျော်စရာရှိသူတွေအတွက်တော့ပျော်စရာပေါ့လေ။
.............................

ခရစ်စမတ်နေ့မှာ ခရစ်ယာန်ဘာသာဝင်တွေ ဘာကုသိုလ်ကောင်းမှုလုပ်ကြမှန်း ကျနော်မသိပါဘူး။ မနက်တုန်းကတော့ ဗြိတိန်ရဲ့ အချစ်တော် ဘုရင်ကြီးကို တွေ့လိုက်ရတယ်။
သူရဲ့  မြေးတော် ဆွေတော်မျိုးတော်တွေနဲ့တကွပေါ့။ သတင်းထဲမှာပါ။ ဘုရားရှိခိုးကျောင်းတစ်ကျောင်းကို သွားကြတယ်။ ဆုတောင်းပေးဖို့ပေါ့လေ။

လေးငါးရက်ဆက်တိုက် အုံဆိုင်းဆိုင်းနဲ့ နေရောင်မမြင်ရပေမဲ့ ဒီနေ့မှာတော့ ထူးထူးဆန်းဆန်း နေရောင်ခြည်လေးမြင်ရတယ်။
အင်္ဂလန်ရဲ့ ရာသီဥတုကိုသိတယ်မဟုတ်လား။ လူသားတွေကို သိပ်မစာနာတတ်ဘူးလေ။ သူလုပ်ချင်သလိုလုပ်နေတာ။ ချမ်းရအေးရတဲ့အထဲ လေစိမ်းတွေက တဟူးဟူး။ မြူခိုးတွေက ရစ်ခြုံသိုင်းလို့။ အတော်စိတ်ပျက်ဖို့ကောင်းတာ။

ခရစ်စမတ်နေ့လေးမှာ နေရောင်ခြည်လေးလဲ မြင်ခွင့်ရလို့ အပြင်လျောက်လည်ဖို့ ပြင်လိုက်ပါတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့  အသိပေးမှုကြောင့် မသွားဖြစ်လိုက်ပါဘူး။ ခရစ်စမတ်နေ့ရောက်တိုင်း လန်ဒန်ရဲ့  ပို့ဆောင်ရေးတွေ အကုန်ပိတ်တယ် တဲ့။

မြေအောက်ရထား မြေပေါ်ရထား ဘတ်စ်ကားစတဲ့ ပို့ဆောင်ရေးတွေအားလုံး ဒီနေ့ ရပ်နားထားတယ်တဲ့။ အေးလေ သူတို့လဲ တစ်နှစ်ပတ်လုံး ပြေးလွှားလှုပ်ရှားနေလာခဲ့ကြရတာဆိုတော့ မောပန်းရောပေါ့။

ကိုယ်ပိုင်ကားကလဲ မရှိ ပို့ဆောင်ရေးတွေကလဲ ပိတ်ဆိုတော့ ဘယ်မှ သွားလို့ မရတော့ဘူးပေါ့။
ဒါကြောင့် ဟိုဟိုဒီဒီ အနီးဝန်းကျင်နားတင် လမ်းလျောက်ထွက်ပြီး အိမ်ထဲမှာဘဲ ခပ်ကုတ်ကုတ်လုပ်နေလိုက်တယ်။

မြန်မာနိုင်ငံမှာဆို လူတွေစည်းကားရောပေါ့။
ရန်ကုန်က ရွှေတိဂုံဘုရားကို မျက်စိထဲမြင်ယောင်နေမိသေးတယ်။
ခရစ်စမတ်က ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘာမှမဆိုင်ပေမဲ့ ရုံးပိတ်ရက်ကလေးမှာ ကုသိုလ်ရေးအတွက် ဘုရားသွား ကျောင်းတက်လေ့ရှိကြတယ်လေ။ ချစ်စရာ မြန်မာ့ရိုးရာတွေပါ။ ပြီးတော့ မြန်မာတွေက ဆင်းရဲတာ ချမ်းသာတာတွေ မေ့ထားပြီး ပျော်ပျော်ပါးပါး နေတတ်ကြတယ်မဟုတ်လား။
ပန်းခြံတို့ ပြတိုက်တို့ ဘုရားတို့ ဘုန်းတော်ကြီးကျောင်းတို့မှာ
ရုံးပိတ်ရက်တိုင်း စည်းကားနေတတ်ကြတယ်လေ။

ဒီ အနောက်တိုင်း ခရစ်စမတ်နေ့ကတော့ မြန်မာက ဘာသာရေးပွဲတော်တွေနဲ့ နဲနဲလေးမှ မတူဘူး။
မြန်မာက ဗုဒ္ဓနေ့တို့ သီတင်းကျွတ်လပြည့်နေ့တို့ တန်ဆောင်မုန်းလပြည့်နေ့တို့ တပေါင်းလပြည့်နေ့တို့မှာဆိုရင် လူတွေ လူတွေ နေရာတိုင်းမှာ အရမ်းစည်ကားကြတယ်လေ။
ဘာသာခြားတွေရဲ့ ပွဲတော်တွေမှာလဲ ၀င်နွဲပြီး ပျော်ပွဲဆင်လိုက်ကြသေး။
ကြံဖန်ပြီးပျော်တတ်ကြတဲ့ မြန်မာလူမျိုးတွေ ချစ်စရာကောင်းပါတယ်။

လန်ဒန်မှာကတော့ ခရစ်စမတ်ပွဲမို့ လူတွေစည်ကားမယ်မထင်လိုက်နဲ့။
လမ်းပေါ်မှာဆို လူတွေမရှိသလောက်ဘဲ။
ဘယ်ရောက်ကုန်ကြတယ်မသိဘူး။ ကြက်ပျော်ငှက်ပျောက်ပျောက်ကုန်တယ်။
ဆိုင်တွေကိုလဲ ပိတ်ထားသေးတယ်။ မြန်မာနဲ့ တခြားစီဘဲ။

မြန်မာမှာဆို
အခါကြီးရက်ကြီးရောက်ရင် လူတွေကြိတ်ကြိတ်ကိုတိုးလို့။ ဒီမှာကတော့ သူတို့ဘာသာရဲ့  ခရစ်စမတ်နေ့ကြီးမှာ ဘယ်ကိုမှ မသွားကြဘူး။ သူငယ်ချင်းတစ်ယောက်ရဲ့ ပြောပြချက်အရ အိမ်ထဲမှာဘဲ
ခရစ်စမတ်ပွဲကျင်းပကြတယ်တဲ့။ ထူးဆန်းသလိုကြီးဘဲနော်။

ဆွေမျိုးတွေဆီ လက်ဆောင်ပေးမယ်။ ကိုယ်တိုင်သွားနိုင်ရင် ကိုယ်ပိုင်ကား သို့မဟုတ် အငှားကားနဲ့ သွားမယ်။ မသွားနိုင်ရင် စာတိုက်ကတစ်ဆင့် လက်ဆောင်ပို့မယ်။ ခရစ်စမတ်ကဒ်ပို့မယ်။ ဆုတောင်းပေးမယ်။
မိသားစုဆုံနိုင်ရင် စားသောက်ပွဲလေးစုလုပ်မယ်။ ၀ါသနာပါရင် အိမ်ရှေ့ မှာ မီးအလှဆင်မယ်။ ခရစ်စမတ် ပန်းချီကားတွေဆွဲထားမယ်။ ခရစ်စမတ်ဘိုးကြီးပုံချိတ်ထားတယ်။ ခရစ်စမတ်သစ်ပင်လေးဖန်တီးမယ်။ ခရစ်စမတ်အ၀တ်အစားလေးတွေဝတ်ထားတဲ့ တိရစ္ဆာန်လေးတွေ ငှက်ကလေးရဲ့ ပုံကို အလှဆွဲကြမယ်။ လန်ဒန်ခရစ်စမတ်ကတော့ အဲဒါပါဘဲ။

ကျနော်ကတော့ ခရစ်စမတ်နေ့မှာ ခပ်ပျင်းပျင်းဘဲ။ အပြင်ကိုလဲ ထွက်မလည်ဖြစ် ပျော်စရာကလဲ မရှိ ဆိုတော့ အိမ်တွင်းပုန်းဘဲ လုပ်နေလိုက်တော့တယ်။ စာဖတ်မယ်။ အင်တာနက်ထဲ လျောက်လည်မယ်။ ရုပ်ရှင်ကြည့်မယ် (ရုပ်ရှင်ရုံမှာမဟုတ်ဘူး။ အင်တာနက်ထဲမှာ)။ ဒါပါဘဲ ခင်ဗျာ။

ဒီနေ့ညနေခင်းလေးမှာ Itv 1 က ဟယ်ရီပေါ်တာဇာတ်လမ်းပိုင်းလေးလာလို့ ကြည့်ဖြစ်လိုက်တယ်။
ည ၈ နာရီမှာ ဆောင်းကာလရဲ့  ပြိုင်ပွဲလေးတစ်ခုဖြစ်တဲ့ Dancing on Ice (ရေခဲပြင်အကပြိုင်လေး) စတင်ထုတ်လွင့်တော့မယ်တဲ့။ မိန်းမယောက်ျားစုံတွဲ ရေခဲပြင်ပေါ်မှာ ကကြရတဲ့ အကပြိုင်ပွဲလေးပါ။
အဲဒါကိုတော့ မလွတ်တမ်းကြည့်ရဦးမယ်။ စိတ်ဝင်စားစရာအရမ်းကောင်းတယ်။
မနှစ်ကလဲ ပြိုင်ပွဲပြီးတဲ့အထိ ကြည့်ဖြစ်လိုက်တယ်။ အဲဒီပြိုင်ပွဲက သုံးလေးလ လောက်ကြာတယ်လေ။
ရှုံးရင်ထွက် ကျန်တဲ့သူတွေ ထပ်ပြိုင်။ နောက်ဆုံးကျန်တဲ့ အတွဲက ပထမဆုရတာပေါ့။


မိတ်ဆွေတို့ကော ခရစ်စမတ်နေ့မှာ
ပျော်ဖြစ်ခဲ့သလား?
ကုသိုလ်လုပ်ဖြစ်ခဲ့သလား?

ပျော်ဖြစ်ခဲ့ရင်ဘဲဖြစ်ဖြစ်
ကုသိုလ်လုပ်ဖြစ်ခဲ့ရင်ဘဲ ဖြစ်ဖြစ်
ကျနော့်ကို နဲနဲလောက် ရှယ်ယာလုပ်ပေးကြပါလားခင်ဗျာ။
ကျနော် ပျင်းနေလို့။ ။

ခရစ်စမတ်မှာ
အသစ်ထပ်ပြီး မတွေ့သည့်တိုင်
အချစ်မှတ်တိုင်လေး
ခိုင်ခိုင်မြဲမြဲ စိုက်ထူနိုင်ကြပါစေ။



Wednesday 24 December 2008

Usage of English 7 (အင်္ဂလိပ်စာအသုံးအနှုန်း ၇)

အင်္ဂလိပ်စာ အင်္ဂလိပ်စကားကို
ကိုယ့်ရဲ့  အမြတ်တနိုးထားရတဲ့ ချစ်သူလို
သဘောထားနိုင်လို့ရှိရင် မတတ်နိုင်စရာ အကြောင်းမရှိပါဘူး။

ချစ်သူလိုသဘောထားပြီး ကြိုးစားလိုက်ကြရအောင်လား။
....................................


*Terrors strikes plunge India into new turmoil.
အကြမ်းဖက်တိုက်ခိုက်မှုတွေက အိန္ဒိယနိုင်ငံကို ရှုပ်ထွေးအသစ်နဲ့ တွေ့ကြုံစေတယ်။

*The conflict threatens to spill over into neighbouring regions.
ရုန်းရင်းဆန်ခတ်ဖြစ်မှုဟာ အိမ်နီးချင်းဒေသတွေထဲ စိမ့်ဝင်ပျံ့ နှံ့ပြီး ချိန်းခြောက်မှုဖြစ်စေတယ်။

*French cheeses are exported to many different countries.
ပြင်သစ်ဒိန်ခဲတွေကို နိုင်ငံများစွာသို့ တင်ပို့တယ်။

*We import a large number of cars from Japan.
ကျနော်တို့ ဂျပန်နိုင်ငံက ကားများကို တင်သွင်းတယ်။

*The keyboard plug in at the back of the computer.
ကီးဘုတ်ကို ကွန်ပျူတာနောက်ကျောဘက်မှာ တပ်ထားတယ်။

*If I am very busy, I unplug the phone.
ငါအလုပ်များနေရင် တယ်လီကိုဖုန်းဖြုတ်ထားလိုက်တယ်။

*He plucked a #50 note out of his wallet.
သူ ပေါင်ငါးဆယ်တန်အရွက်ကို ပိုက်ဆံအိပ်ထဲက ဆွဲနှုတ်လိုက်တယ်။

*I plucked an orange from the tree.
ကျနော် လိမ္မော်သီးတစ်လုံးကို အပင်က ဆွတ်ခူးလိုက်တယ်။

*He was charged with assault.
သူ့ကို ရိုင်းပြစော်ကားမှုအတွက် အပြစ်ပေးတယ်။

*How much do you charge for delivery?
မင်း ပေးပို့ခ (delivery) အတွက် ဘယ်လောက်ယူမလဲ။

*I am charged to look after him.
သူ့ကို စောင့်ရှောက်ဖို့ ငါ့ကို တာဝန်ပေးထားတယ်။

*He took charge of the farm after his father's death.
သူ့အဖေဆုံးပြီးနောက် ခြံ (စိုက်ခင်း)ကို သူ တာဝန်ယူရတယ်။

*What is the charge against Bo Aung Din?
ဗိုလ်အောင်ဒင်ကို ဘာမှုနဲ့ စွပ်စွဲထားတာလဲ။

*Who will be in charge of the department when U Ba leaves?
ဦးဘ ထွက်ခွါသွားတဲ့အခါ ဒီဌာနကို ဘယ်သူ ကြီးကြပ်မလဲ။

*Hold on! This isn't the right road.
ခဏလေး... ဒါဟာ လမ်းမှန်မဟုတ်ဘူး။

*Hang on a minute- I'll be with you in a moment!
ခဏလေးစောင့်ပါ။ ငါ ခဏနေရင် ပြန်လာမယ်။



မီးနင်းများ
-----------
plunge into
= ထိုးသွင်းသည်။ တွေ့ကြုံသည်။
spill over into
=ဖြည့်သည်။ ပျံ့ နှံ့သည်။
export to
= တစ်နိုင်ငံမှတစ်နိုင်ငံသို့ ကုန်ပစ္စည်းရောင်းပို့သည်။
import from= တစ်နိုင်ငံမှတစ်နိုင်ငံသို့ ကုန်ပစ္စည်းဝယ်သွင်းသည်။
plug in (into)
= လျပ်စစ်တပ်ဆင်သည်။
unplug
= လျပ်စစ်ဖြုတ်သည်။
pluck out
= ဆွဲနှုတ်သည်။
pluck from
= ဆွတ်သည်။
charge with
= အပြစ်ပေးသည်။
charge for
= တန်ဖိုးငွေ။
charge to
= တာပေးအပ်သည်။ စေခိုင်းသည်။
take charge of
= တာဝန်ယူသည်။
charge against
= စွပ်စွဲချက်။
be in charge of
= ကြီးကြပ်သည်။ အုပ်ထိန်းသူ။
hold on= ကိုင်ထားသည်။ ခဏစောင့်သည်။
hang on= ခဏစောင့်ခိုင်းသည်။

Tuesday 23 December 2008

ဒေါက်ဖိနပ်လေးဖက် နှင့် ဟူလီယာ နန်စီဆိုတဲ့ သူစိမ်းမိန်းခလေးနှစ်ဦး (၃)

မိန်းခလေးနှစ်ယောက် ပြန်သွားပြီး ဆရာတော် ဘုရားဆက်လက်ဝတ်မပြုနိုင်တော့ပေ။
စဉ်းစားစရာတွေက တစ်သီတစ်သန်းကြီးမဟုတ်လား။

အမှန်တကယ်ဆိုရလျင် ထိုအချိန်သည် ၀တ်ပြုချိန်မဟုတ်ပေ။ သို့ပေမဲ့ ဒီနေ့ ၈ ရက် ဥပုသ်နေ့ဖြစ်သောကြောင့် ပဋ္ဌာန်းပစ္စယနိဒ္ဒေသရွတ်ဖတ်ရင်း ဘုရားဝတ်ပြုနေခြင်းဖြစ်သည်။ ဆရာတော်သည် ၈ ရက်ဥပုသ် ၁၅ ရက်ဥပုသ်တွေရောက်တိုင်း အခုလို ရွတ်ဖတ်နေကြဖြစ်သည်။

ဘုရားဘက်မျက်နှာမူ ဒူးတုတ်ထိုင်ရင်း ရွတ်ဖတ်နေတုန်း မိန်းခလေးတွေ ရောက်လာကြခြင်းဖြစ်သည်။ ရွတ်ဖတ်လို့ မပြီးသေးပေမဲ့ ရွတ်ဖတ်လိုစိတ်မရှိတော့၍ ညစုပေါင်းဝတ်တက်ပြီးမှဘဲ ဆက်ရွတ်ဖတ်တော့မယ်ဟု စိတ်ပိုင်းဖြတ်ပြီး ဆရာတော် ဆက်လက်စဉ်းစားခန်းထုတ်နေသည်။

"မိန်းခလေးနှစ်ယောက်... ဖိနပ်မချွတ်အားဘဲ ကျောင်းပေါ် ခပ်သုတ်သုတ်ပြေးတက်တာဟာ ပုံမှန်မဟုတ်ဘူး။
လူတိုင်းက ဘုန်းတော်ကြီးကျောင်းဝင်းရောက်ရင် ဖိန်ချွတ်ပြီးမှ ၀င်ကြတာ။ ဘာသာခြားတွေ ၀င်ခဲ့ရင်တောင် ဖိနပ်ချွတ်ကြတယ်။ သူတို့ ဘာများ အရေးကြီးလို့ပါလိမ့်။ ဗုဒ္ဓဘာသာဝင်တွေမှ ဟုတ်ကြရဲ့ လား။ ဘုရားလဲဦးမချ ဘုန်းကြီးကိုလဲ ရှိမခိုးဆိုတော့ စဉ်းစားရခက်ချင်စရာဘဲ။ ဒါပေမဲ့ အရှင်ဘုရား တပည့်တော်ဆိုတဲ့ အသုံးအနှုန်းကိုတော့ ပြောတတ်သားဘဲ။ သူတို့ လူတွေမှ ဟုတ်ကြရဲ့ လားမသိဘူး။ နာနာဘာဝတွေများလား။ ညနေခင်းလေးဆိုတော့ နာနာဘာဝတွေ မြူးတူးချိန်များနီးနေလို့လား။ ကိုရင်ကျောင်းသားတွေကလဲ ဘယ်ရောက်နေကြတယ်မသိပါဘူး။ ဧည့်သည်လာတာတောင် မမြင်လိုက်ကြဘူးထင်တယ်။ ငယ်တုန်းက ကြားဖူးခဲ့တဲ့ အစိမ်းမ (သို့) ဥစ္စာစောင့်မလေးတွေများလား။ အငှားကားနဲ့ ခပ်သွက်သွက်ပြန်သွားတာထောက်ကြည့်ရင် တကယ်အရေးကြီးနေတာဖြစ်မယ်။ ပိုက်ဆံငါးထောင်ကလဲ ဘာမှ သုံးလောက်တာမဟုတ်ဘူး။ ကားခပေးရအောင်များလား။ ရုပ်ရည်လေးတွေကတော့ ခပ်သန့်သန့်ဘဲ။
မဖြစ်ချေဖူး။ သေတ္တာဖွင့်ပြီး ဖိနပ်ကလေးတွေကို ပြန်ကြည့်ဦးမှ"

ဆရာတော် သေတ္တာဟောင်းကြီးနားသွားပြီး သော့နဲ့ဖွင့်ကြည့်လိုက်သည်။ မူလနေရာမပျက် ဖိနပ်လေးဖက်လုံး ရှိနေသည်။

"နာနာဘာဝတော့ မဟုတ်လောက်ဘူး။ ဖိနပ်တွေရှိနေသေးတယ်"


ဒေါင်...ဒေါင်...... ဒေါင်....

ဆရာတော်တစ်ပါးတည်း စဉ်းစားခန်းဖွင့်ရင်း ညစုပေါင်းဝတ်ပြုချိန်ရောက်လာသည်။ အချိန်တွေ ဘယ်လိုကုန်သွားမှန်းဆရာတော်မသိလိုက်။ စိတ်က မိန်းခလေးနှစ်ယောက်အကြောင်းဆီကို တ၀ဲလည်လည်ရောက်နေသည်။ ၀တ်ပြုဖို့ သံချောင်းခေါက်သံကြားတော့မှ ဆရာတော်အတွေးစတွေ ရပ်တန့်သွားသည်။

မနက်ခပ်စောစောတစ်ကြိမ် ညပိုင်းတစ်ကြိမ် တစ်ရက်ကို နှစ်ကြိမ် ၀တ်ပြုနေကြဖြစ်သည်။
ဝတ်တက်တိုင်း သိမ်ကျောင်းကြီးပေါ်မှာ တက်ကြရသည်။

သံချောင်းခေါက်ပြီး မကြာခင်မှာဘဲ ကိုရင်ကျောင်းသားတွေ တန်းစီပြီး သိမ်ကျောင်းကြီးပေါ်တက်လာကြသည်။
ထုံးစံအတိုင်း ဆရာတော်က ရှေ့ ဆုံး ကိုရင်တွေက ရှေ့ အတန်း ကျောင်းသားတွေက နောက်အတန်း ကြီးစဉ်ငယ်လိုက် တန်းစီထိုင်ပြီး ဘုရားဝတ်ပြုကြသည်။ ဘုရားဝတ်ပြုရင်း ဆရာတော့်မျက်လုံးက သေတ္တာကြီးဆီ မကြာမကြာရောက်နေမိသည်။

"ကိုရင်မာနိတ
ကိုရင်ဝဇီရ
ကိုရင်နာဂ
မောင်သောင်းဥာဏ်
မောင်ဟန်ထူး
မင်းတို့ ငါးယောက် ခဏနေထားခဲ့။ ကျန်တဲ့ ကိုရင်ကျောင်းသားတွေ စာသွားကျက်ကြ။ ခဏနေရင် စာပြန်ခိုင်းမယ်။ ကဲ ကဲ သွားကြတော့"

ဘုရားဝတ်တက်အပြီးမှာ ဆရာတော်စိတ်ကြိုက် ကိုရင်ကြီး သုံးပါးနှင့် ကျောင်းသားနှစ်ယောက်ကို ခေါ်ထားလိုက်ပြီး ကျန်တဲ့ ကိုရင်ကျောင်းသားအားလုံးကို ပြန်လွတ်လိုက်သည်။ ဆရာတော် တစ်ပါးထဲ စိတ်ထဲသိမ်းဆည်းထားရမှာ ပင်ပန်းပြီထင့်။ ကိုရင်ကျောင်းသားတစ်ချို့ ကို ဖွင့်ပြောဖို့ ဆရာတော် စကားစလိုက်သည်။

"ကိုရင်တွေ.. မင်းတို့ မိန်းခလေးနှစ်ယောက် ငါ့ကျောင်းပေါ်တက်လာတာ မမြင်လိုက်မိဖူးလား"

"မမြင်လိုက်မိပါဘူးဘုရား"

"မင်းတို့ ဘယ်တွေ လျောက်သွားနေကြတာလဲ။ ကျောင်းဝင်းကိုလဲ ဂရုစိုက်ဦးမှပေါ့"

"တပည့်တော်တို့ ကျောင်းအရှေ့ ဘက်က သစ်တုံးတွေကို ထင်းအတွက် သွားဖြတ်နေတာပါဘုရား"

ဆရာတော်မေးသမျှ မသိဘူး မရှိဘူး မတွေ့ဖူး ဆိုပြီး ဘူးခံနေကြမို့ ဘူးခံနေခြင်းမဟုတ်ပါ။ တကယ်လဲ ကိုရင်တွေ မမြင်လိုက်ကြပါဘူး။

"တပည့်တော် မြင်လိုက်တယ်ဘုရား။ အမျိုးသမီးနှစ်ယောက် ကျောင်းဝင်းထဲ ၀င်သွားတာ"

သောင်းဥာဏ်က ရုတ်တရက် ထလျောက်လိုက်သည်။

"မင်းကတော့ မိန်းခလေးတွေဆိုရင် မျက်စိအတော်လျင်တဲ့ကောင်ဘဲ။ နှာဗူး"

ဟန်ထူးက သောင်းဥာဏ်ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ငါက ကျောင်းဝင်းကို စောင့်ရှောက်လိုတဲ့ စိတ်ရှိလို့ သတိထားရင်း မြင်လိုက်မိတာပါကွာ
မင်းကသာ တာဝန်မဲ့နေလို့ မမြင်မိတာဖြစ်မှာပါ"

သောင်းဥာဏ်ကလဲ ခေသူမဟုတ်။ ဟန်ထူးကို ပြန်တွယ်လိုက်သည်။

ဆရာတော် အနည်းငယ်အားတက်သွားသည်။ ကျောင်းသားတစ်ယောက်က မြင်လိုက်တယ်ဆိုရင်တော့ နာနာဘာဝမဖြစ်ဖို့များသည်။ လူသားစင်စစ် မိန်းခလေးတွေဖြစ်ရမည်။

"ကဲ.... သောင်းဥာဏ်... မင်းမြင်သမျှ ငါ့ကို ပြောပြစမ်း"

ကိုရင်ကြီးတွေရော ကျောင်းသားနှစ်ယောက်ရော ဆရာတော့်မျက်နှာ ဒီနေ့ အတော်ထူးဆန်းနေတာကို သတိထားမိလိုက်ကြသည်။ တစ်ခုခုတော့ တစ်ခုခုဆိုတာ သဘောပေါက်ကြသည်။ ဆရာတော်ကို သောင်းဥာဏ်က သူမြင်သလောက် လျောက်တင်လိုက်သည်။

"ခပ်ချောချော အမျိုးသမီးနှစ်ယောက် ကျောင်းဝင်းထဲ ၀င်သွားတာကို တပည့်တော် ထင်းတုံးတွေထမ်းပြီး ထင်းပုံဆီကို သွားနေတုန်း လှမ်းမြင်လိုက်တာပါ။ သူတို့ ကျောင်းဝင်းထဲ ၀င်သွားပြီး မကြာခင်မှာဘဲ ကားအဟောင်းလေးတစ်စီး ရောက်လာတယ်။ ကားရောက်ပြီး မကြာခင်မှာဘဲ အဲဒီအမျိုးသမီးနှစ်ယောက် ကျောင်းဝင်းထဲက ထွက်လာပြီး ချက်ချင်းစီးနင်းထွက်ခွါသွားကြတယ်။ တပည့်တော် မြင်လိုက်တာ ဒါ အကုန်ဘဲ ဘုရား"

သောင်းဥာဏ်လျောက်တင်ချက်တွေကို နားထောင်ရင်း ဆရာတော် တစ်ခုခုကို ရေရွတ်လိုက်သည်။

"အော်... သူတို့... ကားနှင့်တစ်ခါထဲ လာခဲ့တာ မဟုတ်ပါလား။ ကားနဲ့ အချိန်းအချက်လုပ်ထားပုံရတယ်"

ဆရာတော် စဉ်းစားရ အတော်လေး ကြပ်သွားသည်။ ပြီးတော့ မိန်းခလေးတွေရဲ့  စိုးရိမ်တကြီး မျက်နှာကို ပြေးမြင်ယောင်မိသည်။ ဒီကိစ္စက ဒီလောက်နဲ့တင် ရပ်တန့်နိုင်ပါ့မလား တစ်ခုခုများ ဆက်ဖြစ်လာဦးမလား ဆိုပြီး ဆရာတော် ရင်လေးနေမိသည်။

"ကဲ.... ရော့ အဲဒီမှာ သော့... အဲဒီသေတ္တာကြီးကို ဖွင့်ပြီး အထဲမှာ ဘာတွေ ရှိလဲဆိုတာ ကြည့်ကြစမ်းကွာ"

အာမခံသော့ချောင်းလေးကို ကိုရင်တွေဆီ ဆရာတော် ပစ်ပေးလိုက်သည်။ ကိုရင်တွေလဲ သော့ဖွင့်ပြီး အထဲက ပစ္စည်းတွေကို သေချာကြည့်ရှုနေကြသည်။ ဆရာတော်ကတော့ သူတို့တစ်တွေရဲ့  လျောက်တင်မဲ့အသံကို နားစွင့်ပြီးနေလေရဲ့ ။


(ဆက်မယ်)

Usage of English 6 (အင်္ဂလိပ်စာအသုံးအနှုန်း ၆)

တောင်တက်ရင်လဲ ဖြေးဖြေးတက်ရမယ်။
ဥစ္စာရှာရင်လဲ ဖြေးဖြေးရှာရမယ်။
ပညာရှာရင်လဲ ဖြေးဖြေးရှာရမယ်။
လောကနီတိက ဆိုထားတာပါ။

ဒါကြောင့် ဖြေးဖြေးနဲ့ မှန်မှန် ကြိုးစားကြရအောင်လား။
....................................



*I am fed up with waiting for her.

သူမကို စောင့်ရတာ ငါစိတ်ကုန်လာပြီ။

*It is impossible to get hold of tickets for the final.
ဗိုလ်လုပွဲအတွက် လက်မှတ်ရရှိဖို့ မဖြစ်နိုင်ဘူး။

*Do you know where i can get hold of a good plumber?
ဘယ်မှာ ပိုက်ပြင်သမားကောင်းကောင်းရနိုင်မလဲဆိုတာ ခင်များသိလား။

*I always start the day by going through my mail.
ငါ အမြဲတမ်း အီးမေးလ်စစ်ဆေးခြင်းဖြင့် နေ့တစ်နေ့ကို စတင်တယ်။

*I can get through a lot more work when i am on my own.
ငါတစ်ယောက်ထဲရှိတဲ့အခါ အလုပ်တွေ ပိုပြီးနိုင်တယ်။

*I hunger for your soft touch.
ငါ မင်းညံ့နူးညံ့တဲ့ အတွေ့အထိကို လိုချင်တယ်။

*They never cleared up the mystery of the missing money.
ထူးထူးဆန်းဆန်းပျောက်ဆုံးသွားတဲ့ ပိုက်ဆံကို သူတို့ မရှင်းလင်းနိုင်ကြဘူး။

*She was ill so I sent her some flowers to cheer her up.
သူမ နေမကောင်းဘူး။ ဒါကြောင့် ပျော်ရွှင်ဖို့ ပန်းတစ်ချို့  သူမဆီ ပို့လိုက်တယ်။

*We have checked in at the hotel.
ငါတို့ ဟိုတယ်မှာ တည်းခိုဖို့ စာရင်းပေးပြီးပြီ။

*Guests should check out of their rooms by noon.
ဧည့်သည်တွေ မွန်းတည့်ချိန်ရောက်မှာ ငွေချေပြီးထွက်သွားသင့်တယ်။


မီးနင်းများ
----------
be fed up with
= စိတ်ကုန်သည်။
get hold of sth= (ရှာဖွေ)ရရှိသည်။
geg hold of sb=ဆက်သွယ်သည်။ (ရှာဖွေ)ရရှိသည်။
go through= ကြည့်ရှု (စစ်ဆေး)သည်။
get through= အပြီးသတ်သည်။
hunger after=ငမ်းငမ်းတက်လိုချင်တမ်းတသည်။
clear up= ဖြေရှင်းသည်။ ရှင်းပြသည်။
cheer up= ပိုပျော်ရွှင်သည်။ ရွှင်လန်းသည်။
check in= ဟိုတယ်သို့စာရင်းပေးတည်းခိုသည်။
check out (of...)= ကျသင့်ငွေပေးပြီး ဟိုတယ်မှ ထွက်ခွါသည်။

Monday 22 December 2008

Usage of English 5 (အင်္ဂလိပ်စာအသုံးအနှုန်း ၅)

"တူ ဓါး လက်နက်၊ ကြိမ်ကြိမ်ဖျက်က၊ ကွဲအက်တောင်ကြီး၊ ပြိုပျက်စီး၏"
တစ်ရက်ထဲ သင်ရုံမျှနဲ့ မတတ်မြောက်နိုင်။ ကြိမ်ဖန်များစွာ သင်ကြားမှ ဧကန်တတ်မြောက်နိုင်မှာပါ။
ဖြေးဖြေးမှန်မှန်လေ့လာဖို့ဘဲ လိုအပ်ပါတယ်။

အတူတူ လေ့လာကြပါစို့
.......................


*There will be a full investigation to work out what caused the accident.
မတော်တဆမှုဖြစ်ရခြင်းအကြောင်းရင်းကို နားလည်သိရှိဖို့ ပြည့်စုံတဲ့စုံစမ်းမှု ပြုလုပ်ရမယ်။

*I can't figure out how to do this.
ငါကတော့ ဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာ အဖြေမဖော်ထုတ်နိုင်ဘူး။

*She's never satisfied with what she's got.
သူမဟာ ဘယ်တော့မှ ရှိတဲ့ဟာနဲ့ ကျေနပ်မှုမရှိဘူး။

*I'm not sexually attracted to her.
လိင်ပိုင်းဆိုင်ရာအရ ကျနော် သူမကို မစွဲလန်းပါဘူး။ (ကျနော့်ကို သူမ မဆွဲဆောင်နိုင်ပါဘူး)

*The idea has just occurred to him.
သူ ဒီအကြံလေး ပေါ်ပေါက်လာတယ်။

*I happened to meet Mg Mg on the half way to Junction 8.
ကျနော် မောင်မောင်ကို ရှစ်မိုင်မီးပွိုင့်အသွား လမ်းတစ်ဝက်မှာ တွေ့မိခဲ့တယ်။

*The concert takes place next Thursday.
ကပွဲက နောက်ကြာသပတေးနေ့မှာ ဖြစ်မယ်။

*She doesn't usually take part in any of the class activities.
သူမ ပုံမှန်အားဖြင့် အတန်းတွေရဲ့ လုပ်ဆောင်ချက်တွေမှာ မပါဝင်ပါဘူး။

*I'll just jot down the address for you.
မင်းအတွက် ငါ လိပ်စာလေး အမြန်ရေးမှတ်ထားလိုက်မယ်။

*Put the date on every sheet in case they get mixed up with other notes later.
စာမျက်နှာတိုင်းမှာ နေ့စွဲတပ်ပါ။ ကြာလာရင် တစ်ခြားမှတ်စုတွေနဲ့ ရောထွေးသွားနိုင်တယ်။


မီးနင်းများ
-----------
work out= နားလည်သိရှိသည်။
figure out
= အဖြေဖော်ထုတ်သည်။
be satisfied with= ကျေနပ်သည်။
be attracted to= ဆွဲဆောင်သည်။
occur to= စိတ်တွင်ပေါ်လာသည်။
happen to= မထင်မှတ်ဘဲ ဖြစ်ပျက်သည်။
Take place=(ကြိုတင်စီမံထားသည့်အတိုင်း) ဖြစ်ပျက်သည်။
take part= ပါဝင်ဆောင်ရွက်သည်။
jot down= အမြန်ရေးမှတ်သည်။
get mixed up with= ရောထွေးသည်။

ဒေါက်ဖိနပ်လေးဖက် နှင့် ဟူလီယာ နန်စီဆိုတဲ့ သူစိမ်းအမျိုးသမီးနှစ်ဦး (၂)


"ပိုက်ဆံကို အလကားမယူချင်ပါဘူး ဘုရား၊
တပည့်တော်မတို့မှာ အခက်အခဲ ရှိနေလို့ ပါ။
ဆရာတော် သနားသဖြင့် ၀ယ်ပေးပါဘုရား"


ဆရာတော်လဲ ဆုံးဖြတ်ရခက်နေပေမဲ့ မိန်းခလေးတွေ မျက်နှာပေါ်မှာ စိုးရိမ်စိတ်တွေထင်ဟပ်နေတာ မြင်ရတဲ့အတွက် သူတို့ဆန္ဒကို လိုက်လျောလိုက်သည်။

"ကဲ ကဲ မိန်းခလေးတွေ.. ဖိနပ်နှစ်ရံအတွက်.. န၀ကမ္မဘယ်လောက် စွန့်ရမလဲ"

"ငါးထောင်လောက် လိုချင်ပါတယ်ဘုရား"

"ကောင်းပါပြီလေ"

ပြောပြောဆိုဆို ဆရာတော်ထသွားပြီး ဘောဂခန်းထဲဝင်သွားလိုက်သည်။ ပြီးတော့ စာအိပ်ကလေးတစ်အိပ်ကိုင်ပြီးထွက်လာသည်။ စာအိပ်ထဲမှာကတော့ ပိုက်ဆံ ငါးထောင်။

"ရော့... ဒီမှာ န၀ကမ္မ ငါးထောင်၊ ဖိနပ်တွေကို ဟိုက တံခါးဒေါင့်ကြားထဲမှာသာ ထားခဲ့ကြပေတော့"

ကိစ္စပြီးသွားလို့ ပြန်သွားကြရင်အေးတာဘဲဆိုတဲ့အသိနဲ့ ဆရာတော်က ပြောလိုက်သည်။

"အဲဒီလိုထားလို့မဖြစ်ဖူးဘုရား။ ဒီဖိနပ်တွေအားလုံးကို ဆရာတော် သေသေချာချာ လုံလုံခြုံခြုံသိမ်းဆည်းထားရမယ်။ လူတွေမြင်လို့မဖြစ်ဖူး"

ဆရာတော်အကြပ်ရိုက်သွားသည်။ တောင်းဆိုမှုတွေက တစ်ဆင့်တက်လာပြန်ပြီ။ နောက် ဘာတွေ ဆက်တောင်းဆိုဦးမလဲ မသိဘူး။ဘာဘဲ ဖြစ်ဖြစ် သူတို့ မြန်မြန်ပြန်သွားဖို့က အရေးကြီးသည်။

"ကဲ... မယ်မင်းကြီးမတို့ရေ... ဟို..ဗီဒိုထဲက စာစောင်အဟောင်းတွေနဲ့ ထုပ်ပိုးပြီး ဒီကသေတ္တာဟောင်းကြီးထဲသာ ထည့်သိမ်းထားခဲ့ကြပေတော့။ ပြီးမှ အာမခံသော့နဲ့ ခပ်ထားလိုက်မယ်။ ကျေနပ်ပြီမဟုတ်လား"

နန်စီဆိုတဲ့မိန်းခလေးက ဖိနပ်တွေချွတ်ထားခဲ့ပြီး စာစောင်အဟောင်းတွေရှိတဲ့ ဗီဒိုကြီးဆီသွားနေခိုက် ဟူလီယာက သူကိုယ်တိုင်ဖိနပ်ချွတ်ကာ ဆရာတော်ကို ဖိနပ်အကြောင်းရှင်းပြနေသည်။

"ဆရာတော်ဘုရား... ဒီဖိနပ်တွေကို သေချာကြည့်စေချင်ပါတယ်ဘုရား"

ဆရာတော် ဖိနပ်တွေကို စူးစိုက်ကြည့်လိုက်စဉ်... ဟင်.. ကနဲ ဖြစ်သွားသည်။ ရုတ်တရက်ကြည့်ရင် ဖိနပ်လေးဘက်လုံး တစ်ခုနှင့်တစ်ခု တူသယောင်ရှိပေမဲ့ သေချာကြည့်လိုက်တော့မှ အတော်လေးကွဲပြားနေသည်။ အားလုံး ညိုပုပ်ပုပ်အရောင်တွေချည်း။ ဖိနပ်တစ်ဘက်ကတော့ ပိုပြီး ဟောင်းနွမ်းနေသည်။

"ဆရာတော်.. တကယ်လို့ ပြဿနာတစ်ခုခုရှိလို့ ဒီဖိနပ်တွေကို စွန့်လွတ်ရတော့မယ်ဆိုရင်တောင် ဒီဖိနပ်တစ်ဖက်ကိုတော့ ကာကွယ်ပြီး ထိန်းသိမ်းထားပေးပါဘုရား။ တစ်နေ့နေ့တော့ တပည့်တော်တို့ ပြန်ရောက်လာကြဦးမှာပါ"

အဟောင်းနွမ်းဆုံးဖိနပ်ကိုကိုင်ပြီး အဲဒါကို ကာကွယ်ပေးရမယ်တဲ့။ ဆရာတော်ကိုယ်တိုင် ခေါင်းမူးချင်လာသည်။ ဘာတွေဖြစ်ကုန်ပြီမှန်းမသိ။

"ကောင်းပါပြီ မိန်းခလေးတို့ရယ်။ အေးအေးဆေးဆေးသာ သွားကြပါ။ ဒီဖိနပ်အတွက်ကတော့ စိတ်သာချ။ ဘာမှ မဖြစ်စေရပါဘူး"

ငြင်းလို့ရမှာမဟုတ်တာချင်းအတူတူ ဆရာတော်လဲ ပြောသမျှအားလုံးကို ၀န်ခံလိုက်သည်။

နန့်စီယူလာတဲ့ စာစောင်အဟောင်းလေးနဲ့ ဖိနပ်တွေကို ထုပ်ပိုးပြီး ၀တ်ပြုခန်းဘေးနားက သေတ္တာအိုကြီးထဲ ထည့်လိုက်ကြသည်။ ဆရာတော်က အာမခံသော့ခပ်ကြီးကြီးနဲ့ ခပ်ထားလိုက်သည်။
ဘုရားကိုလဲ ၀တ်မပြု ဆရာတော်ကိုလဲ ဦးမချဘဲ မိန်းခလေးနှစ်ယောက် သိမ်းကျောင်းကြီးပေါ်က တိတ်ဆိတ်စွာ ဆင်းသွားကြလေသည်။ သူတို့ခြေထောက်တွေမှတော့ ဖိနပ်တွေ လုံးဝမရှိကြတော့။

"၀ူး... ၀ရော......"

အသံကြားလို့ကြည့်လိုက်တော့ အသင့်ငှားလာတဲ့ ခပ်စုပ်စုပ်တက်ခ်စီတစ်စီးနဲ့ အပြင်းမောင်းထွက်သွားတာ တွေ့လိုက်ရသည်။

"အော် သူတို့ အငှားကားခေါ်ခဲ့ကြတာကိုး"

ကားမောင်းထွက်သွားရာဖက်လိုက်ကြည့်ရင်း ဆရာတော့်စိတ်ထဲ စနိုးစနောင့်ဖြစ်နေမိသည်။
သူတို့ပုံစံတွေက ထူးဆန်းနေသလောက် လုပ်ရပ်တွေကလဲ သံသယရှိချင်စရာ။
ဆရာတော် သက်ပြင်းတစ်ချက်မှုတ်ထုတ်ပြီး တိုးတိုးလေး ညီးညူလိုက်သည်။

"ဖူး" " ဒီဖိနပ်တွေကို ဘယ်အချိန်ထိများ.. သိမ်းဆည်းထားရပါ့မလဲ"

ဒေါက်ဖိနပ်လေးဖက် နှင့် ဟူလီယာ နန်စီဆိုတဲ့ သူစိမ်းအမျိုးသမီးနှစ်ဦး (၁)

ဒေါက်........ ဂွပ်......... ဒေါက် ........ဂွပ် ......
ဒေါက် .....ဂွပ် ....ဒေါက် .........ဂွပ်

ခြေသံညီညီနှင့်ခပ်သွက်သွက်ပြေးတက်လာကြသည့်ဖိနပ်သံ။

တစ်ခါမှ မကြုံဖူးမကြားဖူးသောအသံများကြောင့် တရားရှုမှတ်ရင်း ဆရာတော် နားစွင့်နေလိုက်သည်။

တစ်ယောက်.... နှစ်ယောက်..
ဒေါက်ဖိနပ်သံ...
အမျိုးသမီး....

ဆရာတော် စိတ်ထဲက ရေရွတ်ရင်း တင်ပလင်ခွေအနေအထားကို ဖြုတ်လိုက်သည်။ ဘုရားရုပ်တုတော်ကို ဦးသုံးကြိမ်ချပြီး မတ်တပ်ရပ်ကာ အပေါ်ရုံသင်္ကန်းကို သေချာပြင်ဝတ်လိုက်သည်။ ရဟန်းဖြစ်သည့်တိုင် ဧည့်သည်တော်တွေအတွက် အာဝါသိက၀တ် ပြုရမည့် တာဝန်ဝတ္တရားရှိနေသေးတယ်မဟုတ်လား။

တောမကျမြို့ မကျရွာကြီးတစ်ရွာမှာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရှိသည်။ ရွာကလဲကြီး ကျောင်းကလဲ တစ်ကျောင်းထဲမို့ ဘုန်းတော်ကြီးကျောင်းကို နတ်ဘုံနတ်ဗိမာန်အလား ဟီးနေအောင်ဆောက်လုပ်ထားကြသည်။ ကျောင်းဝင်းကြီးကလဲ ကျယ်မှကျယ်။ ဆရာတော်စာအသင်အပြကောင်းလွန်းသောကြောင့် အနယ်နယ်အရပ်ရပ်က စာသင်သား ကိုရင်ကျောင်းသားများကလဲ တစ်ဖွဲဖွဲ။

အဲဒီကျောင်းတိုက်ကြီးအတွင်းမှာ သိမ်ကျောင်းတော်ကြီးက စိတ်ဝင်စားစရာအကောင်းဆုံး။ ရှေးဆန်ဆန် စုလစ်မွန်းချွန်တွေနှင့်ခြယ်မှုန်းပြီး ဆောက်ထားသည်။ နှစ်ထပ်ကျောင်းတော်ကြီးဖြစ်သည်။ သိမ်ကျောင်းကြီးအတွင်းပိုင်းမှာကတော့ လျစ်စစ်မီးမရှိတဲ့အတွက် မှောင်မဲလျက်ရှိသည်။ တစ်ယောက်ထဲ ကျောင်းကြီးအတွင်းဝင်သွားမိရင် ငုတ်တုတ်ထိုင်မေ့ရမတတ် ကြက်သီးမွေးညှင်းတစ်ဖြန်းဖြန်းထလောက်ရဲ့ ။

မည်သူတစ်ဦးတစ်ယောက်မှ ညနေခင်းဆို သိမ်ကျောင်းကြီးအတွင်း မ၀င်ရဲပေမဲ့ ဆရာတော်ကိုယ်တိုင်ကတော့
ညနေဘက်တွေမှာ တစ်ပါးထဲ ဆိတ်ငြိမ်စွာ တရားရှုမှတ်နေကြ။ ဒီနေ့ ညနေခင်းမှာလဲ ခါတိုင်းနည်းတူ တရားရှုမှတ်နေခိုက် ဖိနပ်သံကြားလို့ တရားဖြုတ်လိုက်ခြင်းဖြစ်သည်။

"ဆရာတော်... ဆရာတော်..."

"တံခါးစေ့ထားရုံစေ့ထားတာပါ၊ တွန်းဖွင့်ပြီး ၀င်ခဲ့လိုက်"

တံခါးဖွင့်ပြီး ၀င်လာကြသည်။
ဆံပင်ခပ်ရှည်ရှည် အသားခပ်ညိုညို အရပ်အမောင်းကောင်းကောင်း အစိမ်းရင့်ရောင် ၀မ်းဆက်ဝတ်ထားကြတဲ့ အမျိုးသမီးနှစ်ယောက်။ ဖိနပ်ကိုတော့ စီးလျက်သား။ အတော်လေးထူးဆန်းနေသည်။ အမတန်မွန်မြတ်တဲ့ သိမ်ကျောင်းတော်ကြီး အပေါ်ထပ်ကို မိန်းခလေးတွေလဲဖြစ် ဖိနပ်လဲ မချွတ်ဘဲ ၀င်ရောက်ရဲတဲ့ သတ္တိ။
သူယောင်မယ်တွေများလား။

"မိန်းခလေးတွေ ဘာကိစ္စလဲ"

"တပည့်တော်မနာမည်က ဟူလီယာ၊ သူကတော့ တပည့်တော်မရဲ့ မိတ်ဆွေ နန်စီ"

နာမည်တွေက အဆန်းသားလို့ ဆရာတော် စဉ်းစားမိလိုက်၏။

"အော်... အေး... အေး.... တွေ့ရတာတော့ ၀မ်းသာပါတယ်ကွယ်.. ဒါပေမဲ့ ဖိနပ်ကလေးတွေ ချွတ်ပြီး ၀င်ခဲ့ရင်ပိုကောင်းတာပေါ့"

ဆရာတော်က ဧည့်ဝတ်ပြုဖို့ နှုတ်ခွန်းဆက်ဖို့ မတ်တပ်အနေအထားမှာပင်ရှိသေးသည်။ နိသီဒိုင်ခင်းပေါ် ပြန်ထိုင်မည်အပြု။ ဟူလီယာဆိုတဲ့ မိန်းခလေးက တဲ့တိုးကြီး စကားဆိုလာသည်။

"ဆရာတော်... ဒီဖိနပ်နှစ်ရံလုံးကို ၀ယ်ပါ၊ ဒီကိုလာတဲ့ ကိစ္စက ဒီဖိနပ်နှစ်ရံကို ဆရာတော်ဆီလာရောင်းတာဘဲ၊ တပည့်တော်မတို့ မထိုင်တော့ဘူး"

သူတို့စီးလာတဲ့ ဒေါက်ဖိနပ်တွေကို မချွတ်ဘဲ လက်ညိုးထိုးပြီး ရောင်းနေခြင်းဖြစ်၏။
ဆရာတော် အံ့အားသင့်သွားသည်။
မိန်းခလေး၊ သိမ်ကျောင်း၊ ဒေါက်ဖိနပ်၊ အရောင်းအ၀ယ်။
ဆရာတော်အံ့သြမယ်ဆိုလဲ အံ့သြချင်စရာ။

"ဆရာတော်... မ၀ယ်လို့ မဖြစ်ဖူးနော်... ၀ယ်ကိုဝယ်ရမှာ.."

ဟူလီယာက ဆရာတော်ကို ၀ယ်ဖို့ အတင်းတိုက်တွန်းနေသည်။

"ဘုန်းကြီးနဲ့ဒေါက်ဖိနပ် မအပ်စပ်ပါဘူး မိန်းခလေးတို့ရယ်၊ ဘုရားဖူးဖို့လာတာမဟုတ်ဘဲ ဒီဖိနပ်ရောင်းဖို့သက်သက်လာခဲ့တာဆိုရင်တော့ ကိုယ့်ပစ္စည်းကိုယ်ယူပြီးသာ ပြန်ကြပါတော့လို့ မေတ္တာရပ်ပါတယ်၊ ဘုန်းကြီးမ၀ယ်နိုင်ပါဘူး"

ဟူလီယာက နန်စီမျက်နှာကိုကြည့်ပြီး တိုးတိုးကပ်ပြောလိုက်သည်။

"နန်စီရေ..ဆရာတော်သာ မ၀ယ်ရင် ငါတို့နှစ်ယောက်ရဲ့  လုံခြုံရေး စိတ်မချရဘူးနော်"

"ဟုတ်တယ် ဟူလီယာ"

ပြီးတော့ ဆရာတော်ဘက် ကြည့်ပြီး ပြန်လျောက်လိုက်သည်။

"ဆရာတော်... ၀ယ်လိုက်ပါဘုရား.... ဆရာတော်ဝယ်မှ အဆင်ပြေမှာ နို့မဟုတ်ရင်..."

ဟူလီယာပြောရင်း စကားတစ်ဝက်တစ်ပြက်နဲ့ အသံတိတ်သွားသည်။

"မိန်းခလေးတွေ အခက်အခဲရှိရင် ဆရာတော်မှာ ရှိတဲ့ န၀ကမ္မကို လှူလိုက်ပါ့မယ်။ ဖိနပ်ကိုတော့ မ၀ယ်ပရစေနဲ့"




မပြိုင်လိုပါ


မယုံသင်္ကာမျက်လုံးနဲ့
ချစ်သူ့ သံသယတွေ
သရဲတစ္ဆေထက်ကြောက်မိရဲ့ ။

သံသယတွေ ဘေးထုတ်ဖို့ကြိုးစားရင်း
သံသယတွေ မွေးထုတ်လာမှာ တွေး
ကိုယ်တို့ ကလေးမဟုတ်တော့ဘူးလေ။

တူနှစ်ကိုယ်တည်ဆောက်ထားတဲ့ရုပ်ဆစ်
အုတ်မြစ်တွေခိုင်ခန့်ပေမဲ့
သမုဒယအုံ့မှိုင်းပြီး
သံသယမုန်တိုင်း ၀င်မွှေရင်တော့
ဒီရင်မှာ နေဆယ်စင်းထွက်
ရှင်နေမင်း နှိပ်စက်သလို။

အမှန်ကို အမှန်ဆိုရရင်ဖြင့်
ဟန်ပိုမို အချိုရည်မလောင်းတတ်ပါဘူး
မိတ်ပေါင်းဆွေသဟာငယ်များပေမဲ့
အတိတ်ဇာတ်ကြောင်းကို
ဟိတ်ပါဌ်လောင်းထည့်ရရင်တော့
ကိုယ့်နှလုံးသားအိတ်ကပ်ထဲမှာ
မင်းလေးတစ်ယောက်ထဲသာ။

ရန်ကိုရန်ချင်းမတုံ့နှင်းချင်ပါဘု
ကိုယ်နိုင်ရင် ကိုယ်ဘဲကြေကွဲတတ်သူမို့
ဟိုကထဲက အရှုံးပေးပြီးသားပါ
မုန်းမေ့ဖို့မလွယ်တာ
မင်းလေးသာအနိုင်လိုချင်ရင်
မပြိုင်လို အရှုံးပေးမယ်ကွဲ့လေး။ ။

Sunday 21 December 2008

မမှန်သေးတဲ့အမှန်တရား


နာရီတွေ ပြောင်းပြန်သွားရင်
အနောက်ကနေထွက်
အရှေ့ ဘက်အိပ်စက်မလား။

အနောက်ကနေထွက်ရင်
ကုန်းပြင်တွေ ပင်လယ်ဖြစ်
ပင်လယ်တွေ ကုန်းမြင့်ပေါ်ရောက်
ကျနော် ကြောက်သလိုလိုဘဲ။

ပွင့်ပြီးမှ သီးရိုးရှိပေမဲ့
အပွင့်မဲ့ ပင်စည်က
အသီးတွေမွေးထုတ်
ခရီးအတော်ရောက်နေကြပြီ။

ထမင်းစားမှ
အသက်ရှင်မလား
အနောက်တိုင်းသားတွေကြားရင်
ဟားကြလိမ့်မယ်။

ပြန်ပေးဖို့ကြွေးရှိသူတွေ
အသက်ရှည်နေကြတယ်
ပြန်ရမဲ့သူတွေက ပြန်မရမှာ ကြောက်
မေတ္တာတွေလျောက်ပို့ရင်း
အသက်ရှည်အောင်ဆုတောင်းပေးနေကြလို့။

နာရီလမ်းလျှောက်သံ
နေမင်းငိုညည်းသံ
ပင်လယ်အော်ဟစ်သံ
ပင်စည်တမ်းတသံ
ပေါင်မုန့်အောင်စည်သံ
ကြွေးရှင်ရေရွတ်သံ
များစွာ... များစွာ... အသံများစွာ
တစ်ခါတစ်ရံတော့ အပြန်တစ်ရာမှန်နေတတ်တယ်။

လောကနှင့်သဘာဝ


မိုးပျံပူစီဗောင်း မေတ္တာမျိုးနဲ့
တိမ်တိုက်တွေကိုဖြားယောင်းပြီး
ရေငံသောက်သုံးနေတဲ့သူတွေ။

ဟစ်တလာဆီက မိုက်မဲမှုတွေငှားရမ်း
သူရဲကောင်းအယောင်ဆောင်
ခြေမပါတဲ့သူနှင့်အပြေးပြိုင်ရတာကို
သတ္တိလို့ခေါ်သတဲ့။

အာကာသကြီး နှာစေးနေတဲ့အခါ
ဥက္ကာပျံတွေ
အင်္ဂါဂြိုဟ်ခွင်ပေါ် အလည်ရောက်သွားကြတယ်။

ပန်းပန်ရတာကို
ဂျိန်းစ်ဘွန်းကားကြည့်ရသလောက်
သူနှလုံးရောဂါမရှိတော့ဘူးဆိုဘဲ။

ကြယ်တစ်ပွင့်ရဲ့ ရာဇ၀င်
ရေအောက်ကြမ်းပြင်မှာ သွားရှာ
အဖော်ပါသွားရင်
ငှက်ဖျားကြောက်စရာမလိုဘူး။

ဘိန်းခင်းတွေက
မော်စီတုန်းလူဝင်စားမဲ့နေ့ကို
မြေသြဇာစုဆောင်းရင်း
သီးချင်းတစ်ကြော်ကြော်နဲ့။

အလက်ဇန္ဒြားကတော့
အီရတ် အာဖဂန် စစ်ပွဲတွေကို
ငှက်ပျောသီးအခွံနွှာရင်း
အိပ်ပျော်သွားသတဲ့။

အမေရိကားနှင့်အာရှအကွာအဝေး
ရိုက်ညီနောင်မပါရင်
အာယုကပ်တွေ
မာတာပိတုမကယ်နိုင်လောက်တော့ဘူး။

အရောင်အဆင်းတွေ
မာနတက်နေချိန်မှာ
နေမင်းကြီးက ခပ်ပြုံးပြုံးနဲ့
"ငါ မအိုသေးသရွေ့ ပေါ့" တဲ့။

သေနေတဲ့ ရုပ်အလောင်းပေါ်က
ယင်ကောင်တွေလို
အပင်ပေါ်ကပြုတ်ကျသေတဲ့ မျောက်သေကိုကြည့်ပြီး
"အဲဒါ ငါကွ ဘာမှတ်လဲ" ဆိုဘဲ။

အရသာတွေ ပျော်ရွှင်စွာ
လျာပေါ်စီးမျောသွားခိုက်
အာရုံကြောတွေက
"ဖြေးဖြေးလေကွာ" လို့ပြောတယ်။

ပြောရရင်တော့
အလင်းရောင်ဆိုတာ
မျက်စိမမြင်တဲ့သူတွေအတွက်
ပုပ်သိုးနေတဲ့
ဟင်းလျာတစ်ခွက်ပါဘဲလေ။



အင်္ဂလန်နှစ်ပတ်လည်

အင်္ဂလန်ရဲ့ နှစ်ပတ်လည်မဟုတ်ပါဘူး။ အင်္ဂလန်ကို ကျနော်ရောက်ခဲ့တဲ့ နှစ်ပတ်လည်ပါ။

ဘာလိုလိုနဲ့ အင်္ဂလန်ရောက်လာတာ ဒီနေ့ဆို တစ်နှစ်တင်းတင်းရှိရောပေါ့။ မကြာလိုက်သလိုဘဲ။ အချိန်နှင့်ဒီရေသည် လူကိုမစောင့် ဆိုတဲ့ ဆိုရိုးစကားဟာ အရမ်းမှန်တယ်။ အလုပ်လုပ်နေရင်ဘဲဖြစ်ဖြစ် အလုပ်မလုပ်ဘဲနေရင်ဘဲဖြစ်ဖြစ် အချိန်ကတော့ သူ့အလုပ်သူလုပ်နေတာပါဘဲ။ ကြောက်စရာအကောင်းဆုံးအရာကို ပြောပြပါဆိုရင် အချိန်ကိုဘဲ လက်ညိုးထိုးပြရမှာပါ။

အချိန်ရဲ့ ဝါးမျိုးခြင်းကို လူတိုင်း သတ္တ၀ါတိုင်း အရာဝတ္ထုတိုင်း မလွဲမသွေခံနေကြရပါတယ်။
အချိန်ကိုအရှုံးမပေးဘဲ အကျိုးကျိုးရှိရှိအသုံးချနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။

ဒီဂရီတစ်ခုခုရရှိဖို့နှင့် အင်္ဂလိပ်စာတိုးတက်ဖို့ အင်္ဂလန်လာရောက်ခဲ့ပေမဲ့ တစ်နှစ်သာကုန်သွားတယ်။ အခြေအနေအရ ဒီဂရီရဖို့နေနေသာသာ ဒီတစ်နှစ်လုံး တက္ကသိုလ်တောင်မတက်လိုက်ရပါဘူး။
ကျောင်းစရိတ်က ထင်ထားတာထက် အဆမတန် များနေတယ်။
လာမဲ့ ၂၀၀၉ ခု ပညာသင်နှစ်မှာတော့ တက်ဖြစ်မှာပါ။
ဒီ ၂၀၀၈ ခုနှစ်မှာကတော့ စာဖတ်လိုက် စာရေးလိုက် အင်တာနက်ဝင်လိုက် သတင်းနားထောင်လိုက်နဲ့ အချိန်ကို ကုန်စေလိုက်ပါတယ်။

အင်္ဂလိပ်စာအနေအထားအရ နဲနဲတိုးတက်လာတယ်ထင်ရပေမဲ့ အားရကျေနပ်မှုကတော့ မရှိသေးပါဘူး။
ကျနော်ကိုယ်တိုင်က အပျင်းကြီးနေတော့ တိုးတက်မှုနှေးကွေးတာပေါ့လေ။
တိုးတက်လာတာ တစ်ခုတော့ ရှိတယ်။ အဲဒါက ၀ိတ်တက်လာတာဘဲ။
အင်္ဂလန်မလာခင်တုန်းက ပေါင် ၁၂၀ ဘဲရှိတာ။ အခု ပေါင် ၁၃၀ ကျော်သွားပြီ။
ဒါကြောင့်မို့ သူငယ်ချင်းတွေကို ရယ်စရာအနေနဲ့ ပြောဖြစ်သေးတယ်။ အင်္ဂလန်မှာနေရတာ ပေါင်တိုးလာတာ (၀ိတ်တက်လာတာ) အမြတ်ဘဲလို့။ ၁၀ ပေါင် ကျော်ကျော်ကြီးကို တိုးလာတာ။

ကျနော်ကိုယ်တိုင်က အရမ်းဝချင်နေတာ။ မြန်မာမှာနေတုန်းကဆို ၀ဆေးမှန်သမျှ မစားဖူးတာ မရှိသလောက်ဘဲ။ အင်္ဂလန်ရဲ့  ပေါင်မုန့် ထောပတ်သုပ် နှင့် ချောကလက်တွေရဲ့ အစွမ်းကြောင့် ကျနော်ဆန္ဒပြည့်တယ်လို့ ပြောရမှာပေါ့လေ။ ဟဲ ဟဲ။

ဒီနှစ် ၀ိတ်တက်အောင်စုထားရမယ်။ အားမွေးထားရမယ်။ ဒါမှ လာမဲ့နှစ် တက္ကသိုလ်တက်ရင် ပိုပြီးအပင်ပန်း ခံနိုင်မှာ မဟုတ်လား။ မြန်မာနိုင်ငံကို ပြန်သွားတဲ့အခါ ပေါင် ၁၂၀ လောက် ကျန်ရင် ကျေနပ်ပါတယ်လေ။ အင်္ဂလိပ်စာလဲ Perfect ဖြစ် ၀ိတ်ကလဲ တက်လာတယ်ဆိုရင်တော့ ကျနော့်ကံပေါ့။ အဟဲ။ ဘိလပ်ပြန်ကြီး ခပ်ဖြီးဖြီးများ ဖြစ်နေမလားမသိဘူး။

ဒါပေမဲ့ ဒီအနောက်တိုင်းပညာရေးစနစ်ကြောင့် ကိုယ့်ကိုကိုယ် သတ်သေတဲ့သူတောင်ရှိတယ်တဲ့။ ပြီးတော့ ဦးဏှောက်မခံနိုင်ရင် ရူးသွားနိုင်တယ်တဲ့။ ကြားဖူးတာပါ။ ကျနော်ကတော့ စိန်ခေါ်ပြီး စမ်းသပ်ကြည့်လိုက်ချင်တယ်။ ဗမာ့သွေးလေ သိတယ်မဟုတ်လား။ ဦးချိုသွေးတဲ့နေရာမှာ ထိပ်ဆုံး။

အင်္ဂလန်ရောက်တဲ့ နှစ်ပတ်လည်တဲ့နေ့မှာ မင်္ဂလာအရှိဆုံးကတော့ ဒီနေ့ ကမ္ဘာ့ကလပ်များ ချန်ပီယံပြိုင်မှာ ကျနော့် အသဲစွဲ မန်ယူကြီး ဖလားမြောက်ခွင့်ရသွားတာပါဘဲ။ ဂျပန်မှာ သွားကန်တာပါ။ ကျနော်ကတော့ တီဗီမှာ တိုက်ရိုက်ကြည့်ခွင့်ရလို့ တစ်မနက်လုံး ထိုင်ကြည့်နေလိုက်တယ်။ ၀ိန်းရွန်နေးရဲ့  တစ်လုံးတည်းသော ဂိုးနဲ့ ချန်ပီယံဖြစ်သွားတာပါ။

အင်္ဂလန်ချန်ပီယံ၊ ဥရောပချန်ပီယံ၊ ပြီးတော့ အခု ကမ္ဘာ့ချန်ပီယံဆိုတော့ ကျနော် အားပေးရကျိုးနပ်တာပေါ့ဗျာ။
အဲဒီ မန်ယူရဲ့  အောင်မြင်ခြင်းသည်ပင်လျင် ကျနော့်နှစ်ပတ်လည် ဖြစ်ပေတော့၏ လို့ဘဲ ဆိုလိုက်ပါရစေ။

ဒီနေ့ နေ့လည်စာအတွက် ထမင်းမစားလိုက်ဘူး။ KFC ဘဲ ၀ယ်စားဖြစ်တယ်။ မန်ယူအောင်ပွဲအတွက် ကျနော်ဂုဏ်ပြုပြီး ကျွေးတာလို့ မထင်လိုက်ပါနဲ့။ ကျနော်တို့ သူငယ်ချင်းလဲဟုတ် နောင်တော်ကြီးလဲဟုတ်တဲ့ တစ်အိမ်ထဲနေ ကိုတင်ရွှေကြီး Lotto hotpick လို့ ခေါ်တဲ့ ထီကို ပေါင် ၄၅၀ ဖိုးပေါက်လို့ သူကဘဲ ၀ယ်ကျွေးတာပါ။ စားရတာ အရသာရှိလိုက်တာဗျာ။ မိတ်ဆွေတို့ကိုတောင် မေ့သွားတယ်။
ကြုံကြိုက်ရင်တော့ အားလုံးကို ကျွေးလိုက်ချင်စမ်းပါဘိ။

အားလုံးပျော်ရွှင်နိုင်ကြပါစေ။

Saturday 20 December 2008

Usage of English 4 (အင်္ဂလိပ်စာအသုံးအနှုန်း ၄)

"ရေပေါက် ရေစက်၊ ကြိမ်ကြိမ်တက်က၊ အိုင် ဗွက် ချောင်း ကန်၊ ရေပြည့်လျံ၏"
ပညာရှာတဲ့အခါ ဖြေးဖြေးနဲနဲချင်း သင်ယူလို့ရှိရင် ကြာလာတဲ့အခါမှာ ပညာတတ်ကြီးဖြစ်လာမှာ မလွဲမသွေပါဘဲ။

ကြိုးစားလိုက်ကြရအောင်နော်
..................................


*We were supposed to have gone away this week, but Mg Mg's ill so we couldn't go.
ဒီအပတ် ကျနော်တို့ အပြင်ထွက်ကြမလို့။ ဒါပေမဲ့ မောင်မောင်နေမကောင်းလို့ မသွားနိုင်ဘူး။

*I am determined to get this piece of work finished today.
ဒီနေ့ ဒီအလုပ်ပြီးဖို့ ဆုံးဖြတ်ထားတယ်။

*They were prepared for the worst.
သူတို့ အဆိုးဆုံးကို မျှော်လင့်ထားကြတယ်။

*All parents of small children get tired. It is to be expected.
ကလေးတွေရှိတဲ့ မိဘအားလုံးဟာ ပင်ပန်းကြတာချည်းဘဲ။ ဒါက ဖြစ်တတ်တဲ့ သဘောဘဲလေ။

*I'm very interested in history.
ကျနော် သမိုင်းကို အရမ်းစိတ်ဝင်စားတယ်။

*I am not personally acquainted with the gentleman in question.
ဆွေးနွေးနေတဲ့ လူကြီးကို ပုဂ္ဂိုလ်ရေးရာအရ ကျနော် မရင်းနှီးပါဘူး။

*Have you got used to living alone?
ခင်များတစ်ယောက်ထဲ နေရတာ ကျင့်သားရသွားပြီလား။

*I am accustomed to eating bread.
ကျနော် ပေါင်မုန့်စားရတာ အကျင့်ရသွားပါပြီ။

*He is addicted to smoking.
သူ ဆေးလိပ်စွဲနေပြီ။


မီးနင်းများ
....................
be supposed to= ယူဆသည်။ ထင်စရာရှိသည်။
be determined to= ဆုံးဖြတ်သည်။
be prepared= ပြင်ဆင်သည်။
to be expected=ဖြစ်လေ့ဖြစ်ထရှိသည်။
be interested in= စိတ်ဝင်စားသည်။
be acquainted with= သိသည်။ အကျွမ်းဝင်သည်။
get used to= ကျင့်သားရသည်။
be addicted to= စွဲလန်းသည်။

Usage of English 3 (အင်္ဂလိပ်စာအသုံးအနှုန်း ၃)

"တစ်လှမ်း နှစ်လှမ်း၊ ကြိမ်ကြိမ်လှမ်းက၊ ရည်မှန်းတိုင်းမြောက်၊ ပန်းတိုင်ရောက်၏"
ဆိုတဲ့ လင်္ကာလေးလိုဘဲ ဖြစ်ချင်တဲ့အရာကို နဲနဲနှင့်မှန်မှန် လေ့လာမှတ်သား အားထုတ်သွားရင် ပန်းတိုင်ဆိုတာ နီးသထက်နီးလာမှာပါ။

အတူတူလေ့လာပြီး ပန်းတိုင်ဆီဦးတည်ကြရအောင်။
..................................


*He is determined to win at any cost.
ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ် သူ နိုင်ရမယ်လို့ ဆုံးဖြတ်ထားတယ်။

*He is determined to succeed at all costs.
ံမဖြစ်မနေ အောင်မြင်ရမယ်လို့ သူ ဆုံးဖြတ်ထားတယ်။

*All of a sudden someone grabbed me around the neck.
ရုတ်တရက် တစ်ယောက်ယောက်က ကျနော့် လည်ပင်းနားကို ဆုပ်ကိုင်လိုက်တယ်။

*We've got rid of all the old furniture in our house.
ငါတို့အိမ်က ပရိဘောဂအဟောင်းတွေအားလုံးကို ရှင်းလင်းပစ်လိုက်ပြီ။

*These shoes are worn out.
ဒီဖိနပ်တွေ ပျက်စီးသွားပြီ။

Could you sort out the toys that can be thrown away?
လွင့်ပစ်ဖို့ ကလေးကစားစရာအလုပ်ကလေးတွေကို ရွေးထုတ်ပေးနိုင်မလား။

*If you can wait a moment, I'll sort it all out for you.
ခဏလေးစောင့်နိုင်ရင် အဲဒါအားလုံး မင်းအတွက် ငါဖြေရှင်းပေးမယ်။

*I think you know what I mean.
So, I am sure I don't need to spell it out.
ငါဘာဆိုလိုတယ်ဆိုတာ မင်းသိမယ်ထင်ပါတယ်။ ဒါကြောင့် ငါရှင်းပြတော့မလိုတော့ပါဘူး။

*The new law takes effect from tomorrow.
မနက်ဖြန်ကစပြီး ဥပဒေအသစ် စတင်ပြဌာန်းမယ်။

*He came into power in 1959.
သူ ၁၉၅၉ ခုနှစ်မှာ အာဏာရလာခဲ့တယ်။

*President Bush has turned down the request.
လျောက်လဲချက်ကို သမတဘုရှ် ပယ်ချလိုက်တယ်။


မီးနင်းများ
---------
at any cost= ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ်
at all costs= မဖြစ်မနေ၊ အစွမ်းကုန်
all of a sudden= ရုတ်တရက်
get rid of= ဖယ်ရှားသည်။
be worn out=ပျက်စီးသည်။
sort out= ရွေးထုတ်သည်၊ ဖြေရှင်းသည်။
spell out= ရှင်းပြသည်
take effect= စတင်ကျင့်သုံးသည်။
come into power= အာဏာရသည်။
turn down= ပယ်ချသည်။

Friday 19 December 2008

Usage of English 2 (အင်္ဂလိပ်စာအသုံးအနှုန်း ၂)

အင်္ဂလိပ်စာ အသုံးအနှုံးတွေက အများကြီးပါ။ ဘာသာတစ်ခုကို ပြည့်ပြည့်စုံစုံတတ်ရှိဖို့ဆိုတာကတော့ အိပ်မက်တစ်ခုမျှသာပါ။ ဒါပေမဲ့ အားမလျော့စေချင်ဘူး။ ကြိုးစားရင် အနီးစပ်ဆုံးဖြစ်နိုင်ပါတယ်။
အခုလက်ရှိကာလမှာ အသုံးများနေတဲ့ စကားတွေကိုဘဲ ရှာဖွေပြီး မှတ်စုတစ်ခုအနေနဲ့ ကျနော် ဆက်လက် ချီတက်သွားမှာပါ။
တတ်မြောက်ပြီးသူများက ဒါလေးများဆိုပြီး ကဲ့ရဲ့ ကောင်း ကဲ့ရဲ့ ပါလိမ့်မယ်။
ဒါပေမဲ့ ကျနော်ကိုယ်တိုင်က ပညာရှာဆဲမို့ ကျေနပ်စွာ ရှာဖွေနေဆဲပါဘဲ။

စိတ်ပါဝင်စားသူများ အတူတူ လေ့လာကြပါစို့။
*********************


Starting anything new presents you with a variety of challenges and uncertainties.
အသစ်ကစခြင်းဟာ စိန်ခေါ်မှုအမျိုးမျိုး မသေချာမှုအမျိုးမျိုးကို မင်းကို ပေးအပ်လိုက်ခြင်းဘဲ။


The booklet is divided into sections to help identify specific areas of study skills and where to get help.
ဒီစာအုပ်ကလေးကို ကဏ္ဍပေါင်းစုံခွဲထားပါတယ်။ လေ့လာမှုအရည်အသွေးအတွက် တိကျတဲ့နယ်ပယ်နှင့်အကူအညီရနိုင်တဲ့နေရာကို အသိအမှတ်ပြုပေးဖို့ပါ။


If you flick through now, you will see what it covers, and you will then be able to dip into the sections you need.
မြန်မြန်လှန်လောပြီး ကြည့်ရင် ဘာတွေပါဝင်တယ်ဆိုတာ မြင်ရမှာပါ။ ပြီးတော့ လိုအပ်တဲ့ ကဏ္ဍတွေကို ဖတ်ရှုနိုင်လာမှာပါ။


You will have to find out information for yourself.
အချက်အလက်ကို ကိုယ်တိုင် ရှာဖွေဖော်ထုတ်ရမှာပါ။


You will have to plan in advance to get all your work done on time.
အလုပ်အားလုံး အချိန်မီ ပြီးစီးဖို့ ကြိုတင်ပြီး အစီအစဉ်ဆွဲထားရပါမယ်။


The more you know about the topic before you walk into your seminar or lecture, the easier it will be to take notes.
Seminar (သို့) Lecture တွေနှင့်ပက်သက်လာရင် မကြုံတွေ့ခင် ခေါင်းစဉ်အကြောင်းကို ပိုသိလေလေ မှတ်ရသားရလွယ်လေလေဘဲ။


Use a highlighter pen to pick out the most important words.
အရေးကြီးတဲ့ စကားလုံးတွေကို မြင်သာအောင်မှတ်ဖို့ Highlight ဘောပင်လ်ကို အသုံးပြုပါ။



အဓိပ္ပါယ်များ
------------
A variety of challenges= စိန်ခေါ်မှုအမျိုးမျိုး။
Divide into=ခွဲခြားသည်။ ပိုင်းဖြတ်သည်။
Flick through= လှန်လောကြည့် (ဖတ်)သည်။
Dip into= တစ်စိပ်တစ်ဒေသ ဖတ်ကြည့်သည်။
Find out=ရှာဖွေဖော်ထုတ်သည်။
In advance= ကြိုတင်ပြီး။
Walk into= ပတ်သက်သည်။
Take note= မှတ်သားသည်။
Pick out= ဖော်ထုတ်သည်။ ရွေးထုတ်သည်။

အပြုံးနဲ့နှုတ်ဆက်ချိန်



ကြယ်လေးရေ
အီဖဲလ် ပီဆာ
မင်းမော့ကြည့်နေစဉ်
ငါ့မှာတော့
အတိုင်းမသိတဲ့ အဖြစ်။

ဖာရိုးလ် လူဝီ
သခင်နှစ်ပါး
ပိရမစ် နန်းတွေကြား
မင်းရောက်နေချိန်
ငါ့မှာတော့
အထုမသိတဲ့အဖြစ်။

နပို ဟစ်တလာ
စစ်သံနှစ်သံ
မင်းညံနေချိန်
ငါ့မှာတော့
အန်ကောဝပ်ကျောင်းနား
အောင်းနေရတဲ့အဖြစ်။

ဝိုင်ချိုချိုနှင့်အချစ်
ပန်းမွေ့ယာနှင့်ချောကလက်
မင်းရှိုက်နေချိန်
ငါ့မှာတော့
တမ်းတခြင်းနဲ့ဖျားနေရတဲ့အဖြစ်။

ရောင်ဝါထိန်ညီး
ဘဂ၀ါထံပါး
သစ္စာခွန်းတွေဆင့်ခြွေရင်း
ညီမျှခြင်းတူ ချစ်ခြင်း
ရည်ရွယ်ချက်ချင်းတူ
မလွမ်းဘယ်သူရှိမလဲ။

လဲပြိုတိုင်းမှာ
အနားဖေးမ
အားပေးခဲ့တဲ့
သည်မှာဘက်ရဲ့ 
ငါ့ကြယ်လေးလဲ
အဝေးရောက်သွားပြီ။

အော်
ကြယ်လေး
ထားခဲ့တဲ့ အလင်းတန်းလေးတစ်ခု
ငါ့မျက်လုံးအိမ်ထဲ
မသိမသာကျန်ခဲ့ပါလား။

ငါ့ဆည်းဆာချိန်လဲ
ကမ္ဘာတစ်ခြား
တိုးတက်မှုတွေကြားထဲ
အ၀င်အထွက်အလွဲလွဲ
ပျောက်ဆုံးလျှက်။

ကြယ်လေးရေ
ငါ့အတွက်ချစ်ခြင်းနှင့်အတူ
ပြောင်းလဲမဲ့အရာအားလုံး
နေလာသမျှဖြေရှာမရတော့လဲ
ခွင့်လွတ်ခြင်းရဲ့  အခြားတစ်ဘက်
ပေးဆက်ခဲ့ရတဲ့ချစ်ခြင်း
နင့်သီးမှုတွေနဲ့အတူ
မြိုသိပ်ရင်း
ငါနေခဲ့ပါ့မယ်။

ရိပ်နားခို


သည်မှာဘက်ရဲ့ လပြည့်ည
ကြယ်တွေစုံသောကောင်းကင်
အိပ်မက်တစ်ဝက်နဲ့
စမ်းတ၀ါးဝါးမျှော်လင့်ချက်။

တစ်ဖက်ခြမ်းရဲ့ နေတစ်စင်း
နှင်းပွင့်ဆန်းနှင့်နိုးတစ်ဝက်
ဝိုးတ၀ါးခြေရာတစ်စုံ။

ကမ်းနှစ်ဖက်ရဲ့ 
အချစ်လျို့ ဝှက်ချက်
တစ်ချက်တည်းနဲ့ဘ၀တစ်ခုသယ်ဆောင်ညင်းရင်း
ရထားဆန်းလေးတစ်တွဲ
ဘယ်ဘူတာမှာ နားခိုရမလဲ။

သို့တည်းမဟုတ်
ဘယ်ဘူတာမှမသိ
မရပ်မနားအချစ်တေးလေး
နှစ်ကိုယ်ညည်းရင်း
သံသရာခရီးဆုံးအထိ
မောင်းနှင်သွားပါရစေ။

နိယာမတရားတွေ
ပညတ်ချက်တွေ
တားမြစ်ချက်ဥပဒေသတွေ
သောကရင်မှာ
မအေးချမ်းလဲ
ခွင့်ပြုပါလောကကြီးရယ်။

Thursday 18 December 2008

ဇင်္ဂမ မြင်ရတဲ့ ထာဝရ


တောင်ပံတွေရှိနေသရွေ့ 
ငါမအိုသေးပါဘူး။

ဘ၀တိုက်ပွဲဆိုတာ
ညမှာ
နှစ်ခြိုက်စွာအိပ်ပျော်ဖို့လောက်ခက်အံ့မထင်။

လက်တွေ့ဘ၀နှင့်လက်ရှိခဏ
မညီမျှပေမဲ့
ဒီမျှသာလို့မပြောလိုက်ပါနဲ့။

အိပ်ပျက်ညတွေကို
စိတ်ပျက်စွာ ထိုင်ရေတွက်နေမဲ့အစား
မိုင်ကုဋေခရီးကို
တောင်ပံဖြန့်ပျံသန်းလိုက်ကြစို့။

ဝမရှိဘဲ ၀ိလုပ်တာ မဟုတ်ပါဘူး
သုညရှိမှ တစ်ဆယ်ဖြစ်တာ
သုညတွေအများကြီးရှိလာရင်
နောင်တတွေ မီးညှိစရာမလိုတော့ဘူးလေ။

ပင်လယ်ပြင်ကို
ပင်ပန်းတဲ့စိတ်နဲ့ အကဲခတ်နေမဲ့အတူ
အိုအေစစ်ကိုတမ်းတ
နှလုံးသားဇာတ်လမ်းလေးစကြရင်
အပြုံးတံတားခင်းပေးမဲ့သူပါ။

ပန်းတိုင်ကို လှမ်းကိုင်ဖို့ အံတု
ဥတုရာသီ ဘေးမှာချိတ်
အတိတ်ကို အနာဂါတ်နှင့်ပေါင်းစပ်
ပစ္စုပ္ပန်ကိုတည့်တည့်ကို လှော်ခတ်
လက်ယပ်ခေါ်မဲ့သေမင်း
ဒို့နှစ်ယောက် အတူရှင်းကြစို့။

ကာလာစုံ သောကရောင်တွေအောက်က
မာယာဘုံလူသားတွေကို မေ့ထား
နေ့မအား ညမအား
ရိုးသား ကြိုးစားရင်း
ဘ၀သီချင်းအတူတူ အော်ဟစ်ကြမယ်လေ။





Usage of English 1 (အင်္ဂလိပ်စာအသုံးအနှုန်း ၁)


ကြိုတင်ပြောထားပါရစေ။

ဒီ Usage of English ကို http://dictionary. cambridge.org အွန်လိုင်း အဘိဓာန်၊
Oxford dictionary များ နှင့်
အင်္ဂလိပ်-မြန်မာ အဘိဓာန်များကို မှီငြမ်းပြီး ရေးသားခြင်းဖြစ်ပါတယ်။

အင်္ဂလိပ်စာ အရမ်းတော်လို့ အရမ်းတတ်လို့ ဒီအင်္ဂလိပ်စာအသုံးနှုန်းကို ရေးသားတာမဟုတ်ပါဘူး။
ကျနော်အနေနဲ့ မှတ်စုလေးလဲ ကျန်ရစ်အောင် လိုအပ်မယ်ထင်တဲ့သူတွေအတွက်လဲ အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်အောင် ရေးသားထားခြင်းဖြစ်ပါတယ်။

အမှားသံသရာတစ်လျောက်မှာ အမှားတွေနဲ့ရောပြွမ်းနေတဲ့ အမှားပေါင်းများစွာ ရှိနေတဲ့အတွက်
ကျနော့်ရေးသားချက်တွေလဲ မှားကောင်းမှားနေပါလိမ့်မယ်။
တကယ်လို့ အမှားတစ်ခု သို့မဟုတ် အမှားပေါင်းထောင်သောင်းတွေ့ရှိခဲ့ရင်
ပြင်ဆင်ပေးကြစေလိုပါတယ်။

အမှန်တရားကို မျှော်လင့်နေလျက်ပါ။
..................



Honey!!!
When you come across the vicissitude of the nature,
put up with it as much as possible.
Sooner or later, you will come up with a new idea how to deal with it.

As a matter of fact, I really fall in love with you.
I don’t take you for granted.

မင်းလေး
လောကဓံနှင့်ကြုံတွေ့ရတဲ့အခါ
သည်းခံနိုင်သမျှ သည်းခံပါ
အနှေးနှင့်အမြန်
ဖြေရှင်နိုင်မဲ့ နည်းလမ်း မင်းလေးရမှာပါ။

အမှန်တကယ်
အမှန်အကန်ချစ်မိတာပါ။
အကြံအဖန်အချစ်မဟုတ်ပါဘူး။
အဓိပ္ပါယ်များ
-------------
Come across= တွေ့ကြုံသည်။
Put up with= သည်းခံသည်။
Come up with= အဖြေတွေ့သည်။
Deal with= ဖြေရှင်းသည်။
As a matter of fact= အမှန်အားဖြင့်။
Fall in love with= ချစ်မိသည်။
Take for granted= လွယ်လွယ်ရလို့ အလေးမထား။

Wednesday 17 December 2008

မ ရေးတဲ့ မင်းလေး



မင်းလေးရဲ့ 
မျက်ဝန်းတစ်စုံဟာ
မြင်နေကျအရာတွေအတွက်
မျက်ရည်ကျဖို့မဟုတ်ဘူး။

မိုးရွာရွာ မရွာရွာ
မျှော်လင့်မနေပါနဲ့
မင်းလေးနဲ့ဘာမှမဆိုင်ဘူး
မိုးမှောင်ကျလာရင်တော့
မင်းလေး ကိုယ့်အနားမှာရှိဖို့
မဖြစ်မနေ လိုအပ်နေတယ်။

မြစ်ထဲက ငါးတွေအကြောင်း
မိုးပေါ်က တိမ်တိုက်တွေအကြောင်း
မြောင်တွေထဲက ကျေးငှက်သာရကာတွေအကြောင်း
မင်းလောင်းတွေအကြောင်း
မှူးမတ်တွေအကြောင်း
မင်းလေး သိနားလည်ဖို့မလိုဘူး။

မဖြစ်နိုင်ဘူးဆိုတဲ့ နိယာမဟောင်းတွေ
မြစ်ဖျားခံနေတဲ့
မင်းလေးရဲ့ စိတ်တစ္ဆေတွေကို
မြိုသိပ်ကာမထားစေချင်ဘူး
မောင်းထုတ်ပစ်လိုက်ပါတော့။

မဖြစ်နိုင်တာမရှိဆိုတဲ့ နိယာမအသစ်တွေနဲ့
မှန်တယ်ထင်ရင်
မင်းလေးအတွက်
မြင်းမိုရ်တောင်ထိပ်မှာ
မတ်တတ်ရပ်ပြမဲ့ လူစားမျိုးပါ။

မှားတယ်ဆိုတဲ့ အသိတွေ
မင်းလေး ရင်ထဲမှာ ရှိနေဆဲဆိုရင်
မှောင်မိုက်နေတဲ့လမ်းမှာ
မင်းလေး
မှားမြဲမှားနေဦးမှာပါ။

မိုက်ရိုင်းစွာနှိုင်းရရင်
မင်းတုန်းမင်းလို
မြာပွေတယ်လို့ထင်ပြီး
မုန်းမာန်မပွါးလိုက်ပါနဲ့
မောင့်ရင်ထဲမှာ
မင်းလေးတစ်ယောက်ထဲ ဆိုတာ
မိုးနတ်မင်းထံတိုင်တည်ရဲတယ်။

မဟာကပ်ကမ္ဘာက တိုလွန်းတယ်
မျှတတယ် မမျှတဘူးဆိုတဲ့
မင်းလေးရဲ့  သီအိုရီတွေ
မြောင်းထဲပစ်ချလိုက်ပြီး
မောင့်ရဲ့ လက်ကို
မြဲမြဲကိုင်ထား
မြန်မြန်သာ လိုက်ခဲ့ပါတော့။



လျောက်သင့်သောလမ်း


ချစ်သူ
ကိုယ်ဟာ မင်းနှစ်သက်စွာ
သောက်သုံးနေတဲ့
အဆိပ်တစ်ခွက်မဟုတ်ဘူး။

ပစ္စုပ္ပန်မျက်မှန်ထူထူကြီးတပ်ထားတာဟာ
အသက်ရှူသံပြင်းနေတဲ့
လောကကြီးရဲ့ 
အနာဂါတ်ကမ္ဘာလှပစေဖို့လေ။

တူနှစ်ကိုယ်ကြည်ဖြူမယ်ဆိုရင်
ယမမင်းနှုတ်ခမ်းမွေးကိုဆွဲနှုတ်ပြီး
သံသရာကို
အလျားလိုက်ကူးချင်သူပါ။

ပြိုင်ပွဲမစခင်ကထဲက
ယိုင်လဲလုလုအခြေအနေတွေဟာ
အာဟာရလိုလားသူတွေအတွက်
အားဆေးတစ်ခွက်မဟုတ်ဘူးလေ။

အမှောင်ထဲ
လက်တွဲပြီးလမ်းလျောက်မယ်
ခက်ခဲပြီး ခန်းခြောက်ပါစေ
လက်တွဲကို မဖြုတ်ကြစတမ်း။

မကြာခင်
လမ်းတလျောက်မှာ အလင်းတန်းတစ်ခုက
ထမင်းဆီဆန်းပေးတဲ့ ဖိုးလမင်းလို
ဝင်းဝင်းပပ
ရွှန်းပဝေဆာ
ရောင်နီသစ်တွေပေးမှာပါ။

ဘ၀ရဲ့ အရိပ်လှိုင်း


သက္ကရာဇ်တွေရဲ့ ခက်ဆစ်ကို မရခဲ့ဘူး။
ချည့်နဲ့နဲ့ရာဇ၀င်တွေကို ငါပိုင်တယ်။
ငါက
ငွေရဖို့ဆိုရင်
ငါ့လက်ဖ၀ါးပေါ်က
ဆော်လမွန်လက်စွပ်တောင်ရောင်းလိုက်ချင်တာ။ (ပွဲစားမလို)

အမှတ်တရဖွင့်ရလောက်တဲ့
အလွမ်းသီချင်းမရှိပါဘူး
အော်
ငါ့နှလုံးသားဟာ
ပျားသလက်မဟုတ်ဘူးလို့ ယုံကြည်တယ်။

နေကမြင့်ပြီး
လူတွေက ရင့်လာပေမဲ့
ငါ့အတွက် သင်္ချိုင်းမတွေ့သေးဘူး။

အထီးကျန်ခြင်း
နွမ်းပါးခြင်း
လမ်းသလားခြင်း
ငါ့ကိုမွမ်းမံတဲ့
စိတ္တဇနာမ်တွေလေ။

သဲကန္တာရမှာ ရေကြီးပြီး
ပင်လယ်ရေငတ်တဲ့နေ့က
ငါနိဗ္ဗာန်ရောက်ကြောင်း
အိပ်မက်မက်တယ်။

ပစ္စလက်ခတ် ဘ၀တစ်ခုကို
သေသေသပ်သပ်ဖန်တီးရင်း
အတ္တတွေနဲ့ဘောင်ခတ်ခဲ့တော့
သံသရာဝဲဂယက်ထဲက
ငါ့ရဲ့ တယောအိုလေးကလဲ
အဖျားမကျ
သေရာပါဗလပွဘဲ။

အထင်ကရ မမြင်ရတဲ့ခဏ


စာမသင်ချင်တဲ့ကလေးတစ်ယောက်က
စာသင်ခန်းထဲ ပစ်သွင်းခံရခြင်းဝဋ်ကို
အိမ်မြောင်သံနဲ့ညီးညူရင်း
Practical မရှိတဲ့
တံတားလေးလွတ်စာလုံးတွေအောက်
ငါ့ဦးခေါင်းကို ထိုးသွင်းမိတယ်။

ငါကတော့
စာအုပ်ထဲက ဂျပိုးတစ်ကောင်နဲ့
ရန်မဖြစ်ချင်ဘူး။

သေချာခြင်းနှင့်မရေရာခြင်း
တယူသန်ခြင်းနှင့်လူဆန်ခြင်းအတွက်
ဓါးမတစ်ချောင်းကိုဘဲ
ရှာနေမိတယ်။

သုညရဲ့ တန်ဖိုးကို ရှာဖွေရင်းနဲ့
သုညဖြစ်ခဲ့တဲ့
ငါကလေ
နောင်တတွေတဖွားဖွား မီးညှိရင်း
အချိန်ရထားကို အမီလိုက်ရတယ်။

သံသရာကို သံသယနဲ့စောင့်ကြည့်ရင်း
ဘားပလက်နဲ့ အားဆက်ခဲ့မိတော့
နှလုံးသားပြပွဲလေး
ဇာတ်လမ်းတိုတော့တာပေါ့။

နေကဘဲ အ၀င်အထွက်များတာလား
ဥတုကဘဲ အပြောင်းအလဲ မြန်တာလား
စိတ်ကဘဲ လေယာဉ်စီးနေသလား
သိပ်မသေချာခင်
ပန်းတိုင်နဲ့မှ လက်မဆက်ရသေးခင်
သေမင်းကတော့ လက်ယပ်နေပြီ။

အပြာရောင်အောက်
အနီရောင်လောက
အစိမ်းရောင်လွင်ပြင်က
သောကရောင် လူသားတွေ။

ဘ၀နေ၀င်နေထွက်ကို မေ့လျော့
အဖက်ဖက်က ချို့ တဲ့မှုတွေ ခုခံ
လူ့သဏ္ဍာန်ကွယ်ပျောက်ခဲ့ရပြီ။

Tuesday 16 December 2008

လူ့ဗီဇ


ဘ၀မှာ အနီကပ်ပြခံရတဲ့ နေ့တွေဖယ်ထုတ်
ဂုဏ်လုပ်ကြည့်နေတတ်သူတွေ
အမြီးရှည်တာကလွဲရင်
နည်းပညာတွေကမရေမရာ။

မြင်သာလောက်တဲ့ စာရိတ္တ ဖာထေးရာတွေနဲ့
အတ္တတွေက
တောက်တဲ့တစ်ကောင်လို ခါထုတ်မရတဲ့သူတွေ
အပူပွေကာနေကြလေရဲ့ ။

အမှန်တရားနှင့်ပတ်သက်ရင်
ပါဝါတိုးဖို့လိုအပ်နေတဲ့သူတွေ
အချစ်လို့ခေါင်းစဉ်တပ်
ရမ္မက်စာတမ်း လက်သရမ်းနေသူတွေ
တစ်ဖက်ကန်းဆိုပြီး ကဗျည်းတင်ရမတတ်ဘဲ။

သစ္စာပန်းကိုင်ရင်း
ပါးစပ်တစ်ခုထဲ သီလတွေ ထိုးထိုးထည့်နေပေမဲ့
ပြန်ထွက်လာတာက ပေါက်ပန်းတွေလေ။

ဘ၀လို့ရေတွက်လိုက်ရင်
တစ်ညနဲ့မိုးချုပ်ခဲ့ရသူတွေ
လူသားတွေရဲ့ ဗီဇအုပ်စုတွေပါလား။

ငြင်းပယ်လို့ မရချင်လောက်အောင်
လက်ခံယုံကြည်သူမဲ့စွာ
တစ်ယောက်ယောက်ကတော့
တစ်ခုခုမှာ ပါဝင်နေသတဲ့။

အဖြေမဲ့တဲ့ သင်္ချာတစ်ပုဒ်လို
လှုပ်ခါအောင်ရေးမိခဲ့တော့
ရုပ်ဝါဒီ ငတိလေးတွေမှာ
ဗီဇနှင့်သီလ
ဒီမျှနဲ့ စခန်းသိမ်းခဲ့ပေါ့။

အိပ်မက်တမ်းချင်း


တခဏကြုံတွေ့ရတဲ့
အချိန်တိုလေးအတွင်း
ချစ်သူ့မျက်ဝန်းနက်လေးတွေက
ငါ့ရင်ကို ဗြောင်းဆန်စေခဲ့
ခဏလေးမှ ခဏလေးပါဘဲ။

မနီးမဝေးက
ချစ်သူ့စကားသံ ချိုအေးအေးလေးတွေက
ငါ့နှလုံးသားကို သိမ်းကြုံးယူငင်လိုက်သလို
မရည်ရွယ်ပါဘဲ
စွဲလန်းမိခဲ့။

ငါ့ကမ္ဘာလေးထဲက
ချစ်သူအတွက်
ပကာသနလဲ မလိုခဲ့ဘူးနော်
ထပ်တူညီ ကိန်းတချို့ နဲ့
ပဉ္စလက်အတတ်လဲ
မလိုအပ်ခဲ့ပါဘူး
နယူတန်ရဲ့  နိယာမတွေလဲ
နေသာသလိုနေပါစေတော့။

ဆန္ဒနှင့်ဘ၀ကြား
ထပ်တူမကျခဲ့ရင်လဲ
မျှော်လင့်ခြင်းတွေနဲ့လွမ်းပါရစေ။

ဝေးကွာခြင်းရဲ့ အခြားတစ်ဖက်
သံယောဇဉ်ပန်းပင်တွေရယ်
ရနံ့ဖူးသစ်စေတဲ့
မေတ္တာဥယျာဉ်နန်းမှာ
သစ္စာတမ်းချင်းညည်းရင်း
ထာဝရအိပ်စက်ပါရစေ။

နှုတ်ခမ်းနှင့်အနမ်း


ပြုံးအောင်ပြောတာလဲ သူ့နှုတ်ခမ်း
မုန်းအောင် (ကုန်း)ချော တာလဲ သူ့နှုတ်ခမ်း။

အချစ်ဖြစ်အောင်ဆိုတော့လဲ သူ့နှုတ်ခမ်း
အပြစ်မြင်အောင်ဆိုတော့လဲ သူ့နှုတ်ခမ်း။

အကုသိုလ်ပွါးအောင်ငြင်းမှာလဲ သူ့နှုတ်ခမ်း
ကုသိုလ်များအောင် သင်းမှာလဲ သူ့နှုတ်ခမ်း။

အခုတစ်မျိုး တော်ကြာတစ်မျိုးလုပ်တာလဲ သူ့နှုတ်ခမ်း
ဟိုလိုလို ဒီလိုလိုလုပ်တာလဲ သူ့နှုတ်ခမ်း။

မာမာဟောက်တော့လဲ သူ့နှုတ်ခမ်း
ညှာညှာတာတာ နောက်တော့လဲ သူ့နှုတ်ခမ်း။

လောကနိယာမနဲ့ ဟောမှာလဲ သူ့နှုတ်ခမ်း
ကောလာဟလနဲ့ မောမှာလဲ သူ့နှုတ်ခမ်း။

တွေးမိတွေးရာနဲ့ သူ့နှုတ်ခမ်းရဲ့ အနမ်း
တစ်သက်တစ်ကြိမ်တစ်ခဏလေး သူ့နှုတ်ခမ်းရဲ့  အနမ်း
နောက်တစ်ဘ၀ တစ်ကြိမ်လွမ်းရအောင်
ကိုယ်မူးမေ့ပါရစေ။

သူ့နှုတ်ခမ်းရဲ့ အနမ်း
ကိုယ်ရူးသွပ်ပါရစေ
အခုနမ်းသော သူ့နှုတ်ခမ်း
ထာဝရချိုမြိန်ပါရစေ
နမ်းမည့်အနမ်း လန်းဆန်းပါစေ။ ။

Monday 15 December 2008

နငယ်ရေးတဲ့ နှလုံးသားတမ်းချင်း


နူးညံ့မှုတွေနဲ့ စွတ်စိုဖူးတဲ့ မျက်ဝန်းတစ်စုံဟာ
နာကျင်စရာတွေ ပေးစွမ်းတဲ့ နှုတ်ခမ်းတစ်စုံအတွက်
နားလည်ပေးရုံမှတစ်ပါး
နာကျင်စွာနဲ့ဘဲ
နှလုံးသားကတော့ သေဆုံးခဲ့ရတယ်။

နာရီစည်းဝါးချညှိလို့ မရတဲ့လောကမှာ
နစ်မြှပ်ခဲ့ရတာတွေ
နာကျည်းခဲ့ရတာတွေ
နင်မသိရှိခဲ့ပေမဲ့
နေ့ညမပျက်စိုးမိုးနေဆဲပါ။

နွေးထွေးတဲ့လက်တစ်စုံနဲ့ ကမ်းကြိုလင့်ကစား
နီကျင်နေတဲ့ မျက်လုံးတွေက
နောက်မကျသေးပေမဲ့
နာယူဖို့ခက်ခဲခဲ့ရပြီလေ။

နိယာမတွေကို သိပါတယ်
နင်လားဟဲ့ လောကဓံ လို့အော်ဟစ်ချင်ပေမဲ့
နမ်းခဲ့ဖူးတဲ့ ရနံ့ကတော့ အာရုံမှာ ငြိနေဆဲကိုး။

နုငယ်တဲ့ အလှဟာ ရင့်ကျက်မှုတွေဖုံးတော့
နင်အိပ်ပျော်နေခိုက်မှာ
နိုးကြားမှုကင်းစွာ လျောက်ခဲ့ဖူးတာတွေ
နင်သိစေချင်စွာ့။

နက်နဲတဲ့သင်ခန်းစာတစ်ပုဒ်အဖြစ်
နှောင့်ယှက်မှုကင်းတဲ့ဘ၀တစ်ခုပိုင်ဆိုင်ဖို့
နှစ်ယောက်လုံးက ဆုံးဖြတ်နိုင်မှ
နှင်းတွေခန်းခြောက်နေတဲ့
နွေလိုပူပြင်းခြင်းကင်းပြီး
နောင်တတွေ ရမနေမှာလေ။

နှောင်တွယ်ဖူးတယ်ဆိုရင်လဲ
နောက်တစ်ကြိမ်မင်းချစ်တတ်ရင်
နင်တစ်ယောက်
နောက်ထပ်
နင်းချေမှုကင်းဝေးတဲ့
နာရီပေါင်းများစွာ
နံနက်ခင်းပေါင်းများစွာ
နေ့ရက်ပေါင်းများစွာ
နူးညံ့စွာ ပြည့်စုံနိုင်ပါစေ။ ။

ညတစ်ခြမ်းနှင့်လဆန်း


ကိုယ့်ရဲ့  အပျင်းထူမှု ကိုယ် ထိုင်ချီးကျူးရင်း
ကိုယ့်ရဲ့ ကောက်ကျစ်မှုတွေ ကိုယ် ထိုင်ရေတွက်ရင်း
စိတ်မြူအတွက် ပီအိပ်ခ်ျ ၇ မနိုင်မှုတွေကြောင့်
အရသာမဲ့ ဂီတတစ်ပွဲ နားဆင်နေမိတယ်။

တည်မြဲတဲ့ မတည်မြဲခြင်းအောက်မှာ
ရာစုတွေကြား ပြေးလွှားနေတဲ့ ငါဟာ
ကြောင်တစ်ကောင်နဲ့ ရင်ဆိုင်တိုးတိုင်း
ရှူနာရှိုက်ကုန်းဖြစ်ခဲ့ရတယ်။

အတိတ်ဆိုတဲ့ အိတ်ကပ်ကလေးထဲက ချစ်သူဟာ
အာဟာရချို့ တဲ့နေတဲ့ ပစ္စုပ္ပန်အတွက်
အနာဂါတ်တွေ ပြာဖုံးသွားတယ်။

ဒါပေမဲ့
နှလုံးသားက အမှောင်ထူထူကြီးထဲ
တောက်ပသစ်လွင်နေဆဲဘဲလေ
တကယ်တော့
နှလုံးသားဟာ ကိုယ့်အတွက် အူအတက်မျှသာပါ။

အဲသလိုပေါ့
ကိုယ်လျောက်မဲ့လမ်းမှာ
မေတ္တာနဲ့ အက်ဆစ်ဖျန်းမဲ့သူက အသင့်
အဆင့်မြင့်တိုက်ပေါ်က
နှစ်ပြန်ကြော်အတ္တတွေက ကြွပ်ရွနေတယ်။

အဘိဓာန်ထဲမှာ ရှာမရတဲ့
မော်ဒန်ကဗျာတွေရဲ့ တစ်ချို့ တစ်ဝက်က
ဦးနှောက်တစ်ခြမ်းကို စိမ်းသွားစေရဲ့ ။

ရာစုနဲ့ရာသီက
တာတိုပြေးသမားလိုမြန်တယ်
အစေ့ယှက်သွားတဲ့သရက်သီးလို
သူဟာ ဖယောင်းမဟုတ်တော့ဘူးတဲ့။

Sunday 14 December 2008

နှုတ်ဆက်အနမ်း (သို့) ပြင်းထန်တဲ့စော်ကားမှု


ကံဇာတာ ညိုးနွမ်းချိန်ရောက်ရင်
စကြာဝတေးမင်းပင်ဖြစ်လင့်ကစား

ဖိနပ်နှင့်ပစ်ပေါက်ခံရတတ်၏



ဘယ်သူ့အဆိုအမိန့်မှ မဟုတ်ပါဘူး။ ကျနော်ထင်သလို ရေးကြည့်လိုက်တာပါ။
ကမ္ဘာကြီးတစ်ခုလုံးကို အမေရိကန်ကအုပ်စိုးခြယ်လှယ်နေတာ လူတိုင်းအသိဘဲ မဟုတ်လား။
Nato တို့ UN တို့ဆိုတာကလဲ အမေရိကန်ကြိုးဆွဲသလို လုပ်နေရတာဘဲလေ။
အဲဒီလို ကမ္ဘာကြီးကို အုပ်စိုးလွမ်းမိုးခွင့်ရတဲ့ နိုင်ငံမှာ သမတဖြစ်တဲ့ သူဟာ စကြာဝတေးမင်းနှင့်ဘာထူးသေးလို့လဲ။

အခုလက်ရှိသမတ ဘုရှ် ကို စကြာဝတေးမင်းလို့ ခေါ်ရင် မှားမယ်မထင်ပါဘူး။
ဒါပေမဲ့ လာမဲ့ ၆ ပတ်အတွင်းမှာ သူ့ရဲ့ နေရာကို အိုဗားမား ဆက်ခံပါတော့မယ်။
သက်တမ်း ၈ နှစ်အတွင်း သူ့လုပ်ဆောင်ချက်တွေက အရမ်းများခဲ့ပါတယ်။
Twin tower အတိုက်ခိုက်ခံရပြီးနောက်ပိုင်း အာဖဂန်နစ္စတန်နှင့်အီရတ်ကို သိမ်းပိုက်ခဲ့တဲ့နေရာမှာ သူက အဓိကသရုပ်ဆောင်ပါ။

အခုတော့ သူအာဏာကျစပြုလာပါပြီ။ မကြာခင်နန်းချခံရတော့မယ်လေ။
အာဏာကျလာတာနဲ့အမျှ ကံကြမ္မာကလဲ အဆိုးဘက်ချဉ်းနှင်းဝင်ရောက်လာတယ်။

သမတဘုရ်ဟာ ကြိုတင်အကြောင်းမကြားဘဲနဲ့ အီရတ်ကို ထွက်ခွါသွားခဲ့ပါတယ်။
အီရတ် ခရီးစဉ်အတွင်း အီရတ်ဝန်ကြီးချုပ် နောရိ မလိကီ (Nouri Maliki) နှင့် နှစ်နိုင်ငံလုံခြုံရေးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အဲဒီစာချုပ်ထဲမှာ အီရတ်မှာရှိတဲ့ အမေရိကန်စစ်တပ်ကို ၂၀၁၁ မှာ အပြီးတိုင်ရုပ်သိမ်းဖို့လဲ ပါဝင်ပါတယ်။

အီရတ်မှာ နောရိမလိကီ (Nouri Maliki) နှင့် ဆွေးနွေးနေစဉ် သတင်းထောက်တစ်ယောက်က မတ်တပ်ရပ်ပြီး စကားပြောစတိတ်ခုံပေါ်က သမတဘုရှ်ကို အော်ပြောလိုက်ပါတယ်။

"This is a goodbye kiss from the Iragi people, dog"
"ဒါမင်းအတွက် အီရတ်ပြည်သူတွေရဲ့  နှုတ်ဆက်အနမ်းဘဲ, ခွေးကောင်ရေ့ "

ပါးစပ်ကလဲ ပြော လက်ကလဲ သူ့ခြေထောက်က ရှူးဖိနပ်တွေကို ချွတ်ပြီး ဘုရှ်ရဲ့  မျက်နှာတည့်တည့်ကို ပစ်ပေါက်လိုက်ပါတော့တယ်။

သူ့ရဲ့ လှုပ်ရှားမှုက အရမ်းမြန်တယ်။ ဘယ်သူမှ မတားဆီးလိုက်နိုင်ပါဘူး။
ရှူးဖိနပ်တစ်ဖက်နဲ့ ပစ်ပေါက်ပြီးတဲ့အခါ နောက်တစ်ဖက်နဲ့ ထပ်ပစ်ပေါက်ပြန်ပါတယ်။
သူ့ထက်ပိုမြန်တာက သမတဘုရှ်ပါ။ နီးနီးကပ်ကပ် တအားလွှဲပစ်ပေါက်လိုက်တဲ့ ဖိနပ်နှစ်ဖက်လုံးကို အေးအေးဆေးဆေးဘဲ ခေါင်းငုံ့ ရှောင်တိမ်းလိုက်ပါတယ်။

နောက်တော့ အဲဒီ ဖိနပ်နှင့်ပစ်ပေါက်တဲ့ သတင်းထောက်ကို လုံခြုံရေးတွေ ၀ိုင်းပြီး ဖမ်းဆီးလိုက်ကြပါတယ်။

အာရပ်တွေရဲ့  ယဉ်ကျေးမှုရိုးရာအရကတော့ ဖိနပ်ရဲ့ အောက်ခြေ (ဖင်)ဟာ လူတစ်ယောက်ကို အပြင်းအထန်စော်ကားခြင်းပါဘဲတဲ့။ ဆဒန်ဟူစိန်အာဏာကျစဉ်တုန်းကလဲ သူ့ရုပ်တုကို ပြည်သူတွေ ဖိနပ်နဲ့ ပစ်ပေါက်ခဲ့ကြတဲ့ သာဓက ရှိခဲ့တယ်တဲ့။
ဒါဆို သမတဘုရှ် ပြင်းပြင်းထန်ထန် စော်ကားခံခဲ့ရတာဘဲ။

ကမ္ဘာကျော် အမေရိကန်သမတမဆိုထားနဲ့ ကျနော်တို့ သာမန်လူ အချင်းချင်းတောင် ဖိနပ်နဲ့ အရွယ်ခံရတာလောက်နဲ့ သိက္ခာတွေ ကျလှပါပြီ။ အခု သမတ ဘုရှ်တော့ ဘယ်လိုဖြေဆည်မယ်မှန်း ကျနော်တော့ ကောင်းကောင်းမသိတော့ပါဘူး။

ဒါပေမဲ့ ကျနော် သင်ခန်းစာတစ်ခုတော့ ရရှိသွားခဲ့ပါတယ်။
ဒါကြောင့် အပေါ်က စာပိုဒ်သုံးပိုဒ်ကို ရေးလိုက်မိတာပါ။
ဘယ်သူဘဲ ဖြစ်ဖြစ် ဘုန်းတန်ခိုးကြီးမားစဉ်မှာ လက်ညိုးညွန်ရာ ရေဖြစ်ပေမဲ့ ကံဇာတာ ဂြိုဟ်စီးလာရင်တော့ဖြင့် ဘယ်သူ့ကိုမှ ယုံစားလို့မရနိုင်တော့ပါဘူး။ လူယုံတော်တောင်မှ ရန်သူစင်စစ်ကြီး ဖြစ်သွားတတ်တယ်လေ။
အာဏာပါဝါဆိုတာ ဝေလားဝေးဖြစ်သွားတတ်ပါတယ်။
ပြီးတော့ ရစရာမရှိအောင် အစော်ကားလဲ ခံရတတ်ပါတယ်။
သမတဘုရှ်လို ပေါ့။

စဉ်းစားကြည့်လေ။
ကမ္ဘာကို ဖိန့်ဖိန့်တုန်အောင် အုပ်ချုပ်ခဲ့တဲ့သူက ခွေး လို့လဲ အခေါ်ခံလိုက်ရတယ်။
လူတွေရဲ့ အသုံးအဆောင်တွေထဲက အယုတ်ညံ့ဆုံးဖြစ်တဲ့ ဖိနပ်နဲ့လဲ အပစ်ပေါက်ခံလိုက်ရသေးတယ်။
ဒီထက်ယုတ်ညံ့တဲ့ စော်ကားမှုမျိုး ဘာရှိသေးလို့လဲ။

သင်ခန်းစာယူစရာတွေပေါ့ဗျာ။
ယူတတ်ရင်ပြောပါတယ်။

မှတ်ချက်။ ။
http://news.bbc.co.uk/1/hi/7782422.stm ကို ကိုးကားရေးသားပါတယ်။

ကဗျာမဟုတ် စာမဟုတ်

တစ်ခုလပ်မက လူပျိုလေးတွေနဲ့ ညုတုတု
မုဆိုးဖိုကြီးက အပျိုမလေးကို စိတ်ဝင်စား
၁၆ နှစ်သမီးက အသက်ခြောက်ဆယ် အဘိုးကြီးကိုယူ
ဘယ်သူတွေ ဘာပြောကြဦးမလဲ။

သံစဉ်မရှိတဲ့ သီချင်း
တီးလုံးမပါတဲ့ အက
ကာရန်မရှိတဲ့ ကဗျာ
သူ့ဟာနဲ့သူတော့ ဟုတ်နေကြတာဘဲလေ။

ဆောင်းမှာရွာတဲ့ မိုး
နွေမှာတိုက်တဲ့ လေပူ
မိုးမှာဝေတဲ့ နှင်း
သူတို့အချင်းချင်းတော့ ဘယ်လိုတော်စပ်လဲမသိဘူး။

အရွယ်မတူ အိမ်သူဖြစ်
ကာရန်မပါ ကဗျာဖြစ်
ဒါတွေကို ကျနော် စိတ်မညစ်။

အခါလွန်မိုး ရွာသွန်းဖြိုး
ဆောင်းကာလအချိုး မိုးကတမျိုး
တိုးလို့ သာ ကျနော် စိတ်ပျက်သဗျိုး။

ရက်စက်ပါဘိ မိဆောင်းရယ်


နှင်းမကျစေကြောင်း... ဆုတောင်းမိသည်.......

ဆောင်းရောက်ရင်.... သဇင်ပွင့်မည်..... နှင်းကျမည်.... ဆုတောင်းမပြည့်ခဲ့ပါလေပြီ။


သီချင်းလေးကလွမ်းစရာ အရမ်းကောင်းပါတယ်။
ဆွေးဆွေးမြည့်မြည့်ဆိုဟန်က ကျနော့်စိတ်ကို ပိုပြီးလှုပ်ရှားစေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က နယ်စပ်ဒေသ တစ်ခုမှာ သွားနေစဉ်ကာလကဆို ဒီသီချင်းလေးကို ကြားတိုင်း ဘာကိုလွမ်းသလိုလိုကြီးကို ခံစားခဲ့ရတာ။ အလွမ်းဓါတ်ခံရှိတယ်လို့ ပြောရမယ်ထင်တယ်။ အလွမ်းသီချင်းတို့ အလွမ်းတီးလုံးတို့ အလွမ်းပြဇာတ်တို့ အလွမ်းစာအုပ်တို့.... အားလုံးဟာ ကျနော့်အတွက် လွမ်းစရာတွေချည်းပါဘဲ။

အခု ကျနော်နေတဲ့ လန်ဒန်မြို့ လေးဟာ ဆောင်းရာသီရဲ့  နှိပ်စက်မှုဒဏ်ကို ရေရေလည်လည်ခံစားနေရရှာပါပြီ။
အရာအားလုံးကို အေးစက်မှုအောက်မှာ လက်မြောက်အရှုံးပေးနေကြပြီ။
သက်ရှိမဟုတ်တဲ့ အရာတွေတောင် အပြင်းအထန်ခံစားနေရရင် သက်ရှိဖြစ်တဲ့ ကျနော်တို့လို လူသားတွေအဖို့ စဉ်းစားလို့သာ ကြည့်ကြပေတော့။
အေးတယ်။ ချမ်းတယ်။ နဲနဲလေး မဟုတ်ဘူး။ တကယ်စိတ်ပျက်လောက်အောင်ကို အေးခဲနေတာ။
အပူဒီဂရီကလဲ မိုင်းနပ်အောက် အတော်လေးရောက်နေတယ်။
အိမ်အတွင်းမှာ အပူပေးစက်တွေ ဖွင့်ထားရတယ်။

ဆောင်းကို ၀င်ခဲ့ပါပြီ။ ဆောင်းမှ ဒီဇင်ဘာဆောင်းပါ။ သီချင်းထဲကလိုတော့ သဇင်လဲပွင့်တာ မတွေ့ရပါဘူး။
နှင်းတွေကျတာလဲ မမြင်ရပါဘူး။ အခုလောလောဆယ်ဆယ်တော့ တစ်နေ့လုံး မိုးတွေတစ်ဖွဲဖွဲရွာနေတယ်။
လွန်ခဲ့တဲ့ လပြည့်နေ့က လမင်းကြီး ကမ္ဘာနှင့်အတော်နီးကပ်လာလို့ မိုးများလာတာလဲ ဖြစ်နိုင်ပါတယ်။
မိုးမပြတ်ရွာနေတယ်။ ယူကေရဲ့  တစ်ချို့ နေရာတွေမှာဆို ရေတွေတောင်ကြီးတယ်တဲ့။

ချမ်းအေးလို့ စိတ်ညစ်နေရတဲ့အထဲ လေကခပ်ထန်ထန် မိုးကတစ်ဖွဲဖွဲဆိုတော့ တကယ်ညစ်တယ်ဗျာ။
ရေခဲမှတ်အောက်ရောက်နေတဲ့ အအေးလွန်ကဲမှုကြောင့် အေးစိမ့်နေအောင်ခံစားနေရတာတောင် အားမရသေးဘဲ လေအေးတွေကလဲ တလစပ်တိုက်ခတ်နှိပ်စက်နေလိုက်သေးတယ်။

ဆောင်းအမီ.... ရောက်အောင်သာပြန်ခဲ့....... မောင့်ဆီ.... လို့ အော်ဟစ်ပေါက်ကွဲရတော့မလိုတောင်ဖြစ်နေပြီ။

ဆောင်းရောက်ရင်ဖော်မစုံသူတွေ (ကျနော် အပါအ၀င်) အဖို့ကတော့ တကယ့်သနားစရာပါ။
သစ်ပင်တွေလဲ သူတို့ရဲ့  အရွက်ကလေးတွေကို ပင်စည်ထဲ သိမ်းထားလိုက်ကြပြီ။
ပန်းပင်ကလေးများလဲ သူတို့ရဲ့  အဖူးအပွင့်လေးတွေကို သူတို့ရင်ဘတ်ထဲ ကွယ်ဝှက်ထားလိုက်ကြပြီ။
ခိုငှက်ကလေးတွေလဲ ကြင်သူသက်လျာလေးတွေနှင့်အနွေးဓါတ်ကို ရှာဖွေနေကြပြီ။
တောခွေးကလေးတွေလဲ မိသားစုနှင့်အတူ နွေးနွေးထွေးထွေး။
စာကလေးတွေကလဲ သူတို့ရဲ့  ပါတနာလေးများနှင့်တ၀ါးဝါး တဟားဟား။
ယုတ်စွအဆုံး ကြွက်ကလေးတွေတောင် တွင်းအောင်းပြီး သူတို့အဖော်လေးတွေနဲ့ ၀ိုင်းဖွဲ့နေကြလေရဲ့ ။
ကျနော်ကတော့ ဂွမ်းကပ်စောင်ထူထူကြီးခြုံလို့ အနွေးဓါတ်ကို မွေးမြူရတော့တာပေါ့ဗျာ။
သူတို့လိုမှ အဆင်မပြေတာကိုး။

ဆောင်းရယ်... မြန်မြန်ကျွတ်ပါတော့။
ဒါမှမဟုတ်......???